【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နျူကလီးယားစစ် ရုရှားလက်ယပ်ခေါ်နေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နျူကလီးယားစစ် ရုရှားလက်ယပ်ခေါ်နေပြီလား

ယခုတစ်ပတ်သတင်းတွေက ဖတ်ရသူတွေအတွက်သာမက ကမ္ဘာအတွက် ထိတ်လန့်စရာနေ့ရက်တွေကို ရောက်လာနေတာကို တွေ့ရပါတယ်။ယူကရိန်းကို ကန့်သတ်စစ်လောက်သာ ဆင်နွှဲမယ်လို့ထင်ထားတဲ့ ရုရှားရဲ့ စစ်ရေးအရ ကျူးကျော်မှုဟာ တကယ်စလာတဲ့အခါ နိုင်ငံတစ်ခုလုံးကို ကျူးကျော်သိမ်းပိုက်ဖို့အထိ လက်ရဲဇက်ရဲဖြစ်လာတဲ့အတွက် ကမ္ဘာဟာ ဟစ်တလာလို  ကမ္ဘာကိုထပ်ဖျက်ဆီးမယ့် စစ်ဘီလူးတစ်ဦးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါတယ်။

စစ်ရေးအရ အသာစီးယူပြီး အိမ်နီးချင်းနိုင်ငံအပေါ် သိမ်းဖို့ကြိုးစားခဲတဲ့ ရုရှားဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ ရုတ်တရက် ရုရှား နျူကလီးယားတပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့် တပ်လှန့်အမိန့်ပေးခဲ့ပါတယ်။ဒါဟာ ကြာသပတေးနေ့ကနေ စခဲ့တဲ့ ယူကရိန်းကိုကျုးကျော်မှုမှာ ထင်ထားသလိုမဟုတ်ဘဲ ရုရှား ဘယ်လောက်တောင်အထိနာနေပြီလဲဆိုတာ သိသာတဲ့အချက်ပြမှုလို့ နိုင်ငံတကာက သုံးသပ်မှုရှိခဲ့ပါတယ်။

ရုရှားဟာ နျူကလီးယားစစ်ကို လက်ယပ်ခေါ်နေပြီလား။ဒါဟာ ကမ္ဘာက မေးခွန်းထုတ်ရတော့မယ့်အချိန် ဆိုက်ရောက်လာပြီဖြစ်ပါတယ်။ကိုယ်ကျိုးအတ္တတစ်ခုအတွက် ဒီလိုနျူကလီးယားလက်နက်ကို စိတ်ထင်သလို အသုံးပြုခွင့်ရလောက်အောင် ရုရှားရဲ့ နျူကလီးယားအသုံးပြုမှုက တစ်ဦးတစ်ယောက်တည်းရဲ့ စိတ်ခံစားမှုပေါ်မှာ တည်ထားသလားဆိုတာ မတွေးဝံ့စရာပါ။ကမ္ဘာက တခြားနျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံတွေကကော ပူတင် လက်သရမ်းသမျှ ခွင့်ပြုမှာလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီတစ်ပတ်မှာ အခြားသော သတင်းတွေများစွာရှိပေမယ့် ကမ္ဘာနဲ့ဆိုင်တဲ့ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ စစ်ပွဲသတင်းတွေကသာ နိုင်ငံတကာသတင်းတွေကို ဖုံးနေတဲ့အတွက် ယခုရက်သတ္တပတ်မှာ ယူကရိန်းကို ရုရှားကျူးကျော်မှု ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို အဓိကသုံးသပ် ဖော်ပြချင်ပါတယ်။

     ကျူးကျော်ဖို့ မခိုင်လုံတဲ့ အကြောင်းပြမှု

ယူကရိန်းက နေတိုးအဖွဲ့ထဲဝင်ဖို့ ကြိုးစားတာကိုတားဖို့နဲ့ နေတိုးအဖွဲ့ တိုးချဲ့တာကို ရပ်တန့်ဖို့ဆိုတဲ့ မခိုင်လုံတဲ့အကြောင်းနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ဟာ မူလအကြောင်းပြချက်ဖြစ်တဲ့  ယူကရိန်းခွဲထွက်ဒေသတွေမှာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ဆိုတဲ့ ထွင်လုံးဟာ ယူကရိန်းကို စစ်ကြောင်းသုံးခုနဲ့ ထိုးဖောက်ဝင်လာချိန်မှာ ဖုံးထားသမျှ ကွာကျခဲ့ပါတယ်။အစောပိုင်းကတည်းက အမေရိကန်ထောက်လှမ်းရေးနဲ့ ဂြိဟ်တုတွေကနေရတဲ့ သတင်းတွေမှာ ရုရှားဟာ ယူကရိန်းကို ကျူးကျော်ဖို့ အသေအချာပြင်နေတယ်လို့ သတိပေးခဲ့ပါတယ်။ဒါပေမဲ့ နိုင်ငံတကာက လျှော့ပေါ့တွက်ဆခဲ့ပါတယ်။အများဆုံးအနေနဲ့ ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘတ်စ်နဲ့ လူဟန်နက်ခ်လောက်သာဝင်ပြီး ယခင် ခရိုင်းမီးယားကို သိမ်းသလောက်ပဲ ကန့်သတ်သိမ်းမယ် ထင်ထားခဲ့ကြပါတယ်။ယူကရိန်းနိုင်ငံတစ်ခုလုံး သိမ်းရလောက်အောင် ခေတ်သစ်ကမ္ဘာမှာ ပူတင် ဒီလောက်ထိဉာဏ်တုံးမယ်လို့ မထင်ထားခဲ့ပါဘူး။   

ဒါပေမဲ့ တကယ်ကျူးကျော်ဝင်ရောက်လာတဲ့အခါ နိုင်ငံတစ်နိုင်ငံကိုသိမ်းယူဖို့၊ မြို့တော်ကိဗ်ကို သိမ်းယူဖို့အထိ ရည်မှန်းပြီး ယူကရိန်းရဲ့အရှေ့ပိုင်း၊ ခရိုင်းမီးယားနဲ့ ဘီလာရုစ် စတဲ့ မြောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက်ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဖောက်ဝင်လာခဲ့ပါတယ်။ကြာသပတေးနေ့မှာ စတင်အမိန့်ပေးပြီးပြီးချင်းမှာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ရုရှားက ဖျက်ဆီးခဲ့ပါတယ်။

တစ်လျှောက်လုံး ယူကရိန်းကို မကျူးကျော်ဘူးလို ငြင်းပယ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ဟာ ကိုယ်တံတွေးကိုယ်မျိုပြီး ဝင်တိုက်ခဲ့လို့  ကမ္ဘာ့နိုင်ငံအလယ်မှာ သိက္ခာမဲ့တဲ့ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် သမိုင်းမှတ်တမ်းဆိုးခဲ့ရပြီး ဒီအကျိုးဆက်အဖြစ် နိုင်ငံတကာက ရုရှားကျူးကျော်မှုကို တစ်ခါမှမကြုံရဖူးတဲ့ တုံ့ပြန်မှုတွေနဲ့ ၀ိုင်းကျဉ်ခဲ့ကြပါတယ်။ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကျူးကျော်မှုကို အထူးစစ်ဆင်ရေးအဖြစ် အသံကောင်းဟစ်ခဲ့သလို ဒီကျူးကျော်မှုကို တခြားနိုင်ငံတွေဝင်စွက်ရင် ဆိုးဆိုးရွားရွား တုံ့ပြန်ခံရမယ်ဆိုပြီး  ဖေဖော်ဝါရီ ၂၄ ရက် မနက်စောစောမှာ နိုင်ငံတော်ကို ရုပ်သံကနေ ပြောခဲ့ပါတယ်။ပူတင်ရဲ့ မိန့်ခွန်းမှာ ယူကရိန်းကျူးကျော်မှုအဖြစ်  နေတိုးအဖွဲ့ဝင်ဖြစ်လာရေးကို တားမြစ်ဖို့နဲ့ မော်စကိုကို လုံခြုံရေးအာမခံချက်ပေးဖို့ ရုရှားရဲ့ တောင်းဆိုချက်ကို အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေက လျစ်လျူရှုခဲ့လို့ဆိုပြီး လွှဲချခဲ့ပါတယ်။အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ဒီစစ်ပွဲဟာ ရုရှားသမ္မတ ပူတင်ရဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ စစ်ပွဲကြီးပါလို့ ဝေဖန်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကဝင်တိုက်တာနဲ့ အမေရိကန်အပါအဝင် ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေ၊ ကမ္ဘာ့နိုင်ငံတွေက ရုရှားကို  တညီတညွတ်တည်း ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ ပြင်ဆင်ကြပါတယ်။ကျူးကျော်တိုက်ခိုက်ခံရတဲ့ ယူကရိန်းသမ္မတကတော့ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေးကြေညာကာ ပြည်သူတွေမကြောက်ကြဖို့ပြောခဲ့ပြီး ပြည်သူတွေကို လက်နက်တပ်ဆင်ဖို့၊ အမိနိုင်ငံကိုကာကွယ်ဖို့ နိုင်ငံသားတွေကို လက်နက်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

     ရုရှားစစ်ဦး ထင်သလိုမဟုတ်ခဲ့

လေယာဉ်ကွင်းတွေ၊ စစ်တန်းလျားတွေ၊ ကုန်လှောင်ရုံတွေအပါအဝင် ယူကရိန်းစစ်ဖက်ဆိုင်ရာနေရာတွေကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်မှတ်ထားတဲ့ ရုရှားရဲ့ ကနဦးစစ်ဆင်ရေးမှာ တာတိုပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၁၀၀ ကျော်အပြင်၊ တာလတ်ပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေ၊ ခရုဇ်မစ်ဇိုင်းဒုံးတွေ၊ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးတွေ ပါဝင်ပါတယ်။ဒါပေမဲ့ ယူကရိန်းပြည်သူတွေက လက်လုပ်ဗုံးတွေ၊ အသေခံတံတားခွဲတာတွေ၊ ပျောက်ကြားစစ်တွေနဲ့ ရုရှားထိုးစစ်ဝင်ရာလမ်းကို ရသလိုတားဆီးခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို တကယ်ကျူးကျော်စစ်ဆင်နွှဲတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေ တက်သုတ်ရိုက်ထုတ်ပြန်ချက်တွေ၊ ပိတ်ဆို့မှုတွေ၊ အစည်းအဝေးခေါ်မှုတွေ လုပ်ခဲ့ရပါတယ်။အမေရိကန်သမ္မတက ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားစီးပွားရေး အထိနာစေမယ့် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံချမှတ်သွားမယ်လို့ စတင်တိုက်ခိုက်တဲ့နေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ရုရှားနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အိန္ဒိယက လုံခြုံရေးအတွက် အစိုးရအစည်းအဝေးကို အားချင်းခေါ်ခဲ့သလို တရုတ်ကလည်း ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုအပေါ် သတိထားပြီး တုံ့ပြန်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ရှားတောင့်ရှားခဲ အီတလီနိုင်ငံ ရောမမြို့တော်မှာရှိတဲ့ ရုရှားသံရုံးကို ပုဂ္ဂိုလ်ရေးအရ သွားရောက်ပြီး ယူကရိန်းက စစ်ပွဲနဲ့ပတ်သက်လို့ သူ့ရဲ့စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ပါတယ်။ဥရောပကောင်စီကတော့  ရုရှားနိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ အားချင်းထုတ်ပယ်ခဲ့ပါတယ်။

ယူကရိန်းမှာ စစ်ဆင်ရေးစတင်ပြီလို့ ကြေညာအပြီး ဒုတိယမြောက်နေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ ယူကရိန်းမြို့တော် ကိဗ်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရသလို၊ ယူကရိန်းပြည်သူအများအပြား အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံရပါတယ်။

ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးကနေ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ငွေကြေး၊ ဘဏ်စာရင်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်ဖို့၊ ရုရှားဘဏ်တွေ၊ ရေနံသန့်စင်လုပ်ငန်းတွေနဲ့ ကာကွယ်ရေးဆိုင်ရာကိစ္စတွေကို အရေးယူဖို့ တညီတညွတ်ထဲ ဆုံးဖြတ်သလို ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗက်ဗရော့တို့ကို ငွေကြေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံလုပ်ဆောင်ဖို့ အမေရိကန်အစိုးရက ကြေညာပါတယ်။ဒါ့အပြင် ရုရှားကို SWIFT နိုင်ငံတကာဘဏ်နဲ့ ငွေလွှဲစနစ်ထဲကနေ ထုတ်ပစ်ဖို့ ဖြစ်လာပါတယ်။

ဒီအချိန်မှာ ယူကရိန်းမှာ ရုရှားထိုးစစ်ကြောင့် အခြေအနေဆိုးရွားလာလို့ ရုရှားဘက်က ယူကရိန်းသမ္မတ ပြည်ပထွက်ပြေးသွားပြီဆိုပြီး သတင်းတွေ ထုတ်လွှင့်ခဲ့ပါတယ်။ယူကရိန်းသမ္မတက လုံခြုံရေးအရ စိုးရိမ်ရတဲ့ အနေအထားမှာတောင် ကိဗ်မြို့ကနေ မစွန့်ခွာဘဲ မြို့တော် ကိဗ်မှာပဲ သူဆက်လက်ရှိနေတယ်ဆိုတဲ့အကြောင်း ဗွီဒီယိုကတစ်ဆင့် ဖေဖော်ဝါရီလ ၂၅ ရက် သောကြာနေ့ညက သတင်းစကားပါးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကိဗ်ကိုသိမ်းဖို့ ရုရှားရဲ့ လျင်လျင်မြန်မြန် ထိုးစစ်ဆင်မှုဟာ ယူကရိန်းဘက်က ခုခံမှုတွေကြောင့်‌ ထင်သလို မမြန်ဆန်ခဲ့ပါဘူး။ဒါကြောင့် ယူကရိန်းအစိုးရကိုဖြုတ်ချဖို့ ယူကရိန်းစစ်တပ်ကို ပူတင် က တိုက်တွန်းခဲ့ရသလို လက်နက်ချရင် ဆွေးနွေးညှိုနှိုင်းမယ်ဆိုပြီး စျေးဆစ်မှုတွေ စခဲ့ပါတယ်။စစ်ပွဲ နှစ်ရက်မြောက်မှာ ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေရဲ့ ခုခံမှုကြောင့် ထင်သလောက်အသာစီးမရဘဲ အရှိန်အဟုန်လျော့ကျလာတယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြောခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်လို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက်မှာပဲ ခေါ်ယူခဲ့ပြီး အမေရိကန်နဲ့ အယ်လ်ဘေးနီးယားနိုင်ငံတို့ ပူးတွဲကမကထပြုပြီးရေးဆွဲတဲ့ ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချပြီး ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ဆုံးဖြတ်ချက် မူကြမ်းကို မဲခွဲခဲ့ပါတယ်။မဲခွဲရာမှာ ၁၁ နိုင်ငံက ထောက်ခံမဲပေးပြီး တရုတ်၊ အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က မဲမပေးခဲ့ပါဘူး။ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို  နောက်တစ်ရက် ဖေဖော်ဝါရီ ၂၆ ရက်မှာ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

     ယူကရိန်းသမ္မတရဲ့ ရပ်တည်မှု

တရစပ်ဝင်လာတဲ့ ရုရှားတပ်တွေကို ခုခံနေရတဲ့ မြို့တော် ကိဗ်မှာရှိတဲ့ သူ့ရုံးကနေ ယူကရိန်းသမ္မတ ဇီလန်စကီး က မိန့်ခွန်းပြောခဲ့ပါတယ်။ရုရှားကျူးကျော်မှုကို ဥရောပခေါင်းဆောင်တွေက အလျင်အမြန်ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင် သိပ်နောက်ကျသွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်ရဲ့ ကမ်းလှမ်းချက်ဖြစ်တဲ့ မြို့တော်ကနေ ကယ်ထုတ်မယ်ဆိုတာကို ပယ်ချခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီး က "တိုက်ပွဲက ဒီမှာပဲ။ကျွန်တော်လိုတာ လက်နက်ခဲယမ်းပါ" လို့ မဟာမိတ်အနောက်နိုင်ငံတွေကို ပြောခဲ့ပါတယ်။ဒီစကားက နိုင်ငံတကာမီဒီယာတွေမှာ သမ္မတတစ်ဦးရဲ့ အကောင်းဆုံး‌ရပ်တည်ချက်ဖြစ်သလို ပြည်တွင်းက ယူကရိန်းပြည်သူတွေအတွက်ပါ အားဖြစ်ခဲ့ပါတယ်။ဒါကြောင့် ယူကရိန်းပြည်သူတွေရဲ့ တညီတညွတ်ခုခံမှုက ပိုအားကောင်းလာတာကိုတွေ့ရပြီး အလှည့်အပြောင်းတွေ ဖြစ်လာပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာ ရုရှားက ယူကရိန်းရဲ့ မြို့တစ်မြို့ကို ပထမဆုံး သိမ်းပိုက်ခဲ့ပါတယ်။ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့ထဲ ရုရှားတပ်ဖွဲ့တွေ ဝင်လာပါတယ်။ယူကရိန်းမြို့တော် ကိဗ်ကိုသိမ်းပိုက်နိုင်ရေး ရုရှားတပ်ဖွဲ့များ ဘက်ပေါင်းစုံမှ တိုက်စစ်အရှိန်မြှင့်တင်နေစဉ်မှာပဲ ပြင်သစ်က ယူကရိန်းသို့ စစ်လက်နက်ခဲယမ်းများ ထပ်မံပို့ဆောင်ခဲ့သလို ပြင်သစ်မှာရှိတဲ့  ရုရှားလူချမ်းသာများ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ဖို့ ပြင်ဆင်လာပါတယ်။ဗြိတိန်၊ ချက်၊ ဘူလ်ဂေးရီးယား၊ ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗီးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် အက်စ်တိုးနီးယားနိုင်ငံတွေက သူတို့လေကြောင်းပိုင်နက်ကို ရုရှားလေယာဉ်တွေ ပျံသန်းခွင့် ပိတ်ချခဲ့ပါတယ်။ရုရှားကလည်း အဆိုပါနိုင်ငံတွေက လေကြောင်းလိုင်းတွေကို ပြန်ပိတ်ခဲ့ပါတယ်။

စစ်ရေးသတင်းတွေက အမျိုးမျိုးထွက်နေပေမယ့်‌ မြေပြင်မှာ ရုရှားတပ်တွေဟာ ယူကရိန်းအရပ်သားတွေရဲ့ တိုက်ခိုက်မှုကြောင့် အတော်အထိနာပြီး ရှေ့ဆက်မတိုးနိုင်တာ၊ နယ်စပ်ကနေ ယူကရိန်းနိုင်ငံအတွင်း မိုင် ၂၅၀ လောက် ဝင်လာတဲ့အတွက် ထောက်ပို့စနစ် ဖြတ်တောက်ခံရတာတွေကြောင့် နှေးကွေးလာခဲ့ပါတယ်။ကိဗ်ကို လာရာလမ်းမှာ စက်သုံးဆီမရှိလို့ ရပ်ထားရတဲ့ ရုရှားတင့်ကားတွေ အများအပြားတွေ့နေရသလို  စစ်ယာဉ်တွေကို စွန့်ခွာထွက်ပြေးတဲ့ ရုရှားတပ်သားတွေလည်း ရှိလာပါတယ်။ဖေဖော်ဝါရီ ၂၇ ရက်မှာ မြို့တော် ကိဗ်ကို ယူကရိန်းတပ်ဖွဲ့များနှင့် ခုခံကာကွယ်နေသူများက ဆက်လက်ထိန်းချုပ်ထားနိုင်လို ပူတင် မျှော်မှန်းထားသလို မြန်မြန်ဆန်ဆန်သိမ်းပြီး ရုရှားလိုလားတဲ့ အစိုးရတင်ထားခဲ့မယ်ဆိုတဲ့ ပူတင်ရဲ့ အိမ်မက်ပူဖောင်းက ပေါက်ကွဲထွက်ဖို့ များလာပါတယ်။ တစ်ချိန်တည်းမှာ နိုင်ငံတကာအခြေအနေက ပြောင်းလဲလာပြီး အမေရိကန်နဲ့ အနောက်အုပ်စု၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းတောင်းဆိုတဲ့ လက်နက်ထောက်ပံ့မှုကို စတင်ပေးခဲ့ပါတယ်။ဒီအချိန်မှာ ရုရှားတပ်တွေ ယူကရိန်းထဲ အတော်လေးကိုကျွံလာနေပါပြီ။  

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဖိုး စစ်လက်နက်ပစ္စည်းတွေကိုပါ ထပ်မံပေးပို့ဖို့ အတည်ပြုခဲ့သလို ဂျာမနီကလည်း သူ့မူဝါဒကိုပြင်ပြီး ယူကရိန်းအတွက် စစ်လက်နက်အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒီအကူအညီထဲမှာ ပထမဆုံးအနေနဲ့ တင်ကားဖျက်လက်နက် ၁,၀၀၀ နဲ့ မြေပြင်ကနေ ဝေဟင်ပစ် Stinger အမျိုးအစား မစ်ဇိုင်းဒုံးလက်နက် ၅၀၀ ကို ပို့ဖို့ ပါပါတယ်။သံချပ်ကာကား ၁၄ စီးနဲ့ လောင်စာဆီ တန် ၁၀,၀၀၀ ကျော်ကိုလည်း ပိုလန်နိုင်ငံကိုဖြတ်ပြီး ယူကရိန်းကို ပေးပို့သွားမယ်လည်း ဆိုပါတယ်။ဒါ့အပြင် နယ်သာလန်က ယူကရိန်းကို ထောက်ပံ့ဖို့ ဂျာမနီကနေဝယ်ယူခဲ့တဲ့ တင့်ကားဖျက်လောင်ချာ အလက် ၄၀၀ ကိုလည်း ထပ်ဆင့်ပေးပို့ခွင့်ကို ဂျာမနီကခွင့်ပြုခဲ့ပြီး အက်စတိုးနီးယားက ယူကရိန်းအတွက် ဝယ်ယူတဲ့ အရှေ့ဂျာမနီလက်ထက်က ဟောင်ဝစ်ဇာအမြောက် ၈ လက်ကိုလည်း ဂျာမနီက ခွင့်ပြုခဲ့ပါတယ်။သြစတြေးလျ က ရုရှားရဲ့ ကျူးကျော်တဲ့စစ်ပွဲကို ခုခံရင်ဆိုင်နေတဲ့ ယူကရိန်းနိုင်ငံအတွက် သေစေလောက်တဲ့ လက်နက်တွေကို ထောက်ပံ့ကူညီသွားမယ်လို့ တနင်္ဂနွေမှာပြောခဲ့ပါတယ်။ဒါတွေက မြေပြင်မှာခုခံနေရတဲ့ ယူကရိန်းပြည်သူ့တပ်တွေအတွက် အတော်လေးကိုထိရောက်စေပြီး ရုရှားအတွက် အထိနာစေမယ့် ထောက်ပံ့မှုတွေပါပဲ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းမှာ ရုရှားတပ်သားတချို့သေဆုံးပြီး တချို့ဒဏ်ရာရခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ ဝန်ခံခဲ့ပါတယ်။ယူကရိန်းဘက်ကတော့ ယူကရိန်းတပ်တွေကြောင့် ရုရှားတပ်သား ၃,၅၀၀ လောက် တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။အဲဒီရက်မှာဘဲ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen က ရုရှားလေကြောင်းလိုင်းတွေနဲ့ ပုဂ္ဂလိကဂျက်လေယာဉ်တွေကို အီးယူဥရောပသမဂ္ဂရဲ့ ဝေဟင်ပိုက်နက်ထဲ ပျံသန်းခွင့် ပိတ်ပင်တော့မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

     စစ်ရေးနဲ့ နိုင်ငံရေးမှာ ရုရှား ပိတ်မိတော့မလား

ယူကရိန်းကို စတင်ကျူးကျော်တဲ့နေ့ကစပြီး ရုရှားနဲ့ နိုင်ငံတကာမှာ ယူကရိန်းဘက်က ရပ်တည်ပြီး ရုရှားကို ရှုတ်ချတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ဖေဖော်ဝါရီ ၂၄ ရက် ကြာသပတေးနေ့မှာပဲ ရုရှားနိုင်ငံက မြို့ကြီး ၅၀ လောက်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့လို့ ရဲတပ်ဖွဲ့က လူ ၁.၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။အများစုက မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တွေကပါ။မော်စကိုကနေ မိုင် ၁,၀၀၀ ကျော်ဝေးတဲ့ Yekaterinburn မြို့က ရင်ပြင်မှာလည်း ဒါဇင်နဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ကြပြီး နောက်ထပ် မြို့ပေါင်း ၅၀ နီးပါးမှာလည်း သမ္မတ ပူတင် နုတ်ထွက်ဖို့ ဆန္ဒပြမူတွေနဲ့ ဖမ်းဆီးမူတွေလည်းရှိခဲ့ပါတယ်။

နောက်ရက်တွေမှာ နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ အားကစား၊ အနုပညာနဲ့ တခြားသော လူမှုနယ်ပယ်က ထင်ရှားကျော်ကြားသူတွေက ပူတင် ကို ကျိန်ဆဲပြီး မတရားကျူးကျော်ခံရတဲ့ ယူကရိန်းပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသခဲ့ပါတယ်။ရုရှားမှာ ကျင်းပဖို့ရှိတဲ့ အားကစားပွဲတွေ၊ ပွဲအခမ်းအနားတွေက ဖယ်ရှားခဲ့ပါတယ်။လန်ဒန်၊ ရောမနဲ့ ဘာစီလိုနာမြို့ကြီးတွေအပါအဝင် ဥရောပတလွှားမှာ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ချီတက်ကာ ရုရှားဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်လို့ ဘာအကျိုးအမြတ်ရှိသလဲဆိုတာ နောက်မှတွက်ချက်လို့ရမှာဖြစ်ပေမယ့် လောလောဆယ်မှာတော့ ရုရှားဆုံးရှုံးမှုက နိုင်ငံပျက်လောက်တဲ့အထိ ဖြစ်သွားပါတယ်။ယူကရိန်းကို ဝင်တိုက်ပြီးတဲ့နောက် ကမ္ဘာ့အစုရှယ်ယာဈေးတွေ ထိုးကျပြီး လောင်စာဆီဈေးနဲ့ ရွှေဈေးတွေ စံချိန်တင် ထိုးတက်သွားပါတယ်။အနောက်နိုင်ငံတွေက ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်ထဲက ရုရှားဘဏ်တွေ ပိုင်ဆိုင်မှုအပေါ် ထိန်းချုပ်တော့မယ်လို့ ကြေညာလိုက်ချိန်မှာ ရုရှားငွေတန်ဖိုးဟာလည်း ၇.၅ ရာခိုင်နှုန်းကျော်အဖြစ် မကြုံစဖူးကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ရုရှား ရူဘယ်လ်ငွေ ၈၆.၉၈ အထိ ကျသွားပါတယ်။ရုရှားပြည်သူတွေ ဘဏ်ကနေ အပ်ထားတာကို ပြန်ထုတ်တာ ဖေဖော်ဝါရီ ၂၄ ရက် တစ်ရက်ထဲမှာ အမေရိကန်ဒေါ်လာ သန်း ၁,၃၀၀ ကျော် ရှိခဲ့ပါတယ်။ထိုထက်ပိုသည်က ရုရှားကို နိုင်ငံတကာတိုက်ရိုက်ဘဏ်ငွေလွှဲစနစ် SWIFT ထဲကနေ ထုတ်ထားဖို့  ဖေဖော်ဝါရီ ၂၆ ရက်မှာ သဘောတူခဲ့တာဖြစ်ပါတယ်။ရုရှားပြည်သူတွေက ဘဏ်တွေကနေ ရုရှားငွေကိုထုတ်ပြီး ဒေါ်လာဝယ်ကြလို့ ရုရှားရူဘယ်ငွေတန်ဖိုးဟာ တစ်ရက်ထက် တစ်ရက် ထိုးကျခဲ့ပါတယ်။ရုရှား စစ်လက်နက်ထုတ်လုပ်ရေးနဲ့ ဆက်သွယ်ရေးမှာ အားထားရတဲ့ လုပ်ငန်းသုံး တစ်ပိုင်းလျှပ်ကူးပစ္စည်း Chip တွေ ရုရှားသို့ရောင်းချမှုကို  အမေရိကန်ကုမ္ပဏီ Intel နှင့် AMD ရပ်ဆိုင်းလိုက်ပါတယ်။

ရုရှားကို နိုင်ငံတကာတိုက်ရိုက်ဘဏ်ငွေလွှဲစနစ် SWIFT ထဲကနေ ထုတ်ထားဖို့ ဆုံးဖြတ်မှုက ရုရှားကို အထိနာစေတာမို့ အဲဒီရက်မှာပဲ ရုရှားသမ္မတဘက်ကနေ နျူကလီးယားလက်နက် အသင့်ပြင်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ဒီအမိန့်ကို “အနောက်နိုင်ငံတွေဟာ စီးပွားရေးအရ မိမိတို့ရဲ့နိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်စေမယ့် နည်းလမ်းတွေကို ကျင့်သုံးနေကြလို့”  ဆိုပြီး  နျူကလီးယားလက်နက်ကို သုံးဖို့အထိ အသံပစ်လာပါတယ်။ဒီလို ပူတင် ကမူးရှူးထိုးဖြစ်နေတဲ့အတွက် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ရုရှားသမ္မတရဲ့ ပုံမှန်မဟုတ်တဲ့ ညွှန်ကြားချက်တွေကြောင့် ပဋိပက္ခအရှိန်မြင့်တက်ပြီး စစ်ရေးတွက်ချက်မှု မှားယွင်းနိုင်ခြေ မြင့်မားလာနိုင်တယ်လို့ သတိပေးမှုတွေ ထုတ်ခဲ့ရပါတယ်။

ဖြစ်ခဲ့ပြီးသမျှကို ပြန်ကြည့်မယ်ဆိုရင် ရုရှားအနေနဲ့ အနောက်အုပ်စုနဲ့ အမေရိကန်ကို ဂရုမစိုက်ကြောင်းပြပြီး ယူကရိန်းကို ထင်သလိုဗိုလ်ကျဖို့အတွက် ကျူးကျော်ရာကနေ ရုရှားကို တစ်ကမ္ဘာလုံးမကြောက်ဘဲ အပယ်ခံနိုင်ငံဖြစ်သွားသလို ပူတင်ကိုလည်း  နိုင်ငံအတွင်းမှာလည်း ဖြုတ်ချဖို့ လှုပ်ရှားမှုက ပိုအားကောင်းလာပြီး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှားစီးပွားရေးဟာ နိုင်ငံတကာရဲ့ ၀ိုင်းကျဉ်မှုကြောင့် နောင်ဆယ်နှစ်လောက် ဘယ်လိုမှ နာလံမထူနိုင်တော့ပါဘူး။လက်ရှိမှာ ဂျာမနီကလည်း  ရုရှားကိုမှီခိုနေရတဲ့ စွမ်းအင်ကိုလျှော့ချဖို့ဖြစ်လာပြီး အခြားအနောက်ဥရောပနိုင်ငံတွေကလည်း ဒီလမ်းစဉ်ကို လိုက်လာမှာဖြစ်လို့ ရုရှားရဲ့စျေးကွက်ကို တခြားနိုင်ငံတွေကသိမ်းသွားဖို့ များနေပါတယ်။

အမေရိကန်အနေနဲ့ ရုရှားကို တိုက်ရိုက်မတိုက်ဘဲ နောက်ကွယ်ကနေ စစ်လက်နက်ပစ္စည်း ထောက်ပေးထားတဲ့အတွက် ရုရှားအဖို့ ယူကရိန်းကနေ စစ်တပ်ကို မြန်မြန်ပြန်ထွက်နိုင်ဖို့ မသေချာတော့ပါဘူး။ဒါဟာ ယူကရိန်းပြည်သူတွေရဲ့ ခုခံမှုကြောင့်ဖြစ်ပြီး  အာဖဂန်မှာလို ရုရှား နောက်ထပ်အရှုံးတစ်ခုကို ပေးဆပ်ရမယ့် အလားအလာတွေ မြင်တွေ့နေရပါပြီ။အခုပဲ ယူကရိန်းမှာ မြို့တွင်းတိုက်ပွဲတွေကြောင့် အထိနာပြီး ထောင်နဲ့ချီတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကျဆုံးတဲ့ သတင်းတွေကြားနေရပါပြီ။ကိဗ်ကိုသိမ်းပြီး ရုပ်သေးအစိုးရတင်ထားခဲ့ဖို့ ပူတင်ရဲ့ ရည်မှန်းချက်က ယခုချိန်မှာပြည့်ဖို့ မဖြစ်နိုင်တော့ပါဘူး။အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ချိန်ကိုက်လက်နက်ထောက်ပံ့မှုကြောင့် အရေးမပါတဲ့မြို့တွေကို သိမ်းယူတာတောင် အပြည့်အ၀မထိန်းချုပ်နိုင်တော့လို့ ပူတင်အဖို့  ရှည်ကြာတဲ့စစ်ပွဲနဲ့ စီးပွားရေးပြိုလဲမှုကို ရင်ဆိုင်ရဖို့များနေပါပြီ။

ရုရှားတွေ ယူကရိန်းကို လွယ်လွယ်နဲ့သိမ်းနိုင်မလားဆိုတာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကဆိုရင် ဖြစ်နိုင်တယ်လို့ ယုံကြည်သူတွေက ယနေ့ချိန်မှာ မဖြစ်နိုင်တာနဲ့ ကြာမယ်ဆိုတာကို ဖြေကြမှာများပါတယ်။ခုခံစစ်အရှိန်ကောင်းလာတဲ့ ယူကရိန်းကို ရုရှားသာ မြန်မြန်မသိမ်းနိုင်ရင် ပူတင်နဲ့ ရုရှားရဲ့ ကမ္ဘာ့ဇာတ်ခုံက အရေးပါမှုဟာ နှစ်အတန်ကြာမှေးမှိန်သွားဖို့ရှိနေပါတယ်။ဒါဟာ ဘိုင်ဒင် လိုချင်နေတဲ့ ရုရှားရဲ့နိဂုံး၊ ပူတင်ရဲ့ဇာတ်သိမ်းဖြစ်ပါတယ်။သမာရိုးကျစစ်လက်နက်နဲ့ ကျူးကျော်လို့မရလို့ နျူကလီးယားလက်နက်သုံးဖို့ ကြံလာတဲ့ ပူတင် ကို ကမ္ဘာ့နျူလက်နက်အင်အားကြီးနိုင်ငံတွေက ဒီအတိုင်းကြည့်နေပါ့မလား၊ ရုရှားက တခြားခေါင်းဆောင်တွေနဲ့ ပြည်သူတွေကရော လက်ခံပေးပါမလား။ကမ္ဘာတည်မြဲမှုနဲ့ လောင်းကြေးထပ်ရတဲ့ ဒီစစ်ပွဲက မကြာခင်မှာအဆုံးသတ်ဖို့များနေပါပြီ။

မင်းထက်
ဖေဖော်ဝါရီ - ၂၈