【 ဆောင်းပါး 】 ကုန်သွယ်မှုလျော့ကျနေသော ရေထွက်ပို့ကုန်ဈေးကွက်

【 ဆောင်းပါး 】 ကုန်သွယ်မှုလျော့ကျနေသော ရေထွက်ပို့ကုန်ဈေးကွက်

ပြည်ပတင်ပို့နေသော မြန်မာ့ရေထွက်ပို့ကုန်ဈေးကွက်သည် ကိုဗစ်ကာလနောက်ပိုင်း ကုန်သွယ်မှုများ အကျဘက်သို့ ရောက်ရှိနေသည်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာ ၁ ရက်နေ့အထိ ပုဂ္ဂလိကပိုင် ရေထွက်ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၂၄၄ ဒသမ ၄၈၉ သန်းရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
ယခင်နှစ် ကာလတူက ပုဂ္ဂလိကပိုင် ရေထွက်ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၂၇၃ ဒသမ ၂၁၇ သန်း တင်ပို့ခဲ့၍ ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် ကုန်သွယ်မှုလျော့ကျနေသည်။
 
ရေထွက်ကုန်များသည် နိုင်ငံ့စီးပွားရေး၏ အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တစ်လျှောက် အရေးပါသော ကမ်းရိုးတန်းတစ်ခုရှိပြီး ငါးဖမ်းလုပ်ငန်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများစွာပေးသည်။
 
မြန်မာ့ကမ်းရိုးတန်းအရှည်သည် ၂၈၃၂ ကီလိုမီတာရှိပြီး ကမ်းဦးရေတိမ်ပိုင်း ၂၂၈,၇၈၁ စတုရန်းကီလိုမီတာနှင့် သီးသန့်စီးပွားရေးဇုန် ၄၈၆,၀၀၀ စတုရန်းကီလိုမီတာရှိ၍ ကြီးမားသောအဏ္ဏဝါသယံဇာတအရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။ထို့အပြင် မြစ်၊ချောင်း၊ အင်း၊ အိုင် ပေါများလှသည့်အတွက် ရေသယံဇာတ ဖွံ့ဖြိုးပြီးသား နိုင်ငံတစ်ခုဖြစ်သည်။ရေချိုနှင့်ပင်လယ်မှ ငါမျိုးစိတ်မျိုးစုံ၊ ပုစွန်နှင့် အခြားပင်လယ်စာမျိုးစုံ ထွက်ရှိသည်။ရေချိုငါးမွေးမြူရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်သည်။
 
မွေးမြူရေးငါးများသည် ပြည်တွင်းဈေးကွက်အတွက် အလွန်အရေးပါပြီး တစ်နိုင်ငံလုံးငါးစားသုံးမှု၏ ၂၁ ရာခိုင်နှုန်းရှိသည်။မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးတွင် ကုန်းတွင်းရေချိုပိုင်း၊ ကမ်းရိုးတန်းဒေသ ငါးမွေးမြူထုတ်လုပ်ခြင်းနှင့် ပင်လယ်ပြင်ငါးမွေးမြူထုတ်လုပ်ခြင်းတို့ဖြင့် ကဏ္ဍသုံးခု ခွဲထားသည်။
 
ကုန်းတွင်းရေချိုပိုင်း ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှဖြစ်ပြီး ပုစွန်မွေးမြူရေးကန် သုံးပုံနှစ်ပုံခန်မှာ ရခိုင်ပြည်နယ်တွင်အများစုနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်သည်။ပင်လယ်ပြင်ငါးမွေးမြူရေးကို တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကဆောင်ရွက်ကြသည်။
 
၂၀၂၁ ခုနှစ် စာရင်းအရ ပြည်တွင်းငါးထုတ်လုပ်မှု မက်ထရစ်တန် (၆) သန်းခန့်ရှိခဲ့ပြီး ၂၃ ရာခိုင်နှုန်းက ငါးမွေးမြူရေးမှ ထုတ်လုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
 
မြန်မာနိုင်ငံမှ ရေထွက်ပို့ကုန်များကို တရုတ်နိုင်ငံသို့ ၆၀ ရာခိုင်နှုန်းနီးပါးမျှ တင်ပို့နေပြီး EU နိုင်ငံ ၄၀ ကျော်ကို တင်ပို့နေကြောင်း သိရသည်။ 
 
ဆော်ဒီအာရေဗျသို့ ရေချိုနှင့် ရေငန်ငါးများ တင်ပို့ရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများဈေးကွက်တွင် ရေချိုငါးများကို တင်ပို့ရကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။ 
 
တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှအပြင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကဏန်း၊ ငါးရှဉ့်နှင့် အေးခဲငါးများ တင်ပို့ကြောင်း သိရသည်။
 
ဘဏ္ဍာနှစ်အလိုက် ပြည်ပနိုင်ငံများသို့ ရေထွက်ပို့ကုန်တင်ပို့သည့် အခြေအနေများတွင် ၂၀၁၉-၂၀၂၀ ခုနှစ်က ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၃၃၄ ဒသမ ၄၈၈ သန်း တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းမှ ၅၂၄ ဒသမ ၄၇၂ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ ၈၅၈ ဒသမ ၉၆၀ သန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းများအရ သိရသည်။
 
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ရေထွက်ပို့ကုန် ကန်ဒေါ်လာ ၃၉၇ ဒသမ ၆၀၉ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၃၈၇ ဒသမ ၄၁၂ သန်း၊ စုစုပေါင်းကန်ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်း တင်ပို့ခဲ့သည်။
 
၂၀၂၁-၂၀၂၂ (Mini Budget) တွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၂၆၂ ဒသမ ၆၁၉ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၂၁၉ ဒသမ ၀၃၈ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ ၄၈၁ ဒသမ ၆၅၇ သန်း ပမာဏ ရေထွက်ပို့ကုန်များ တင်ပို့ခဲ့သည်။
 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ရေထွက်ပို့ကုန်တင်ပို့မှုအခြေအနေမှာ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၄၀၇ ဒသမ ၅၅၉ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၃၅၈ ဒသမ ၃၈၆ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ ၇၆၅ ဒသမ ၉၄၅ သန်း တင်ပို့ခဲ့သည်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၁၀၁ ဒသမ ၂၉၁ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၇၅ ဒသမ ၈၆၇ သန်း၊ စုစုပေါင်း ၁၇၇ ဒသမ ၁၅၈ သန်း တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ ရေထွက်ကုန်များ တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၈၀၀ ခန့်ရရှိရန် မျှော်မှန်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
 
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ရေထွက်ပို့ကုန်များ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံသို့ ရေထွက်ပို့ကုန်များ တင်ပို့ရာတွင် ကော့သောင်းကုန်သွယ်ရေးစခန်းသည် အလွန်အရေးပါသည်။ 
 
ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော စခန်းတစ်ခုဖြစ်ပြီး ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်အစို၊ ကင်းမွန်အခြောက်တို့ကို အများဆုံးတင်ပို့သည်။
 
တရုတ်နိုင်ငံသို့ ရေထွက်ပို့ကုန်များ တင်ပို့မှုသည် ကိုဗစ်-၁၉ ကာလမတိုင်မီက အခြေအနေကဲ့သို့ ပြန်လည်အားမကောင်းသေးသော်လည်း ကိုဗစ်-၁၉ ကာလအပြီး နယ်စပ်ဂိတ်များပြန်ဖွင့်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုများ တိုးတက်လာခဲ့သည်။
 
EU နိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရာတွင် ၁၉၉၇ ခုနှစ်က GPS  တိုးမြှင့်ခဲ့သည့်အတွက် ၎င်းနိုင်ငံများသို့ ရေထွက်ပို့ကုန် တင်ပို့ခွင့်မရရှိခဲ့ဘဲ ၂၀၁၀ ခုနှစ်တွင် ပင်လယ်မှဖမ်းဆီးရရှိသော ငါးများကို ပြန်လည်တင်ပို့ခွင့်ရခဲ့သည်။မွေးမြူရေးငါးများကို ၂၀၁၉ ခုနှစ် မေလ ၁ ရက်မှစတင်၍ ထပ်မံတင်ပို့ခွင့်ရရှိခဲ့ကြောင်း သိရသည်။
 
မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့် ပုစွန်မွေးမြူရေးကန်ပေါင်း ၄၈၀,၀၀၀ ခန့်ရှိပြီး အအေးခန်းသိုလှောင်ရုံပေါင်း (၁၂၀) ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
 
ပြည်ပသို့ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန် စသည့် ငါးအမျိုးအစား ၂၀ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။
 
ရေထွက်ကုန်များကို တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် ဆွေးနွေးမှုများ  အမြဲပြုလုပ်နေကြောင်း သိရသည်။
 
ပြည်တွင်း၌ ပုစွန်မွေးမြူရေးလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်နေပြီး ၎င်းတို့ကို ကုန်ကြမ်းပုံစံမှပြုပြင်၍ ထုတ်ကုန်များအဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ကြသည်။ပုစွန်မွေးမြူရေးကို စီးပွားဖြစ် မွေးမြူရောင်းဝယ်ရာတွင် ပုစွန်သားပေါက်များကို အိမ်နီးချင်းပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် ပြည်တွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
 
မြန်မာ့ရေထွက်ပို့ကုန်များသည် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ဆိုရာတွင် အစားအသောက်ဘေးကင်းရေးနှင့် အရည်အသွေး၊ နိုင်ငံတကာစံချိန်စံညွှန်းများ လိုက်နာရမည့် စိန်ခေါ်မှုများတော့ရှိနေသည်။ငါး၊ပုစွန် အစရှိသည့် ရေသတ္တဝါများသည် သဘာဝသယံဇာတအရင်းအမြစ်များလည်းဖြစ်သည်။
 
ငါးလုပ်ငန်း၏ အခန်းကဏ္ဍမှ မြန်မာနိုင်ငံ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို အထောက်အကူပြုပြီး အသားထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်ပံ့ပိုးပေးနိုင်မှု ၆ ရာခိုင်နှုန်းကို ပေးစွမ်းသည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၉ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
 
မြန်မာ့ငါးအရင်းအမြစ်များအား အလွန်အကျွံဖမ်းဆီးထုတ်ယူမှုများကြောင့် ပင်လယ်ပြင်နှင့် ရေချိုငါးသယံဇာတ အရင်းအမြစ်များကို လျော့နည်းလာကြောင်း ဖော်ပြခဲ့သည်။ထို့ကြောင့် တာဝန်သိငါးဖမ်းခြင်းများနှင့် မွေးမြူရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ဆောင်ရွက်ရန် လိုအပ်လာသည်။
 
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ သား၊ ငါး တင်ပို့မှုတို့သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အဓိကဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံဈေးကွက်သည် မြန်မာ့ထုတ်ကုန်များအတွက် အရေးပါးသော ဈေးကွက်တစ်ခုဖြစ်သည်။
 
အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် GACC မှ Food safety ဆိုင်ရာ လိုက်ပါဆောင်ရွက်ရမည့် သဘောတူစာချုပ်များ ချုပ်ဆိုရန် ဆောင်ရွက်နေသည်ဖြစ်၍ ကုန်သွယ်မှုလျော့ကျနေသော မြန်မာ့ရေထွက်ပို့ကုန်ဈေးကွက်ကို ပြန်လည်ဦးမော့လာမည်ဖြစ်ပေသည်။
 
အမွန်