【 ပြည်တွင်း 】 ရွှေစာရံဘုရားပွဲတော်ကာလအတွင်း ငှက်လှေတွေ စီးနိုင်အောင် စီစဉ်ပေးထား

【 ပြည်တွင်း 】 ရွှေစာရံဘုရားပွဲတော်ကာလအတွင်း ငှက်လှေတွေ စီးနိုင်အောင် စီစဉ်ပေးထား

မန္တလေး၊ မတ် - ၂၀

ရွှေစာရံဘုရားပွဲတော်ကာလအတွင်း ဒုဋ္ဌဝတီမြစ်ထဲမှာ စက်တပ်လှေငယ် (ငှက်လှေ) တွေ အပျော်စီးနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ဘုရားဂေါပကအဖွဲ့ဆီကနေ သိရပါတယ်။

“အပျော်စီးချင်သူက အပျော်စီးကြပေါ့၊ တချို့လည်း ရွှေစာရံဆိပ်ကနေ နားဋောင်းကျဘုရားကို ငှက် (စက်တပ်လှေငယ်) နဲ့ သွားကြတာတွေရှိတော့ ဒါတွေအားလုံးအတွက် စီစဉ်ပေးထားတယ်” လို့ ငှက်လှေသမားတစ်ဦးက ပြောပါတယ်။

တစ်စီးမှာ လူငါးယောက်ကနေ ရှစ်ယောက်လောက်အထိ ကောင်းကောင်းထိုင်စီးနိုင်တဲ့ စက်တပ်လှေငယ်တွေနဲ့ အပျော်စီးခရီးစဉ်တစ်ခုအဖြစ် စီစဉ်ပေးထားတာဖြစ်ပြီး အစီးရေငါးဆယ်ဝန်းကျင်ရှိမှာလို့ သိရပါတယ်။

“အခုလောလောဆယ်တော့ အသွား၊ အပြန် (ရွှေစာရံဘုရားမှ နားဋောင်းကျဘုရား) စီးနေကြတာတွေရှိတယ်။တစ်ဘက်ကမ်းက အပန်းဖြေစခန်းတွေဆီ သွားလည်ကြတာတွေရှိတယ်။လှေစီးခက လူအပြည့်ဆို ရှစ်ထောင် (ကျပ်) လောက် ကျတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အထက်မြန်မာပြည် မန္တလေးမြို့ရဲ့ အထင်ကရဘုရားပွဲတော်တစ်ခုဖြစ်တဲ့ သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို လာမယ့် မတ်လ ၂၄ ရက်နေ့ (တပေါင်းလပြည့်) ကနေ တပေါင်းလပြည့်ကျော် ၉ ရက် (ဧပြီလ ၂ ရက်နေ့) အထိ ၁၀ ရက်တိုင်အောင် ကျင်းပသွားမှာဖြစ်ပေမယ့်လည်း အခုရက်ပိုင်းကတည်းက လူကြိတ်ကြိတ်တိုး စည်ကားနေတယ်လို့ သိရပါတယ်။

ရွှေစာရံဘုရားကို မြန်မာနှစ် ၄၁၆ ခုနှစ်က ပုဂံဘုရင် အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ စောမွန်လှဆိုသူက သူ့ရဲ့ မြနားဋောင်းကို ဌာပနာထည့်သွင်းပြီး တည်ခဲ့တာပါ။

နားဋောင်း ကောင်းကင်ယံ ဝဲပျံခိုက်မှာ၊ စာပုတီးငှက်တွေ ဝန်းရံပျံသန်းနေတာကို အစွဲပြုပြီး ရွှေစာရံဘုရားလို့ ခေါ်တွင်တာလို့ သိရပါတယ်။

ရွှေစာရံဘုရားက၊ မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီး ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှာ တည်ရှိတာဖြစ်ပြီး၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းအတိုင်း အုန်းချောလမ်းဆုံမီးပွိုင့်ကတစ်ဆင့် သွားရတာလည်းဖြစ်ပါတယ်။

ဖြူလုံး