【 နိုင်ငံတကာဆောင်းပါး 】 ညီတူညီမျှစိတ်ကြောင့် တိုးတက်လာသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု

【 နိုင်ငံတကာဆောင်းပါး 】 ညီတူညီမျှစိတ်ကြောင့် တိုးတက်လာသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု

တရုတ်အပါအဝင် ဒေသတွင်း ၆ နိုင်ငံ ပါဝင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (LMC) သည် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၅ ခုနှစ်မှစလျှင် အတော်လေးခရီးပေါက်လာခဲ့ပြီဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံက မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုကြောင်း ဆွေးနွေးရာမှ တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ် ထူထောင်ရန် အဆိုပြုခဲ့ရာမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၌ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ရေတွက်လျှင် ယခုနှစ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (LMC) ၏  ၈ နှစ်မြောက်ဖြစ်သည်။ယခုနှစ်တွင် (၈) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပေကျင်းတွင် ကျင်းပခဲ့သည်။၎င်းအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်  မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

၇ နှစ်ကျော်လာသည့်  LMC ၏ သက်တမ်းအတွင်း ဒေသတွင်းနိုင်ငံများရှိ ဖွံ့ဖြိုးတိုးတက်မှုနည်းသော မဲခေါင်-လန်ချန်း (သံလွင်) မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသများတွင် ဖြစ်ပေါ်တိုးတက်မှုများစွာရှိခဲ့သည်။ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်တွင်ပြုလုပ်သည့် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး” စကားဝိုင်းတွင် ထိုအကြောင်းက စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ထိုစကားဝိုင်းတွင် ဝင်ဆွေးနွေးသည့် ဦးဝင်းဇေယျာထွန်းက ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုများစွာရရှိခဲ့ကြောင်း ပြောခဲ့သည်။

မြန်မာဘက်ခြမ်းတွင် ဆောင်ရွက်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ စီမံကိန်းများသည် များစွာပင်ရှိခဲ့သည်။ထို့အတွက် အောင်မြင်မှုကို အချက်နှစ်ချက်ဖြင့်ပြောခဲ့ရာတွင် ဒေသခွဲအတွင်း အောင်မြင်မှုနှင့် အဖွဲ့ဝင်နိုင်ငံတစ်ခုချင်းဆီမှာ ရရှိနိုင်တဲ့ အောင်မြင်မှုများကိုဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ပြီး ခုနစ်နှစ်တာအတွင်း အဖွဲ့ဝင်နိုင်ငံများတွင် စီမံကိန်း ၇၈၀ ကျော် အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဦးဝင်းဇေယျာထွန်းက ဆိုသည်။ထို ၇၈၀ ကျော်ထဲတွင် မြန်မာနိုင်ငံအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း (၁၀၆) ခုအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းကို မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား အထောက်အကူပြုနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍ စသည့် ကျယ်ပြန့်လှသည့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းများမှလည်း သိသာထင်ရှားသော အကျိုးရလဒ်များရရှိခဲ့သည်။

ထို့အတွက် သိသာသော ဥပမာပြချက်အဖြစ် ၂၀၁၇ခုနှစ်က ပြင်ဦးလွင်ဘက်တွင် LMCF ပရောဂျက်ဖြင့် လုပ်ခဲ့သည့် ကော်ဖီထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုလုပ်ခဲ့ရာ ယခုအချိန်တွင် မြန်မာပြည်မှထွက်သော ကော်ဖီမှာ  ဒေသတွင်းဖြစ်သည့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် ရောင်းမလိုက်ဖြစ်နေပြီဟု ဦးဝင်းဇေယျာထွန်းက ဆိုသည်။

ဒေါက်တာနိုင်ဆွေဦးကလည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှာ ကာလတိုအတွင်း အောင်မြင်မှုအရှိဆုံးဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောခဲ့ပါတယ်။အရေးကြီးသည်အချက်အဖြစ် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှုကို လျှော့ချရန်အတွက် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဟုလည်း ပြောခဲ့သည်။

ယင်းအပေါ် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုညွှန်ချုပ် ဒေါ်ညိုညိုဝင်းက လန်ချန်း-မဲခေါင် ရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ်က စပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့ရာမှာ အတွေ့အကြုံဖလှယ်တဲ့ စီမံကိန်းတစ်ခု၊ ဘက်စုံဖွံ့ဖြိုးရေး ကျေးလက်ဆင်းရဲမှုလျှော့ချရေး စီမံကိန်းနှစ်ခု၊ ကျေးလက်ရေရှိရေး စီမံကိန်းနှစ်ခု၊ကျေးလက်မီးလင်းရေး စီမံကိန်း ၄ ခုအပါအဝင် စီမံကိန်း ၉ ခု ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ဒီထဲမှာ နှစ်ခုကပြီးစီးလို့ စီမံကိန်း ၇ ခု ကျန်နေသေးတယ်လို့ ဆိုပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကြောင့် ကိုဗစ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်ကူညီမှုများရှိခဲ့ပြီး BRI အစိတ်အပိုင်းတစ်ခုအဖြစ်လည်း ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဒေါက်တာနိုင်ဆွေဦးက ဆိုပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နှင့် ကျန် ၅ နိုင်ငံကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၄၁၆ ဒသမ ၇ ဘီလီယံအထိရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာဆက်ဆံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်ကတော့ လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှာ  မြန်မာနိုင်ငံ ပါဝင်ခြင်းနဲ့ပတ်သက်ပြီး ယနေ့ခေတ်မှာ interdependence သည် မရှိမဖြစ်လိုအပ်၊ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ နိုင်ငံတစ်နိုင်ငံ မတိုးတက်နိုင်၊ မြန်မာနိုင်ငံအနေဖြင့် LMC တွင် ပါဝင်ခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်တွင်းမူဝါဒများနှင့်အတူ ချိန်ဆဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုတိုးတက်မှုဖော်ဆောင်နိုင်၊ LMC ရည်မှန်းချက်များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေမှုများနှင့် ကိုက်ညီ၊ သို့ဖြစ်ရာ အကျိုးရှိသည်ဟု ယူဆ၊ အထူးသဖြင့် စိုက်ပျိုးမွေး၊ ဆင်းရဲမှုလျှော့ချရေးတို့ကို အထောက်အကူပြုသည်ဟု ယူဆကြောင်း သဘောထားပေးခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကြောင့် မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားသည့် နိုင်ငံဖြစ်သဖြင့် ကျေးလက်နေပြည်သူများ/ဆင်းရဲနွမ်းပါးသည့်ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူမှုဘဝမြင့်မားရေးကို အဓိကအထောက်အကူပြုစေနိုင်သဖြင့် အကျိုးကျေးဇူးများစွာရှိပြီး အခြေခံလူတန်းစားအတွက် ပံ့ပိုးပေးသည့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြင်ကြောင်း ပြောခဲ့သည်။

မကြာသေးမီက ပေကျင်းတွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက LMC အနေဖြင့် နောက်ထပ်တစ်ဆင့်၏ နယ်ပယ်ခြောက်ခုဖြစ်သော အေးအတူပူအမျှ နီးကပ်သောအသိုက်အဝန်း တည်ဆောက်ရေး၊ အချင်းချင်း ပိုမိုချိတ်ဆက်မှုရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရပ်ဝန်း ဖန်တီးရေး၊ ပိုမိုလုံခြုံတိုးတက်မှုရှိသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရေး၊ ပိုမိုအလားအလာကောင်းသော ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ကူးပြောင်းရေး၊ ပိုမိုထူးခြားမှုများနှင့်အတူ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ ပိုမို၍ အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှု သဘောထားကို အားပေးထောက်ခံရေးတို့ကို အာရုံစိုက်သင့်ကြောင်း အကြံပြုခဲ့သည်။

ယခုအခါ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) လုပ်ငန်းစဉ်ကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမှု၊ ဒေသတွင်း တိုးတက်မှုနှင့် သာယာဝပြောမှု၊ နိုင်ငံအားလုံး၏ စက်မှုအသွင်ကူးပြောင်းမှုနှင့် ခေတ်မီအသွင်ပြောင်းမှု၏ အရေးကြီးသော ပလက်ဖောင်းတစ်ခုရှိလာပြီဖြစ်သည်။

သို့ဖြစ်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းကြောင့် နောင်မကြာသည့်ကာလများတွင် လန်ချန်း-မဲခေါင်ဒေသသည် ကမ္ဘာပေါ်တွင် တိုးတက်ဖွံ့ဖြိုးမှု အားအကောင်းဆုံး ဒေသအဖြစ် မြင်ရတော့မည်ဖြစ်လေသည်။

လင်းသစ်အောင်