【 ပြည်တွင်း 】 ၁၁ လအတွင်း တရားဝင် ပြည်ပထွက် အလုပ်-လုပ်သည့် မြန်မာလုပ်သား ၁၆၀,၀၀၀ ကျော်ရှိ

【 ပြည်တွင်း 】 ၁၁ လအတွင်း တရားဝင် ပြည်ပထွက် အလုပ်-လုပ်သည့် မြန်မာလုပ်သား ၁၆၀,၀၀၀ ကျော်ရှိ

ရန်ကုန်၊ မတ် - ၂၈

လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သား စေလွှတ်မှုတွင် စုစုပေါင်း လူဦးရေ ၁၆၀,၀၀၀ ကျော်ရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေကတစ်ဆင့် ပြည်ပနိုင်ငံအသီးသီးသို့ စေလွှတ်ခဲ့တဲ့ လုပ်သားစာရင်းမှာ ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပါတယ်။

အဆိုပါထုတ်ပြန်ချက်စာရင်းတွေအရ ယခုနှစ်ဆန်းဖြစ်တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ လုပ်သားစေလွှတ်နိုင်မှု မြင့်တက်လာပြီး တစ်လကို အလုပ်သမား ၂ သောင်းနီးပါးအထိ စေလွှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိကာလ ပြည်ပသို့ လုပ်သားစေလွှတ်မှုတွင် ထိုင်းနိုင်ငံကို အများဆုံးဖြစ်ပြီး တစ်လကို ပျမ်းမျှ ဦးရေ ၁၀,၀၀၀ နီးပါးရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအပြင် မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဒူဘိုင်း စသည့် နိုင်ငံများသို့လည်း သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

လင်းလင်း