【 ပြည်တွင်း 】 အယ်လ်နီညို ပြီးဆုံးကာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိပေမယ့် ပူပြင်းခြောက်သွေ့မှုဒဏ် ဆက်လက်ကြုံတွေ့နိုင်

【 ပြည်တွင်း 】 အယ်လ်နီညို ပြီးဆုံးကာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိပေမယ့် ပူပြင်းခြောက်သွေ့မှုဒဏ် ဆက်လက်ကြုံတွေ့နိုင်

ရန်ကုန်၊ ဧပြီ - ၂၆

အယ်လ်နီညိုမှာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိသွားပေမယ့်  မြန်မာနိုင်ငံအပါအဝင်  အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လာမယ့် ဧပြီလ ၂၇ ရက်နေ့ကနေ  ၃၀ ရက်အတွင်း ပူပြင်းခြောက်သွေ့မှုဒဏ်ကို သိသိသာသာ  ကြုံတွေလာနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

ဧပြီလ ၂၇ ရက်နေ့ကနေ ၃၀ ရက်အတွင်း ပူပြင်းခြောက်သွေ့မှုဒဏ်ကို သိသိသာသာ ခံစားရလာနိုင်တဲ့ နေရာတွေက မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပြီး အပူဒဏ်ကို သိသိသာသာ ခံစားရနိုင်ကြောင်း  မိုးလေဝသပညာရှင်တစ်ဦးက ခန့်မှန်းပြောဆိုထားပါတယ်။

အခုနှစ် နွေရာသီအနေနဲ့ မေလ ၁၉ ရက်နေ့လောက်ထိ အပူရက်ရှည်နိုင်ပြီး မုတ်သုံလေဝင်ရောက်နိုင်မှုဟာလည်း အဝင်နောက်ကျနိုင်သလို လာမယ့် မိုးရာသီအခြေအနေကလည်း မိုးကြိုမိုးဖွဲလေးတွေလောက် ရွာနိုင်ပြီး မိုးဦးညံ့မယ့်အနေအထားမှာ ရှိနေနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့မိုးလေဝသစောင့်ကြည့်ရေးစင်တာနဲ့ အိန္ဒိယမိုးလေဝသစင်တာတို့ရဲ့ ခန့်မှန်းပြောဆိုထားချက်အရ မုတ်သုံမိုးဦး နောက်ကျနိုင်ပြီး အခုနှစ်ရဲ့ မုတ်သုန်မိုးဦးဟာ မြန်မာပြည်အောက်ပိုင်းဒေသ မေလကုန် ဇွန်လဆန်းရက်အတွင်း၊ မြန်မာပြည် အလယ်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့ပိုင်း ဒေသများတွင် ဇွန်လ ဒုတိယအပတ်အတွင်းနှင့် အထက်ပိုင်းဒေသတွေမှာ ဇွန်လ တတိယအပတ်အတွင်း စတင်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင်ဒေသအလိုက် အပူချိန်မြင့်တက်မှုတွေကြောင့် ထစ်ချုန်းမိုးရွာတာတွေ၊ မိုးကြိုးလျှပ်စီးနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ မုတ်သုန်ကြိုမိုးအဖြစ် မုတ်သုန်မိုးမလာခင် ဖြစ်ပေါ်လာနိုင်ပြီး တောင်သူတွေ မိမိဒေသအလိုက် သီးနှံစိုက်ပျိုးမယ့်ရက်ကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုတယ်လို့ ခန့်မှန်းထားကြပါတယ်။

နေနေ