【 နိုင်ငံတကာဆောင်းပါး 】တည်ဆောက်ဖို့ ခက်ခဲတဲ့ ပင်လယ်ဖြတ်ကူး အထွေထွေစီမံကိန်းကြီး (အပိုင်း - ၁)

【 နိုင်ငံတကာဆောင်းပါး 】တည်ဆောက်ဖို့ ခက်ခဲတဲ့ ပင်လယ်ဖြတ်ကူး အထွေထွေစီမံကိန်းကြီး (အပိုင်း - ၁)

ကမ္ဘာပေါ်မှာ တည်ဆောက်ဖို့ အခက်ခဲဆုံး ပင်လယ်ဖြတ်ကူး အထွေထွေစီမံကိန်းဆိုပြီးဆိုလာကြတဲ့ မဟာစီမံကိန်းကြီးတစ်ခုကို တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ်မှာ အပြီးသတ် ဖွင့်လှစ်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

စုစုပေါင်း အရှည် ၂၄ ကီလိုမီတာရှိတဲ့ စန်းကျန့်-ကျုံးစန်း လမ်းကြောင်းအတွက် တရုတ်နိုင်ငံက တံတား၊ ကျွန်း၊ ဥမင်လိုဏ်ခေါင်း၊ ရေအောက် အပြန်အလှန်ချိတ်ဆက်မှု စတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ဆက်သွယ်ဖောက်လုပ် တည်ဆောက်နေတာဖြစ်ပါတယ်။

ဒီစီမံကိန်းက တရုတ်နိုင်ငံအတွက်လည်း အခြေခံအဆောက်အအုံ တည်ဆောက်မှုနယ်ပယ်မှာ ကမ္ဘာကို အထင်ကြီးစေလောက်တဲ့ ချပြမှုဖြစ်လာမယ်လို့လည်း သုံးသပ်တာတွေ ရှိနေကြပါတယ်။ဒါကြောင့်လည်း  ၂၀၂၄ ခုနှစ်မှာ အဖွင့်လှဖို့ ကြိုးပမ်းလျက်ရှိနေပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ စန်းကျန့်-ကျုံးစန်းလမ်းကြောင်းကြီးရဲ့ ပင်မလမ်းကြောင်းကို ချိတ်ဆက်နိုင်ပြီလို့ ဖော်ပြလာကြပါတယ်။

တစ်ချိန်ထဲမှာပဲ ဒီအောင်မြင်မှုကနေတစ်ဆင့် အများက အာရုံစိုက်နေကြတဲ့ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသရဲ့ အချက်အချာကျတဲ့ လမ်း ပန်းဆက်သွယ်ရေးစီမံကိန်းကြီး လာမယ့်နှစ်မှာ ဖွင့်လှစ်နိုင်ဖို့အတွက် အရေးအပါဆုံး ခြေလှမ်းတစ်ရပ်ကို ပြီးမြောက်ခဲ့ပြီလို့ ဆိုကြပြန်ပါတယ်။

စန်းကျန့်-ကျုံးစန်း လမ်းကြောင်းကြီးဟာ ကွမ်တုန်း-ဟောင်ကောင်-မကာအို စတဲ့ မဟာပင်လယ်အော်ဒေသရဲ့ အချက်အချာနေရာဖြစ်ပြီး ပုလဲမြစ်ဝရဲ့ အရှေ့နဲ့ အနောက် နှစ်ဖက်ကမ်းကို ကန့်လန့်ဖြတ်ထားကာ စန်းကျန့်၊ ကွမ်ကျိုး၊ ကျုံးစန်း ဒေသသုံးခုကို ချိတ်ဆက်ပေးတယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြကြပါတယ်။လက်ရှိတည်ဆောက်နေတဲ့ စီမံကိန်းမှာ တံတား၊ ကျွန်း၊ ဥမင်လိုဏ်ခေါင်း၊ ရေအောက် အပြန်အလှန်ချိတ်ဆက်မှု စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ခက်ခက်ခဲခဲတည်ဆောက်ရတဲ့ ပင်လယ်ဖြတ်ကူး အထွေထွေစီမံကိန်းကြီးတစ်ခုအဖြစ်လည်း သုံးသပ်ကြပါတယ်။

ဒီစီမံကိန်းမြင်ကွင်းမှာဆိုရင် ကျုံးစန်းတံတားနဲ့ လိန်တင်းရန်တံတားတစ်လျှောက်ကနေ အရှေ့ဘက်ကို ဆက်သွားပြီး ကျွန်းတုကနေတစ်ဆင့် ပင်လယ်ရေအောက် ဥမင်လိုဏ်ခေါင်းနဲ့ ချိတ်ဆက်ပါတယ်။အဲဒီကနေတစ်ဆင့်သွားရင် ပုလဲမြစ်ဝရဲ့ နှစ်ဖက်ကမ်းမှာရှိတဲ့ မြို့ပြတွေကို ချိတ်ဆက်ပေးထားတဲ့ တံတားကြီးတစ်စင်း ပေါ်လာမှာဖြစ်ပါတယ်။လိန်တင်းရန်ပင်လယ်ပြင်ပေါ်မှာ မြင်တွေ့လာရတဲ့ ဒီတံတားမြင်ကွင်းကို ပင်လယ်ပြင်ပေါ် ရုတ်ချည်းပေါ်ထွက်လာတဲ့ “ပင်လယ်စွန်ကြီး” လို့လည်း တင်စားရေးသားကြပါတယ်။

တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ ဒီပင်လယ်ဖြတ်ကူးအထွေထွေစီမံကိန်းမှာ လမ်းကြောင်းအကွာအဝေး စုစုပေါင်းအရှည် ၂၄ ကီလိုမီတာရှိတဲ့ စန်းကျန့်-ကျုံးစန်း လမ်းကြောင်းဟာ ကမ္ဘာ့မှတ်တမ်းသစ်များစွာကိုလည်း  ဖြစ်ပေါ်စေတယ်လို့ ဖော်ပြကြပါတယ်။စန်းကျန့်-ကျုံးစန်း လမ်းကြောင်းချိတ်ဆက်မှု ပုံစံကိုကြည့်ရင် အနောက်ဘက်ပိုင်းမှာ တံတား၊ အရှေ့ဘက်ပိုင်းမှာ ဥမင်လိုဏ်ခေါင်းနဲ့ ဆက်သွယ်အသုံးပြုထားတာလည်းဖြစ်ပါတယ်။ဒီနေရာမှာ အနောက်ဘက်ပိုင်းမှာရှိတဲ့ လိန်တင်းရန်တံတားကတော့ ခန်းဖွင့်အကျယ်ကြီးမားပြီး ကမ်းလွန်ကြိုးတံတားဖြစ်ပါတယ်။တံတားရဲ့ ပင်မခန်းဖွင့်အကျယ်က ၁၆၆၆ မီတာရှိနေလို့ ကမ္ဘာပေါ်မှာ ခန်းဖွင့်အကျယ်ဆုံး ပင်လယ်တွင်း Steel Box Girder ကြိုးတံတား ဖြစ်လာတယ်လို့ ဖော်ပြကြပါတယ်။

ဒါ့အပြင် ပင်မမျှော်စင်ကလည်း ၂၇၀ မီတာအထိ မြင့်တာကြောင့် ကမ္ဘာ့အမြင့်ဆုံး ပင်လယ်တွင်းတံတားလို့လည်း ဆိုကြပါတယ်။ဒီတံတားဟာ တံတားကြမ်းခင်းကနေ ရေမျက်နှာပြင်အထိ ၉၁ မီတာအထိရှိတာကြောင့်လည်း ကမ္ဘာပေါ်မှာ ရေမျက်နှာပြင်ကနေ တံတားကြမ်းခင်းအထိ အကွာအဝေးအမြင့်ဆုံးသော ပင်လယ်ကူးတံတားကြီးလို့လည်း ဖော်ပြပါတယ်။မြင်သာအောင် ပြောဆိုကြရာမှာတော့ ဥပမာအနေနဲ့ အထပ် ၃၀ ရှိတဲ့ ဆောက်အအုံရဲ့အမြင့်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ တွေးစရာက အခုလိုပင်လယ်ရဲ့ အလယ်ဗဟိုမှာ တံတားကြီးတစ်ဆင်းကို ဘာလို့ ခက်ခက်ခဲခဲ တည်ဆောက်တာလည်းဆိုတာလည်း လူတွေက စိတ်ဝင်စားလာကြပါတယ်။ဒါပေမဲ့လည်း အဖြေက ရိုးရှင်းပါတယ်။အကြောင်းအရင်းအနေနဲ့ ဒီဒေသရဲ့ စီးပွားရေး စုစုပေါင်းပမာဏဟာဆိုရင် ဥရောပတိုက်က အဓိက ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေးစုစုပေါင်းပမာဏနဲ့ ညီမျှနေတာကြောင့်လို့ ဆိုပါတယ်။အချက်အလက်ဖော်ပြမှုအရတော့ ၂၀၂၂ ခုနှစ်မှာ ဒီဒေသရဲ့ စီးပွားရေးစုစုပေါင်းပမာဏဟာ ယွမ် ၁၃ ထရီလီယံကျော်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အလုပ်များဆုံး ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းရှိနေသလို လိန်တင်းရန်ပင်လယ်ပြင်ဟာ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသရဲ့ အရေးပါတဲ့ ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအဖြစ်လည်း ရှိနေပါတယ်။

ပြန်ဆက်ရရင် လိန်တင်းရန်တံတားကြီးရဲ့ အထက်ပိုင်းက တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အကြီးဆုံး ကွန်တိန်နာပင်မဆိပ်ကမ်းဖြစ်တဲ့ ကွမ်ကျိုးဆိပ်ကမ်းရှိရာ အရပ်ဖြစ်ပါတယ်။ဆိပ်ကမ်းအနေနဲ့ နိုင်ငံတကာကွန်တိန်နာလမ်းကြောင်းပေါင်း ၁၃၀ ကျော်ရှိပြီး နှစ်စဉ်ကုန်တင်ကုန်ချပမာဏက ကမ္ဘာ့ထိပ်တန်းမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။အခုဆိုရင် နေ့စဉ်ပျမ်းမျှ သင်္ဘောအစင်းရေ ၄၀၀၀ ကျော်ဟာ တံတားအောက်ဘက် လိန်တင်းရန်ပင်လယ်ပြင်မှာ ဖြတ်သန်းလျက်ရှိနေတယ်လို့ ဖော်ပြကြပါတယ်။

တံတားတည်ရှိတဲ့ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဟာ အကျယ်အဝန်းအနေနဲ့ စတုရန်းကီလိုမီတာ ၅၆,၀၀၀ ခန့်ရှိပြီး ကမ္ဘာ့အကြီးဆုံး ပင်လယ်အော်ကြီးသုံးခုဖြစ်တဲ့ နယူးယောက်၊ တိုကျိုနဲ့ ဆန်ဖရန်စစ္စကို ပင်လယ်အော်တို့ရဲ့ စုစုပေါင်းအကျယ်အဝန်းနဲ့ ညီမျှနေတာလည်းဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

မိုးသား