【နိုင်ငံတကာဆောင်းပါး】တိုးတက်မှုအားကောင်းလာသော တရုတ်နိုင်ငံ၏ သီးနှံစိုက်ပျိုးရေး

【နိုင်ငံတကာဆောင်းပါး】တိုးတက်မှုအားကောင်းလာသော တရုတ်နိုင်ငံ၏ သီးနှံစိုက်ပျိုးရေး

ကမ္ဘာပေါ်တွင် ရှေးကျသောစိုက်ပျိုးရေးနိုင်ငံများအနက်မှ နိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်သည့် တရုတ်နိုင်ငံ၏ သီးနှံစိုက်ပျိုးမှု အခြေအနေများမှာ တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်တိုးတက်လာခဲ့သည်။ကမ္ဘာပေါ်တွင် နှစ်ထောင်ပေါင်းများစွာလောက်ကတည်းက လူဦးရေအများဆုံးသောနိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေသည့် တရုတ်နိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍအတွင်း ဖွံ့ဖြိုးတိုးတက်မှုသည် တိုးတက်မှုအခြေအနေကောင်းများ ဖြစ်လာစေခဲ့သည်။

တရုတ်နိုင်ငံ၏ အဓိကစိုက်ပျိုးဧရိယာများတွင် စပါး၊ ဂျုံ၊ ပဲ၊ အာလူးနှင့် ဟင်းသီးဟင်းရွက်တို့မှာ နေ့စဉ်စားသောက်မှုအတွက် မရှိမဖြစ် လိုအပ်သောအစားအစာများအနက် အပါအဝင်ဖြစ်ပြီး စိုက်ပျိုးထွက်ရှိမှု တွင် မရှိမဖြစ်လိုအပ်သည့် အခြေအနေမျိုးတွင် ရှိနေကြသည်။

ပြီးခဲ့သော ရာစုနှစ်ကုန်ပိုင်းကာလလောက်အထိ အစားအစာနှင့်အဝတ်အထည်ဆိုင်ရာ ပြဿနာများတွင် ထိရောက်သည့် ဖြေရှင်းမှုမလုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စပါးအထွက်နှုန်းတိုးလာခဲ့ရာ ယခင် ကာလများထက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ချိန်ကာလ၌ စပါးထွက်ရှိမှုအခြေအနေမှာ နှစ်ဆတိုးလာခဲ့ကြောင်း တရုတ်နိုင်ငံ၏ အမျိုးသား စာရင်းအင်းဗျူရိုမှ ထုတ်ပြန်ထားသော အချက်များ၌ ဖော်ပြထားလျက်ရှိသည်။

အဆိုပါ အချက်အလက်များအရ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း သီးနှံစိုက်ပျိုးဧရိယာမှာ တစ်နှစ်ထက်တစ်နှစ် တိုးလာကာ ၂၀၁၁ ခုနှစ်တွင် ဧက ၂ ဒသမ ၄ ဘီလီယံကျော် ရှိလာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဧက ၂ ဒသမ ၅ ဘီလီယံအထိ ရှိလာခဲ့သလို လက်ရှိတွင် (၂၀၂၁ ခုနှစ် စာရင်းအရ) အမြင့်ဆုံးအဖြစ် ၂ ဒသမ ၅၃ ဘီလီယံအထက် ဖြစ်လာခဲ့သည်။

ထို ၂၀၂၁ ခုနှစ်စာရင်းများအရ စပါးသီးနှံ စုစုပေါင်း စိုက်ပျိုးဧရိယာသည် ခန့်မှန်းခြေအားဖြင့် ဧက ၁ ဒသမ ၇၆၄ ဘီလီယံ ဖြစ်ပြီး နိုင်ငံတွင်း စိုက်ပျိုးဧရိယာ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသလို ယင်းနှစ်ကာလ အတွင်း ဂျုံ ၃၅၄ သန်းဧက၊ ပဲ ၁၅၂ သန်းဧက၊ အာလူး သန်း ၁၁၀ ဧက စသည်ဖြင့် ရှိလာခဲ့သည်။

နေ့စဉ်စားသောက်မှုတွင် မရှိမဖြစ်လိုအပ်သော အစားအစာများအနက်မှ တစ်ခုအဖြစ်ပါဝင်နေသည့် ဟင်းသီးဟင်းရွက်များသည်လည်း စိုက်ပျိုးရေးထုတ်လုပ်မှုတွင် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေခဲ့ သည်။ စိုက်ပျိုးဧရိယာအကျယ်ဆုံးနှင့် အစားအစာသီးနှံများအပြင် စီးပွားရေးအခြေအနေအရ အရေးအကြီးဆုံးသော သီးနှံအဖြစ်လည်း ပါဝင်နေလျက်ရှိသည်။ အမျိုးသားစာရင်းအင်းဗျူရို၏ နောက်ဆုံးအချက် အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးဧရိယာသည် ခန့်မှန်းခြေ ဧက ၃၂၂ သန်းရှိပြီး ယင်းနှစ်ကာလအတွင်း နိုင်ငံ၏ စုစုပေါင်း သီးနှံစိုက်ပျိုးဧရိယာ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းခန့် အနေအထားမျိုးတွင်ရှိသည်။

နိုင်ငံတော်၏ ဟင်းသီးဟင်းရွက်စိုက်ပျိုးဧရိယာတွင်လည်း ၂၀၁၀ ခုနှစ်မှစတင်၍ ဧက ၂၆၁ သန်းမှ ၂၀၁၅ ခုနှစ်တွင် ၂၉၄ သန်းသို့ တစ်နှစ်ထက် တစ်နှစ် တိုးလာခဲ့ပြီးနောက် စက်မှုဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု များကြောင့် ဧက ၂၉၃ သန်းသို့ အနည်းငယ် ကျဆင်းသွားခဲ့သည်။

တရုတ်နိုင်ငံသည် ကျယ်ပြောလှသော နယ်မြေရှိသလို အအေးပိုင်းနှင့် ပူနွေးသောဇုန်များလည်းရှိရာ အသီးအနှံများ ပေါကြွယ်ဝပြီး ကမ္ဘာပေါ်တွင် သီးပင်စားပင်များ၏ အကြီးမားဆုံး ဇာစ်မြစ်တစ်ခုအဖြစ်ရှိနေခဲ့ သည်။ သီးပင်စားပင်များ စိုက်ပျိုးခြင်းမှာ ရှည်လျားသောသမိုင်းကြောင်းရှိပြီး ဥယျာဉ်စိုက်ပျိုးခြင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ ရှည်လျားသော သမိုင်းကြောင်းလည်းရှိနေသလို ကမ္ဘာပေါ်တွင် "ဥယျာဉ်များ၏မိခင်" ဟူ၍လည်း တင်စားခေါ်ဝေါ်လေ့ရှိကြသည်။

တရုတ်နိုင်ငံ၏ ဥယျာဉ်ခြံမြေဧရိယာသည် အမျိုးသားစာရင်းအင်းဗျူရို၏ နောက်ဆုံးအချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ဧက သန်း ၁၉၀ ကျော်လွန်ခဲ့ပြီး ယင်းနှစ်တွင် နိုင်ငံ၏ စုစုပေါင်းသီးနှံစိုက်ဧရိယာ၏ ၇ ဒသမ ၅၆ ရာခိုင်နှုန်းခန့်ရှိကာ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အနည်းငယ်ကျဆင်းသွားခဲ့သလို အတက်အကျအပြောင်းအလဲများလည်း ကြုံခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် ဧကသန်း ၁၇၀ ကျော်အထိ ရှိလာပြီး ၂၀၂၀ ပြည့်နှစ်တွင် ဧကသန်း ၁၉၀ သို့ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်း ဝါစိုက်ဧရိယာသည်လည်း ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခြေ ဧက ၄၅ ဒသမ ၄၂၂၆ သန်းရှိကာ နိုင်ငံအတွင်း စုစုပေါင်းသီးနှံစိုက်ပျိုးဧရိယာ၏ ၁ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များ၌ ဖော်ပြထားသလို ပျမ်းမျှအားဖြင့် တစ်နှစ်ပတ်လုံး ဧက သန်း ၅၀ ရှိသည်ဟုလည်း ဆိုထားသည်။

ထို့အပြင် သကြားလုပ်ငန်းအတွက် အရေးကြီးသော ကုန်ကြမ်းများအဖြစ် ကြံ၊ သကြားမုန်လာနှင့် သကြားဂျုံတို့ကိုလည်း စိုက်ပျိုးကြသေးသည်။ နိုင်ငံ၏ မြောက်ပိုင်းဒေသတွင် သကြားမုန်လာဥများက လွှမ်း မိုးထားသည်ဟု အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များ၌ တွေ့ရသလို သကြားအတွက်သီးနှံစိုက်ဧရိယာမှာ ခန့်မှန်းခြေအားဖြင့် ဧက ၂၁ ဒသမ ၉ သန်းလောက်အဖြစ် ရှိနေသည်။

ဆီသုံးစွဲမှုအတွက်လည်း ဆီထွက်သီးနှံများကို စိုက်ပျိုးခြင်းများရှိကြသည်။ ဆီထွက်သီးနှံများမှ ဆီထုတ်ယူ၍သုံးစွဲရန်အတွက်သာမက စက်မှုလုပ်ငန်းနှင့် ဆေးဝါးများထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်သုံးစွဲခြင်း များရှိသလို ပဲပိစပ်၊ မြေပဲ၊ နှမ်း၊ ကြက်ဆူ၊ နေကြာ၊ perilla အစရှိသည့် သီးနှံများကို ဆီထွက်သီးနှံအဖြစ် အဓိကထားကာ စိုက်ပျိုးလေ့ရှိသည်။ အုန်း၊ ကုလားမလီယာ oleifera ၊ ဆီအုန်း၊ သစ်ကြားသီး စသည်ဖြင့် အမျှင်သီးနှံများ၊ ဥပမာ ချည်၊ ပိုက်ဆံလျှော်ပင် စသည်ဖြင့် သီးနှံပင်များ၏ အစေ့အဆံများမှလည်း ဆီပမာဏ များစွာရရှိသလို ဆီလုပ်ငန်းအတွက် အရေးကြီးသည့် ကုန်ကြမ်းများအဖြစ် အသုံးပြုလေ့ရှိကြသည်။

တရုတ်နိုင်ငံ၏ စုစုပေါင်းဆီသီးနှံစိုက်ပျိုးဧရိယာသည်လည်း ၂၀၂၁ ခုနှစ်တွင် ဧက ၁၉၇ သန်းရှိကာ စုစုပေါင်း သီးနှံစိုက်ပျိုး ဧရိယာ၏ ၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိနေခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ စိုက်ပျိုးဧရိယာ အခြေအနေမှာ အတက်အကျ အပြောင်းအလဲများလည်းရှိခဲ့ပြီး တစ်နှစ်ပတ်လုံးတွင် ပျမ်းမျှ ဧက သန်း ၂၀၀ ဝန်းကျင်ကို စိုက်ပျိုးလေ့ရှိကြသည်။

တရုတ်နိုင်ငံသည် လူဦးရေများပြားသည့်နိုင်ငံလည်းဖြစ်သလို နိုင်ငံ၏စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးလုပ်ငန်းကိုလည်း တစ်ဖက်တစ်လမ်းမှ လုပ်ကိုင်နေပြီး လိုအပ်သော စားသုံးမှုအနေအထားများအလိုက် သီးနှံတစ်မျိုးချင်းစီကို လေ့လာတွက်ချက်၍ စိုက်ပျိုးဧရိယာများကို တစ်နှစ်ထက်တစ်နှစ် တိုးကာ စိုက်ပျိုးခြင်းများသာမက ခေတ်မီနည်းပညာများကိုလည်း အသုံးပြုခြင်းဖြင့် အထွက်နှုန်းတိုးကာ အရည်အသွေး ကောင်းသည့်သီးနှံများကို ထုတ်လုပ်နိုင်စေရန် လုပ်ဆောင်နေလျက်ရှိကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်