【 နိုင်ငံတကာဆောင်းပါး 】 ခေတ်အဆက်ဆက် တရုတ်-မြန်မာလေကြောင်းလိုင်း ဆက်နွယ်မှု

【 နိုင်ငံတကာဆောင်းပါး 】 ခေတ်အဆက်ဆက် တရုတ်-မြန်မာလေကြောင်းလိုင်း ဆက်နွယ်မှု

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည်  နှစ်ပေါင်း ၇၀ ကျော် ကြာလာခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်ဖော်ဆောင်လာနိုင်ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး သမိုင်းကြောင်းများသည် တရုတ်နိုင်ငံ ထန်မင်းဆက်လက်ထက်၊ မြန်မာနိုင်ငံတွင် ပျူခေတ်ကာလကတည်းက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များက ကူးလူးဆက်ဆံမှုရှိခဲ့သည့် သမိုင်းအထောက်အထားများလည်းရှိသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ်၊ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြခြင်းဖြစ်သည်။မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားတွင် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအပါအဝင် ခရီးသွားကဏ္ဍ၊ လေကြောင်းလိုင်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ အစရှိသည့် စီးပွားရေးလုပ်ငန်းများစွာ ချိတ်ဆက်ဆောင်ရွက်မှုများစွာရှိနေပါသည်။ချိတ်ဆက်ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများထဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လေကြောင်းလိုင်းဆက်နွယ်မှုများက ၁၉၈၉ ခုနှစ်က အစပျိုးခဲ့သည်။

ထိုကဲ့သို့ လေကြောင်းလိုင်းဆက်နွယ်မှုကို မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ပြည်ပခရီးစဉ်များအဖြစ် ဟောင်ကောင်ဒေသခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည်။ကျန်သည့် ပြည်ပနိုင်ငံများတွင် ဘန်ကောက်၊ စင်ကာပူ၊ ခတ္တမန္ဒူ၊ ဒါကာ၊ ဂျကာတာခရီးစဉ် မြို့များပါဝင်ခဲ့ပြီး ၁၉၉၃ ခုနှစ် သြဂုတ်လအထိ ပျံသန်းပြေးဆွဲခဲ့သည်။

၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၌ လေကြောင်းကဏ္ဍ ကျယ်ပြန့်လာပြီး လေဆိပ်များနှင့် မြန်မာလေကြောင်း အခြေခံအဆောက်အအုံများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးလာသည်။

၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်၊ ချန်ဒူးမြို့များသို့ ထပ်တိုးချိတ်ဆက် ပျံသန်းပြေးဆွဲပြီး စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ ဂါယာမြို့တို့လည်း ပါဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပွင့်လင်းလာပြီးနောက် လေကြောင်းလိုင်းအသစ်များ ဈေးကွက်တွင် ဝင်ရောက်လာခဲ့ကြသည်။မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲမှုများ ပိုများလာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် တရုတ်လေကြောင်းလိုင်း ၁၃ ခုအထိ တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံရှိ မြို့ကြီး ၁၈ မြို့နှင့် ရန်ကုန်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား ပျံသန်းပြေးဆွဲခဲ့သည်။

မြန်မာ-တရုတ် လေကြောင်းလိုင်းများတွင် ၂၀၁၉ ခုနှစ်အတွင်း China Eastern လေကြောင်းလိုင်း၊ Xiamen လေကြောင်းလိုင်း၊ Spring လေကြောင်းလိုင်း၊ Kunming လေကြောင်းလိုင်း၊ Ruili လေကြောင်းလိုင်း၊ Hainan လေကြောင်းလိုင်း၊ Sichuan လေကြောင်းလိုင်းနှင့် Qingdao လေကြောင်းလိုင်းတို့ တိုးချဲ့ပျံသန်းပြေးဆွဲခဲ့ကြသည်။

ရှမန်လေကြောင်းလိုင်း (Xiamen) သည် တရုတ်နိုင်ငံ၊ ရှမန်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်တွင် စတင်ပြေးဆွဲပြီး ၂၀၂၀ ဖေဖော်ဝါရီလတွင် ကိုဗစ်-၁၉ ကြောင့် တိုက်ရိုက်လေကြောင်းလိုင်းခရီးစဉ်များ ဆိုင်းငံ့ခဲ့သည်။ထို့နောက် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်မှ စတင်ကာ တစ်ပတ်လျှင် သုံးကြိမ်ဖြင့် ပြန်လည်ပြေးဆွဲလျက်ရှိသည်။

၂၀၂၃ ခုနှစ်ထဲတွင် နိုင်ငံတကာခရီးသွားလာမှုများလည်း ပြန်လည်ကောင်းမွန်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြားရှိ လေကြောင်းလိုင်းများလည်း ပြန်လည်ပြေးဆွဲမှုများ ဆက်တိုက်ရှိလာသည်။ယူနန်ပြည်နယ်၊ မန်စီမြို့နှင့် ရန်ကုန်၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား အပြန်အလှန် တစ်ပတ်လျှင် သုံးရက် လေကြောင်းခရီးစဉ် ပြန်လည်ပျံသန်းပြေးဆွဲကြသည်။

ကိုဗစ်ကာလပြီးနောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines),  Ruili Airlines, China Eastern Airlines ၊ China Southerm Airlines,  Myanmar Airways နှင့် Xiamen Airlines တို့သည် ရန်ကုန်၊ မန္တလေးမြို့တို့နှင့် တရုတ်နိုင်ငံရှိ ထင်ရှားသော မြို့ကြီးများအကြား ပြန်လည်၍ ပျံသန်းပြေးဆွဲလျက်ရှိသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လေကြောင်းလိုင်းအသစ်များ တိုးချဲ့ပြေးဆွဲခြင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ကူမင်း ခရီးစဉ်လည်း ပါဝင်သည်။ရန်ကုန်-ကူမင်း-ရန်ကုန် ခရီးစဉ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်ပျံသန်းပြေးဆွဲခဲ့ပြီး ရန်ကုန်မြို့နှင့် ကူမင်းမြို့အကြား ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးခရီးစဉ်ကိုလည်း ပျံသန်းပြေးဆွဲလျက်ရှိသည်။ထို့ပြင် ယူနန်-ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။

China Eastern လေကြောင်းလိုင်းမှ ကူမင်း-မန္တလေး၊ ကူမင်း-ရန်ကုန် လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရန် စီစဉ်နေပြီး ရွှေလီလေကြောင်းလိုင်း (Ruili Airlines) မှ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။ Ruili Airlines လေကြောင်းလိုင်းသည် ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တက်ဟုန်းမြို့သို့ လေကြောင်းခရီးစဉ် ပြေးဆွဲခဲ့သည်။

China Eastern လေကြောင်းလိုင်းမှ ရန်ကုန်-ရှန်ဟိုင်း လေကြောင်းခရီးစဉ်များကို ၂၀၂၃ ခုနှစ်ကတည်းက ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ BRI စီမံကိန်းများတွင် မြန်မာနိုင်ငံရှိ လေဆိပ်များနှင့် လေကြောင်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးလည်း အပါအဝင်ဖြစ်သည်။တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လေကြောင်းလိုင်းဝန်ဆောင်မှု သဘောတူညီချက်၊ ပျံသန်းပြေးဆွဲမှု လွယ်ကူချောမွေ့စေရန်နှင့် ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုမြှင့်တင်ရန် ကဏ္ဍများကို အဆင်မြှင့်တင်ထားသည်။နှစ်နိုင်ငံလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်း၊ တိုးချဲ့ပြေးဆွဲခြင်းတို့က ခရီးသွားလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို များစွာအထောက်အကူပြုခဲ့သည်။

ကိုဗစ်ကပ်ရောဂါကာလမတိုင်မီက မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အလွန်များပြားခဲ့သည်။မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဦးရေ လာရောက်လည်ပတ်မှုမှာ ၂၀၁၈ ခုနှစ်တွင် နှစ်သိန်းနီးပါး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသွားဦးရေ လေးသိန်းခွဲနည်းပါးမျှ လာရောက်လည်ပတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ပေါများပြီး သဘာဝဆွဲဆောင်မှုရှိသော မြန်မာနိုင်ငံသည် တရုတ်ခရီးသွားများအကြား ရေပန်းစားသော နေရာတစ်ခုဖြစ်ခဲ့သည်။လေကြောင်းလိုင်းများ ဖွံ့ဖြိုးခြင်းသည် စီးပွားရေးတိုးတက်မှုများနှင့် ချိတ်ဆက်နေသည့်အတွက် လေဆိပ်၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ၊ နိုင်ငံတကာကုန်သွယ်မှုအပါအဝင် လေကြောင်းလိုင်းနှင့် ဆက်စပ်လုပ်ငန်းများကို အဓိကပံ့ပိုးပေးပို့ပေးနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လေကြောင်းလိုင်းများ ဆက်ဆံရေးသည် နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်သော ဆက်ဆံရေးအတွက် အရေးပါသော ကဏ္ဍတစ်ခုဖြစ်နေပြီး စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးတို့ကို များစွာအထောက်အကူ ဖြစ်စေပါသည်။

အမွန်