【 ပြည်တွင်း 】 လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေး ကျုံးဘေးက သင်္ကြန်မုခ်ဦး ပြိုကျ

【 ပြည်တွင်း 】 လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေး ကျုံးဘေးက သင်္ကြန်မုခ်ဦး ပြိုကျ

မန္တလေး၊ ဧပြီ - ၈

မန္တလေးမြို့မှာ ယမန်နေ့ညက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ကျုံးဘေး ဆောက်လက်စ သင်္ကြန်မုခ်ဦးဆိုင်းဘုတ် ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လေက ရုတ်တရက် ဆောင့်တိုက်လိုက်တော့ မုခ်ဦးက လဲကျသွားတာ၊ လေက အတော်လေးကြမ်းတယ်၊ လေတိုက်ချိန် စက္ကန့်ပိုင်းလေးလောက်နဲ့ ဖြစ်သွားတာ” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ယမန်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တာပါ။

မန္တလေးမြို့၊ ၂၆ လမ်းနဲ့ ၇၃ လမ်းမီးပွိုင့်မှာ နှစ်စဉ်ဆောက်လုပ်နေကျဖြစ်တဲ့ လမ်းလျှောက်သင်္ကြန်အဝင် မုခ်ဦးဆိုင်းဘုတ် ပြိုကျခဲ့တာဖြစ်ပြီး၊ မုခ်ဦးပြိုကျမှုကြောင့် အောက်မှာရှိနေတဲ့ အိမ်စီးကားနှစ်စီးပေါ် သံတိုင်တွေပိမိပြီး ကားနှစ်စီးပါ ပျက်စီးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“မုခ်ဦးပြိုကျပြီး ရပ်ထားတဲ့ အိမ်စီးကားနှစ်စီးပေါ် ပိမိတယ်၊ သင်္ကြန်မဏ္ဍပ်တချို့ အနည်းငယ်ပျက်စီးမှုဖြစ်တာကလွဲပြီး တခြားကြီးကြီးမားမားထိခိုက်တာ မရှိပါဘူး” လို့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

ယမန်နေ့ညက မန္တလေးမြို့ နေရာအနှံ့အပြားမှာ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး လမ်းဘေးသစ်ပင်ကြီးတချို့နဲ့ ဓာတ်မီးတိုင်တချို့ လဲကျရာမှ လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဖြူလုံး
Photo - လူမှုကွန်ရက်