【 ဆောင်းပါး 】 သဘာဝဝါးတောများနှင့် ဝါးထုတ်ကုန်များ ဟန်ချက်ညီစေဖို့

【 ဆောင်းပါး 】 သဘာဝဝါးတောများနှင့် ဝါးထုတ်ကုန်များ ဟန်ချက်ညီစေဖို့

ဝါးပင်သည် လူသားတို့အတွက် အင်မတန်အကျိုးပြုသော အပင်တစ်မျိုးဖြစ်သည်။ အေးမြသော အရိပ်ကိုပေးသကဲ့သို့ လူတို့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း ရှေးကျသောခေတ်ကာလကတည်းက ယနေ့ခေတ်ကာလအထိတိုင် ထုတ်လုပ်အသုံးပြုလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဝါးပိုးဝါး၊ ဝါးနက်၊ ဝါးဖြူ၊ ကြသောင်းဝါး၊ ထီးရိုးဝါး၊ ဝါးယား၊ သိုက်ဝါး အစရှိသော ဝါးအမျိုးအစားများစွာဖြင့် ဝါးအမျိုးပေါင်း ၂၀၀ ခန့်ရှိသည်။လူမျိုးတိုင်း၊ တိုင်းပြည်တိုင်းတွင် အမျိုးမျိုးသော တီထွင်မှုများဖြင့် ထုတ်လုပ်ကြသော ဝါထုတ်ကုန်အမျိုးအမည် များစွာရှိသည်။အိမ်တိုင်၊ ကြမ်းခင်း၊ အမိုး၊ အကာများသာမက လေးနှင့် မြှား၊ ပုလွေ၊ ဝါးလက်ခုပ် စသည့် တူရိယာပစ္စည်းများ၊ ငါးမျှားတံ၊ ကုလားထိုင်၊ ကလေးကစားစရာအမျိုးမျိုး၊ ခြင်းတောင်း၊ ဦးထုတ်၊ ယွန်းထည် အစရှိသည့် ဝါးဖြင့်ပြုလုပ်သော  လူသုံးကုန်ပစ္စည်းများသည်  ရှေးခေတ်ကာလကတည်းက ဖန်တီးထုတ်လုပ်ခဲ့ကြသော လက်မှုပစ္စည်များဖြစ်သည်။

ခေတ်ကာလအလျောက် စိတ်ကူးဉာဏ်တီထွင်နိုင်မှုများ တိုးတက်လာသည့်အခါ ဝါးနှင့်ပြုလုပ်သည့် လူသုံးကုန်ပစ္စည်း အမယ်မျိုးစုံ ပေါ်ပေါက်လာသည်။နေအိမ်များတွင် အေးမြမှုကိုပေးသော ဝါးထရံ၊ ဝါးနှီးဖျာများကို အသုံးပြုနေကြဆဲဖြစ်သည်။ ဝါးဖြင့်ပြုလုပ်သော လူသုံးကုန်ပစ္စည်းများသည် ချပြ၍ မကုန်နိုင်အောင် များပြားလှပါသည်။

ဝါးစိုက်ပျိုးခြင်းလုပ်ငန်းနှင့် ဝါးဖြင့်ပြုလုပ်သော အသုံးအဆောင်များထုတ်လုပ်ခြင်း လုပ်ငန်းသည် ကျေးလက်ဒေသအတွက် အလွန်ပင်အရေးပါသော လုပ်ငန်းဖြစ်သည်။မြို့ပြကြီးများတွင်လည်း ဝါး ပရိဘောဂ၊ စက်မှု၊ လက်မှုလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်နေလျက်ရှိသည်။ကျေးလက်ဒေသတို့တွင် ဝါးလက်မှုလုပ်ငန်းများကို မိရိုးဖလာလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်ကြသည်။စပါးပေါ်ချိန်၊ ပဲပေါ်ချိန်တွင် ဒေသထွက် ဝါးများဖြင့် ရက်လုပ်ထားသည့် စပါးချိန်တွယ်ရန် တင်းတောင်းများအပါအဝင် တောင်းမျိုးစုံတို့သည် ဝယ်လိုအားများကြသည်။မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအဖြစ် ဝါးဖြင့်ပြုလုပ်သော  ပရိဘောဂ၊ လက်မှုလုပ်ငန်းများကို လုပ်ကိုင်ကြသူ များပြားသည်။ယနေ့ခတ်တွင် ရိုးရာလက်မှုများကို တန်ဖိုးထားပြီး နှစ်သက်သူများ တစ်ဖန်ပြန်ပြီး ပိုများလာသည်။ “အသစ် ဘယ်လိုပင်ကောင်းသော်လည်း အဟောင်းကတော့ တစ်လည်လည်” ဆိုသည့် စကားအတိုင်းပင်ဖြစ်သည်။ထို့ကြောင့် ဟိုတယ်ကြီးများ၊ ဧည့်ရိပ်သာများ၊ နေအိမ်၊ ခြံဝန်း၊ စားသောက်ဆိုင်များတွင် ဝါးလက်မှုပစ္စည်းများကို နှစ်သက်စရာကောင်းသော ပုံစံများဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ပင် အိမ်နီးချင်း တရုတ်နိုင်ငံတွင်လည်း ဝါးဖြင့်ရက်လုပ်သည့် လက်မှုလုပ်ငန်းများ တွင်ကျယ်လျက်ရှိသည်။အနီးစပ်ဆုံးကြည့်လျှင် တရုတ်-မြန်မာ နယ်စပ်ကျေးရွာလေးတစ်ခုဖြစ်သည့် လင်ချန်းမြို့၊ ဖုန်ရှန်းရပ်ကွက်၊ ကျုံစန်းကျေးရွာမှ ဝါးလက်မှုလုပ်ငန်းသည် စိတ်ဝင်စားဖွယ် လူကြိုက်များလျက်ရှိသည်။ထိုရွာလေးတွင် ဝါးလုပ်ငန်းလုပ်ကိုင်လာသည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်သည်။ကျုံစန်းကျေးရွာသည် တောင်တန်းများဖြင့် ဝန်းရံထားပြီး စိမ်းလန်းနေသော ဝါးပင်များဖြင့် လှပနေသည်။ဒေသခံအမျိုးသမီးများသည် မအားလပ်အောင် အလုပ်များလျက်ရှိသည်။ကျုံစန်းကျေးရွာမှ ဝါးလက်မှုပညာရှင်များ ရက်လုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို ခရီးသွားသူများက စိတ်ဝင်တစားလေ့လာခြင်း၊ ဝယ်ယူခြင်းတို့ဖြင့် စည်ကားနေသည့် ရွာလေးဖြစ်သည်။ဝါးပင်များ၊ ဝါးလက်မှုလုပ်ငန်းများဖြင့် အေးချမ်းလှသော ကျုံစန်းကျေးရွာလေးသည် နေချင့်စဖွယ် ရွာလေးသဖွယ် ဖြစ်နေပါသည်။

မြန်မာနိုင်ငံတွင် သဘာဝအလျောက် ပေါက်ရောက်သည့် ဝါးတောများစွာရှိပြီး ကမ္ဘာပေါ်တွင် တရုတ်၊ အိန္ဒိယနိုင်ငံတို့ပြီးနောက် တတိယမြောက်အများဆုံး သဘာဝတောများ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝများတွင် ဝါးသည် ကဏ္ဍများစွာဖြင့် ပါဝင်လျက်ရှိနေသည်။ပြည်တွင်း၌ ဝါးများဖြင့်ရက်လုပ်သော အသုံးအဆောင်များ တစ်နေ့ထက်တစ်နေ့ ပိုများလာသည်။ဝါးမီးအိမ်၊ ဝါးမီးတိုင်၊ ဝါးမီးဆိုင်း၊ ဝါးဒန်း၊ စားပွဲတင်မီးအိမ်၊ မျက်နှာကျက်မီးအိမ် စသည်ဖြင့် ထုတ်ကုန်အမျိုးမျိုးဖြင့် ဈေးကွက်တွင်ကျယ်လျက်ရှိသည်။  

ဝါးမှရရှိသော မျှစ်သည်လည်းလူကြိုက်များသော အစားအစာတစ်မျိုးဖြစ်သည်။ထို့ပြင် ဝါးပေါင်းခံရည် ထုတ်လုပ်ပြီး ရွက်ဖြန်းအားဆေး၊ မျက်နှာသစ်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အစရှိသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ကြသည်။ထိုကဲ့သို့ အိမ်တွင်းလက်မှုလုပ်ငန်းများ တွင်ကျယ်လာ၍ ကျေးလက်နေပြည်သူများအား တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမည့် ဝါးလက်မှုသင်တန်းများကလည်း အရေးပါသည်။ဝါးလက်မှုလုပ်ငန်းများသည် အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့်အတွက် အိုးမကွာ၊အိမ်မကွာဘဲ မိသားစုနှင့် အတူတကွလုပ်ကိုင်နိုင်သော လုပ်ငန်းဖြစ်သည်။

ပြည်တွင်း၌ ဘမ်ဘူးဝါး ကုန်ထုတ်သမဝါယမအသင်းကို ဖွဲ့စည်းထားပြီး ၎င်းအသင်းမှ ဝါးလက်မှုပညာများ၊ ဝါးပရိဘောဂသင်တန်း၊ ဝါးလက်မှုသင်တန်း၊ ဝါးအဆောက်အဦသင်တန်း၊ ဝါးတာရှည်ခံဆေးစိမ်သင်တန်း ပညာရပ်များကို ပို့ချနေကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် ဝါးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ဝါးစိုက်ပျိုးပြီး ငါးနှစ်အကြာတွင် အိမ်ထောင်ပရိဘောဂများကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ရေမြေသဘာဝကလည်း ဝါးစိုက်ပျိုးရ လွယ်ကူသော မြေဖြစ်၍ ဝါးပရိဘောဂ လက်မှုထုတ်ကုန်များ အလွယ်တကူ ထုတ်လုပ်နိုင်ကြသည်။နိုင်ငံအတွင်း ဒေသသုံး၊ အိမ်တွင်းလက်မှုလုပ်ငန်းသုံးနှင့် စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သော ဝါးကုန်ကြမ်းများကို သဘာဝဝါးတောများမှ နှစ်စဉ်ဝါးအလုံးရေ ၁၃၀ သန်းနီးပါး ထုတ်လုပ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။သဘာဝသစ်တောများမှ မျှစ်နှင့် ဝါးများ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းများကြောင့်လည်း သဘာဝဝါးတောများ ပြုန်းတီးလျက်ရှိနေပါတယ်။မြန်မာနိုင်ငံတွင် သဘာဝဝါးတောများ ပေါများသော်လည်း ထိန်းသိမ်းမှုကင်းမဲ့ခြင်း၊ စနစ်တကျထုတ်ယူနိုင်မှုမရှိခြင်းနှင့် ဝါးတန်ဖိုးမြှင့် ထုတ်လုပ်မှု အတတ်ပညာ၊ နည်းပညာများလည်း အားနည်းနေသေးသည်။

ပဲခူးရိုးမဒေသ၊ ရခိုင်ရိုးမနှင့် တနင်္သာရီဒေသများကို အဓိကစီးပွားဖြစ် ဝါးထုတ်ယူနိုင်သော ဒေသများအဖြစ် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသည်။ဝါးထုတ်ယူနိုင်သည့် ဧရိယာမှာ ဝါးပေါက်ရောက်သော ဧရိယာ စုစုပေါင်း၏ ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။တိုင်းနှင့် ပြည်နယ်များရှိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများတွင် ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်ခြင်းကို ၂၀၁၇ ခုနှစ် နောက်ပိုင်းကတည်းက ခွင့်ပြုပေးထားကြောင်း သိရသည်။

ဝါးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် ဒေသခံပြည်သူများအတွက် ဝင်ငွေတိုးတက်စေနိုင်သော်လည်း ဝါးများကို စနစ်တကျစိုက်ပျိုးမှသာ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်သည်။

အမွန်