【 ပြည်တွင်း 】ပြည်တွင်းပဲစျေးကွက်အတွင်း မတ်ပဲနဲ့ ပဲစင်းငုံများ စျေးအနည်းငယ်မြင့်လာ

【 ပြည်တွင်း 】ပြည်တွင်းပဲစျေးကွက်အတွင်း မတ်ပဲနဲ့ ပဲစင်းငုံများ စျေးအနည်းငယ်မြင့်လာ

မြန်မာနိုင်ငံမှာ ထွက်ရှိတဲ့  မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက ထပ်မံဝယ်ယူသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပြီးနောက် ပြည်တွင်းမှာရှိတဲ့ပဲမျိုးစုံစျေးကွက်ထဲမှာ မတ်ပဲနဲ့  ပဲစင်းငုံစျေးနှုန်းတွေဟာ ပြန်လည်မြင့်တက်တယ်လို့  ပဲကုန်သည်များထံက သိရပါတယ်။

မြန်မာနိုင်ငံမှထွက်ရှိတဲ့  မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့  ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို  ၅ နှစ်ဆက်တိုက် နှစ်စဉ်ဝယ်ယူသွားမှာ ဖြစ်တယ်လို့   အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်၊ ရက်စွဲနဲ့ အတည်ပြုထုတ်ပြန်ပြီးတဲ့နောက်မှာ လက်ရှိကာလအထိ မြန်မာ့ ပဲမျိုးစုံစျေးကွက်ထဲ မတ်ပဲနဲ့ ပဲစင်းငုံစျေးနှုန်းတွေက  ပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိစာရင်းများအရ ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ မတ်ပဲတစ်တန်ကို အမေရိကန်ဒေါ်လာ ၈၈၅ ဒေါ်လာအထိရှိနေပြီး ပဲစင်းငုံ တစ်တန်ကို ၈၂၀ ဒေါ်လာအထိ စျေးဖြစ်နေသလို ယခင်အခြေအနေတွေကထက် စျေးအနည်းငယ်ပြန်လည် မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

“အိန္ဒိယက မတ်ပဲနဲ့ ပံစင်းငုံကို ပြန်ဝယ်တယ်လို့ ထုတ်ပြန်ပြန်ပြီးတဲ့နောက် မတ်ပဲနဲ့ ပဲစင်းငုံစျေးက တဖြည်းဖြည်းချင်း တက်လာတယ်၊ အခုဆို မတ်ပဲတစ်တင်းကို အရင်ကထက် ငွေ ၃၀၀၀ နှုန်းလောက် စျေးတက်လာတယ်၊ ပဲစင်းငုံဆိုလည်း စျေးတက်လာတယ်”လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ  ပဲဝယ်ယူရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံ MOU ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လတည်းက လက်မှတ်ရေးထိုးထားခဲ့ကြတာဖြစ်ပြီး အခုအခါမှာ အိန္ဒိယနိုင်ငံဘက်က ပဲတင်သွင်းခွင့် သတ်မှတ်ချက်ပမာဏ အသေးစိတ်တွေကို တရားဝင်ထပ်မံ ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပဲမျိုးစုံ ၁၈ မျိုးကိုနှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်း ခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း၊ ကုလားပဲ ၈ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁