【 ဆောင်းပါး 】 သင်္ကြန်ကာလအလွန် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

【 ဆောင်းပါး 】 သင်္ကြန်ကာလအလွန် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် နှစ်စဉ်ကုန်သွယ်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
 
အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် ကုန်သွယ်မှုပြုလုပ်ရာမှာတရုတ်နဲ့ ထိုင်းနိုင်ငံတို့ကတော့ ကုန်သွယ်မှုပမာဏအများဆုံး နိုင်ငံတွေဖြစ်ကြပါတယ်။
 
စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်းတွေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံရဲ့နယ်စပ်ကုန်သွယ်ဘက်နိုင်ငံတွေကြားထဲမှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ သန်းခြောက်ထောင်ကျော်ဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ကတော့ နယ်စပ်ကုန်သွယ်မှုဟာ ကန်ဒေါ်လာ သန်း ၄၁၀၀ ကျော် ဖြင့် ဒုတိယအများဆုံး ဖြစ်ပါတယ်။
 
ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုဟာ ကန်ဒေါ်လာ  သန်းခြောက်ထောင်နီးပါးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံနဲ့ကတော့ နယ်စပ်ကုန်သွယ်မှုဟာ ကန်ဒေါ်လာ သန်းလေးထောင်နီးပါး ရှိခဲ့ပါတယ်။
 
ဒါ့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာလည်း တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုက ကန်ဒေါ်လာ သန်းငါးထောင်ကျော်ဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနဲ့ နယ်စပ်ကုန်သွယ်မှုကတော့ ကန်ဒေါ်လာ သန်း ၄၃၀၀ ကျော် ရှိခဲ့တာဖြစ်ပါတယ်။
 
ဒါကြောင့် ပုံမှန်ကာလတွေမှာတော့ မြန်မာနိုင်ငံရဲ့နယ်စပ်ကုန်သွယ်မှုဟာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အများဆုံးကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
 
ဒီလိုနယ်စပ်စခန်းတွေကနေ နှစ်စဉ်ကုန်သွယ်မှုပြုလုပ်နေရာမှာ သင်္ကြန်ကာလအတွင်းမှာတော့ ကုန်သွယ်မှုပမာဏဟာ လျော့ကျလေ့ရှိပေမယ့် သင်္ကြန်အကြိုကာလတွေနဲ့ သင်္ကြန်အပြီးကာလတွေမှာတော့ ကုန်သွယ်မှုပမာဏ ပိုများလာလေ့ရှိပါတယ်။
 
ဒီထဲမှာ မြန်မာနဲ့ ကုန်သွယ်မှုအများဆုံးပြုလုပ်ခဲ့တဲ့ တရုတ်နယ်စပ်စခန်းတွေနဲ့ ကုန်သွယ်မှုကလည်း သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလအတွင်းမှာ ပုံမှန်လတွေထက် လျော့ကျလေ့ရှိတာကို စီးပွားကူးသန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို  မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ အဓိကကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ သန်း ၂၁၀ ကျော်သာရှိခဲ့ရာက သင်္ကြန်ကာလအလွန် မေလနဲ့ ဇွန်လတို့မှာတော့ တစ်လကို ပျမ်းမျှကုန်သွယ်မှု တန်ဖိုးက ကန်ဒေါ်လာ သန်း ၃၅၀ ခန့်ရှိခဲ့ပြီး ကုန်သွယ်မှုပြန်တက်လာတာ တွေ့ရပါတယ်။
 
အလားတူ ၂၀၂၂ ခုနှစ် ဧပြီလမှာလည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတန်ဖိုးက ကန်ဒေါ်လာ သန်း ၁၅၀ နီးပါးသာရှိခဲ့ရာကနေ မေလနဲ့ ဇွန်လတို့မှာတော့ တစ်လချင်း ပျမ်းမျှကုန်သွယ်မှုပမာဏက ကန်ဒေါ်လာ သန်း ၂၂၀ ကျော်ခန့်ရှိခဲ့တာ တွေ့ရပါတယ်။
 
ဒါကြောင့် ပုံမှန်အားဖြင့် သင်္ကြန်ကာလဖြစ်တဲ့ဧပြီလအတွင်းမှာ နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏက လျော့ကျလေ့ရှိပြီး သင်္ကြန်ကာလအလွန်မှာတော့ ကုန်သွယ်မှုပြန်ကောင်းလာလေ့ရှိပါတယ်။
 
သင်္ကြန်ကာလအတွင်းမှာ ကုန်သွယ်မှုများရှိခဲ့သော်လည်း ပုံမှန်အချိန်ထက် ကုန်သွယ်မှုနည်းပါးလေ့ရှိပြီး အဓိကအားဖြင့် ပြည်တွင်းမှ ပို့ကုန်တွေဟာ လမ်းခရီးစရိတ် မြင့်မားမှုများကြောင့် ကုန်သွယ်မှုပြုလုပ်ခြင်း နည်းပါးတာလို့ ကုန်သည်တွေက ဆိုကြပါတယ်။
 
ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ ပုံမှန်အတိုင်း ကုန်သွယ်မှု မလုပ်နိုင်ခဲ့တာကြောင့်လည်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပမာဏက ပုံမှန်ကာလတွေထက် လျော့ကျခဲ့ရတာဖြစ်ပါတယ်။
 
ကိုဗစ်အလွန်ကာလကစပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအားလုံးဟာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်ဝက် အတွင်းမှာ ကုန်သွယ်မှုပမာဏဟာ ပြန်လည်တိုးတက်လာခဲ့ပြီး ကိုဗစ်မတိုင်ခင်က အခြေအနေ ကို ပြန်ရောက်မယ့် အလားအလာတွေရှိခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီကာလတွေမှာ နှစ်နိုင်ငံရဲ့ နယ်စပ်စခန်းအသီးသီးက ကုန်သွယ်မှုပမာဏဟာလည်း ယခင်နှစ်ကာလတူတွေထက် ဆက်တိုက်ဆိုသလို တိုးလာခဲ့တာ တွေ့ရပါတယ်။
 
ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကစပြီး တရုတ်-မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေနေတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာလည်းရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါတယ်။
 
နယ်မြေမတည်ငြိမ်မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အဓိကအထိနာခဲ့ရတာကတော့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတွေပဲဖြစ်ပါတယ်။
 
သို့ပေမယ့်လည်း ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ဧပြီလကနေ မတ်လ ၂၂ ရက်အထိ ၁၁ လခွဲကျော်ကာလအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ ကုန်သွယ်မှုပမာဏဟာ အရင်ဘဏ္ဍာနှစ် အလားတူကာလထက် ကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပိုများနေဆဲဖြစ်ပါတယ်။
 
အောက်တိုဘာလကုန်ပိုင်းကနေစပြီး အဓိကကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှုရပ်တန့်ခဲ့ပေမယ့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးက အရင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလထက် ပိုများနေခြင်းဖြစ်ပါတယ်။
 
နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ခန့် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တဲ့ ကိုဗစ်မတိုင်ခင်ကာလတုန်းကလိုမျိုး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအခြေအနေ ပြန်ဖြစ်လာဖို့အတွက် နယ်မြေတည်ငြိမ်ရေးအပါအဝင် တခြားသောလိုအပ်ချက်တွေရှိနေတယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုကြပါတယ်။
 
အခုလာမယ့် သင်္ကြန်ကာလအလွန်မှာလည်း ကိုဗစ်ကာလမတိုင်ခင်တုန်းကလိုမျိုး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာ အရှိန်အဟုန်ဖြင့် ပြန်လည်-လည်ပတ်နိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် ရပ်တန့်လုနီးပါးဖြစ်နေတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံကြားက နယ်စပ်ကုန်သွယ်ရေးစခန်းတွေဟာ သင်္ကြန်ကာလအလွန်မှာတော့ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။
 
ခန့်မောင်