【 ပြည်တွင်း 】 မြောက်ဥက္ကလာပမြို့နယ်နဲ့ ဒေါပုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 မြောက်ဥက္ကလာပမြို့နယ်နဲ့ ဒေါပုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၂၁ 
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြောက်ဥက္ကလာပမြို့နယ်နဲ့ ဒေါပုံမြို့နယ်တို့မှာ မတ်လ (၂၀) ရက်နေ့ တစ်ရက်တည်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC MYANMAR ကနေ သိရပါတယ်။
 
ဖြစ်စဉ်အရ မတ်လ ၂၀ ရက်နေ့မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့၀င်တွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ခ) ရပ်ကွက်၊ မြရတနာ (၅) လမ်းရှိ လှမိုး(ခ)မိုးကြီး မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေတဲ့အခါ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၄၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၁၀၄ သိန်း) နဲ့ လက်ကိုင်ဖုန်း (၁) လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးရမိသည့် လှမိုး(ခ)မိုးကြီး (၄၆) နှစ်ကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တွေကို ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
 
ထို့အပြင် မတ်လ (၂၀) ရက်နေ့မှာပဲ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းနေ မဝင်းဝင်းမြင့်(ခ)မိတုတ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၁၃၀) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
 
အဆိုပါဖမ်းဆီးရမိသည့် မဝင်းဝင်းမြင့်(ခ)မိတုတ် (၄၃) နှစ်ကို ဒေါပုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
 
ရဲထက်