【 ပြည်တွင်း 】 ၁၂ ဘီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျပြီး ယာဉ်မောင်းသေဆုံး

【 ပြည်တွင်း 】 ၁၂ ဘီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျပြီး ယာဉ်မောင်းသေဆုံး

မန္တလေး၊ မတ် - ၂၂

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်-ထုံးဘို ကားလမ်း၊ ဆောက်တောဝကျေးရွာအနီးမှာ ယမန်နေ့ည ၈ နာရီ ကျော်လောက်က ၁၂ ဘီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ရေမြောင်းထဲ ထိုးကျလို့ ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက် ဒဏ်ရာရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

“အဲဒီနားမှာ ကွေ့တစ်ခုရှိတယ်၊ ကွေ့မှာ ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆွဲချသွားတယ်လို့ ယူဆရတယ်၊ ကားသမား (ယာဉ်မောင်း) က ခေါင်းခန်းထဲညပ်ပြီး သေတယ်၊ နောက်တစ်ယောက် (ယာဉ်နောက်လိုက်) က ဒဏ်ရာပဲရတယ်၊ Myanmar Rescue မန္တလေးတိုင်းရုံးနဲ့ ညီနောင်အသင်းနှစ်သင်းက အစအဆုံးသွားလုပ်ပေးခဲ့တယ်” လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

အခင်းဖြစ်နေရာကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေးယာဉ်နဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ကားခေါင်းခန်းထဲညပ်နေတဲ့ ယာဉ်မောင်းရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

ယာဉ်မောင်းရဲ့ ရုပ်အလောင်းကို ထာဝရတွဲလက်များ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရ ယာဉ်နောက်လိုက်ကိုတော့ လောကပါလလူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီး အရေးပေါ်ကုသဆောင်ဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း မန္တလေးတစ်ဘက်ကမ်းက စစ်ကိုင်းတံတား (ဧရာဝတီမြစ်ကူးတံတား ရတနာပုံ) အတက်လမ်းမှာ Toyota Hilux Vigo ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ကို ဝင်တိုက်ရာကနေ ၁၀ ပေလောက်အနက်ရှိတဲ့ လမ်းဘေးချောက်ထဲ တိမ်းမှောက်မှုဖြစ်ခဲ့ပါသေးတယ်။

အဲဒီဖြစ်စဉ်မှာတော့ ယာဉ်မောင်းနဲ့ ဆိုင်ကယ်စီးလာသူတို့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေလောက်ပဲ ရခဲ့ကြပါတယ်။

ဖြူလုံး
Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)