【 နိုင်ငံတကာဆောင်းပါး 】 စီးပွားရေးစနစ် ပြောင်းလဲခြင်းက GDP တိုးတက်မှုပန်းတိုင်ကို လက်တွေ့ကျစေနိုင်

【 နိုင်ငံတကာဆောင်းပါး 】 စီးပွားရေးစနစ် ပြောင်းလဲခြင်းက GDP တိုးတက်မှုပန်းတိုင်ကို လက်တွေ့ကျစေနိုင်

တရုတ်သည် ယခုနှစ်အတွက် ဂျီဒီပီတိုးတက်မှုကို ၅ ရာခိုင်နှုန်းခန့် ခန့်မှန်းထားကြောင်း အစိုးရလုပ်ငန်း အစီရင်ခံစာအရ သိရသည်။

မနှစ်က နှုန်းထားနှင့် တူညီနေသော ခန့်မှန်းချက်သည် စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်နှင့် ကိုက်ညီနေသော်လည်း အနောက်နိုင်ငံသားများက ရည်မှန်းချက်ကြီးလွန်းသည်ဟု ဖော်ပြကြသည်။

“၂၀၂၄ ခုနှစ်မှာ မနှစ်ကလိုမျိုး ကပ်ရောဂါမှ နာလန်ထကာစလို ဘာမှမရှိသောအခြေအနေ မဟုတ်သောကြောင့် မနှစ်ကနှင့် အတူတူနှုန်းထားထားလျှင် ခက်ခဲမည်” ဟု Bloomberg က ဆိုသည်။

“အိမ်ခြံမြေအကျပ်အတည်း၊ ငွေကြေးဖောင်းပွမှု ပိုမိုမြင့်တက်လာခြင်း၊ ရှယ်ယာဈေးကွက်ပြိုလဲမှုနှင့် ဒေသတွင်း အစိုးရကြွေးမြီပြဿနာများ မြင့်တက်လာခြင်းတို့က အကြွေးဖြင့်ဖြစ်သော အစိုးရဦးဆောင်သည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် မှီခိုနေရသည့် တရုတ်စီးပွားရေးကို ပိုမိုဖိအားဖြစ်လာသည်” ဟု ရိုက်တာသတင်းဌာနက ဆိုသည်။

သို့သော် တရုတ်သည် ယခုနှစ် ဂျီဒီပီတိုးတက်မှု ပန်းတိုင်သို့ လမ်းဖောက်ရန်အတွက်  စနစ်ဆိုင်ရာ ကန့်သတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ပြတ်သားသောခြေလှမ်းများ စတင်ရန် ဆုံးဖြတ်ချက် ခိုင်မာစွာချထားပြီးဖြစ်သည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ စီးပွားရေးမညီမျှမှုများကို လျှော့ချရန်အတွက် စီးပွားရေးစနစ်ကို ကုန်ထုတ်လုပ်ခြင်းမှ တန်ဖိုးမြင့်ဝန်ဆောင်မှုများသို့ ကူးပြောင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ စားသုံးမှုသို့ ပြောင်းလဲခြင်းများ လိုအပ်သည်။ထို့အတွက် တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ထုတ်လုပ်မှု စွမ်းအားသစ်များကို မြှင့်တင်ရန်နှင့် ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရန် ပြုလုပ်သွားမည်ဖြစ်သည်။

အစိုးရလုပ်ငန်းအစီရင်ခံစာအရ တရုတ်သည် ကြီးမားသော ဒေတာများအတွက် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ပြီး AI-plus ကို စတင်မည်ဖြစ်သည်။တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုစွမ်းရည်ကို မြှင့်တင်ရန် နိုင်ငံတစ်ဝန်းရှိ အရင်းအမြစ်များကို စုစည်းသွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး စမ်းသပ်မှုလုပ်ဆောင်ချက်များအတွက် အသုံးစရိတ်သည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၃.၃ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၈.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးသော စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ်များ မြှင့်တင်ရုံဖြင့် မလုံလောက်ဘဲ လျော့ကျလာသော အိမ်ခြံမြေဈေးကွက်ကြောင့် သုံးစွဲမှုသည်လည်း တရုတ်၏ စီးပွားရေးတိုးတက်မှုလမ်းကြောင်းကို ဆက်လက်ထိန်းထားရန် အရေးပါလာသည်။

အကယ်၍ တရုတ်၏ GDP သည် လာမည့်ဆယ်စုနှစ်အတွင်း ၄ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းတွင် ဆက်လက်ကြီးထွားနေပါက အခြားသော အဓိကစီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုရှယ်ယာများကို လျှော့ချရမည် (သို့မဟုတ်) တရုတ်နိုင်ငံက တိုးတက်မှုက မှီခိုနေသည့်အရာကို ရင်းနှီးမြှုပ်နှံမှုမှ ပြည်တွင်းစားသုံးမှုသို့ ပြောင်းလဲသွားစေရန် မူဝါဒများကို ချမှတ်ရမည်ဖြစ်သည်ဟု Carnegie China အဖွဲ့မှ အကြီးတန်းအရာရှိ မိုက်ကယ် ပတ်တိစ်က ဆိုသည်။

စီးပွားရေးလုပ်ငန်းများက ရှယ်ယာရင်းနှီးမြှုပ်နှံမှုများကို လျှော့ချရန်မှာ ဖြစ်နိုင်ခြေမရှိဘဲ တရုတ်သည် ထောက်ပံ့ရေးဘက်မှ စနစ်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ကာ ပြည်တွင်းဝယ်လိုအားကို တိုးချဲ့သွားမည်ဖြစ်ကြောင်း အစိုးရ၏ လုပ်ငန်းအစီရင်ခံစာအရ သိရသည်။စားသုံးမှုကို နှိုးဆွရန် တစ်နှစ်တာအစီအစဉ်ကို ပြုလုပ်သွားဦးမည်ဖြစ်ပြီး စားသုံးမှုများတွင် ဒစ်ဂျစ်တယ်ဖြစ်စေရန်၊ သဘာဝပတ်ဝန်းကျင် အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာရေးနှင့် ဆက်နွယ်စေရန် မူဝါဒများ ချမှတ်သွားမည်ဖြစ်သည်။

ထို့အပြင် အစိုးရသည် ၂၀၂၄ ခုနှစ်တွင် မြို့ပြများ၌ အလုပ်အကိုင်ပေါင်း ၁၂ သန်းကျော် ဖန်တီးရန် စီစဉ်ထားပြီး အလုပ်အကိုင်ရရှိမှုနှုန်းနှင့် ပြည်သူများ၏ ဝင်ငွေတိုးလာခြင်းသည် စားသုံးသူယုံကြည်မှုကို အားကောင်းစေပြီး စားသုံးသူများ၏ ဝယ်လိုအားကို ပြန်လည်ဦးမော့လာစေမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် စားသုံးမှုသည် စီးပွားရေးတိုးတက်မှုကို ၄.၃ ရာခိုင်နှုန်းအထိ တွန်းအားပေးခဲ့ပြီး ယခုနှစ်တွင်လည်း တရုတ်၏ GDP တိုးတက်မှုအတွက် ပိုမိုထောက်ပံ့သွားရန် မျှော်မှန်းထားသည်။

မနှစ်ကကဲ့သို့ ကပ်ရောဂါမှ နာလန်ထကာစ ဘာမှမရှိသော အခြေအနေဖြင့် မျက်နှာသာပေးခြင်း မခံရသောကြောင့် စိန်ခေါ်မှုရှိမည်မှန်သော်လည်း တရုတ်သည် ၂၀၂၄ ခုနှစ်တွင် ပိုမိုအားကောင်းသည့် အစီအမံများကို လုပ်ဆောင်သွားပြီး အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ကာ ပြည်တွင်းစားသုံးမှုကို မြှင့်တင်သွားမည်ဖြစ်သည်။ထိုအချက်သည် တရုတ်နိုင်ငံ၏ စီးပွားရေးစနစ် ပြောင်းလဲမှုအတွက် အရေးပါပြီး အရည်အသွေးမြင့် တိုးတက်မှုအတွက် လမ်းဖောက်ပေးနိုင်မည်ဖြစ်သည်။

အဆိုးမြင်သောအသံများ ရှိနေသော်လည်း အစိုးရ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံ၏ပြောင်းလဲနေသော စီးပွားရေးစနစ်မှ ဖြစ်ပေါ်လာသော တိုးတက်မှုအလားအလာတို့နှင့်အတူ တရုတ်နိုင်ငံ၏ ၅ ရာခိုင်နှုန်း GDP ရည်မှန်းချက်သည် အောင်မြင်နိုင်ရုံသာမက ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက်လည်း အတုယူစရာဖြစ်လာမည်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | Shifting economic structure makes China's GDP growth target realistic