【 နိုင်ငံတကာဆောင်းပါး 】 တည်ဆောက်ဖို့ ခက်ခဲတဲ့ ပင်လယ်ဖြတ်ကူး အထွေထွေစီမံကိန်းကြီး (အပိုင်း - ၂)

【 နိုင်ငံတကာဆောင်းပါး 】 တည်ဆောက်ဖို့ ခက်ခဲတဲ့ ပင်လယ်ဖြတ်ကူး အထွေထွေစီမံကိန်းကြီး (အပိုင်း - ၂)

စန်းကျန့်-ကျုံးစန်း လမ်းကြောင်းချိတ်ဆက်မှုရဲ့ ပင်မလမ်းကြောင်းမှာ ချိတ်ဆက်ထားတဲ့ လိန်တင်းရန်တံတားကို တည်ဆောက်ရာမှာ ရေကြောင်းသွားလာရေး လိုအပ်ချက်ကိုလည်း တွေးတောပြီး တည်ဆောက်ခဲ့ကြပါတယ်။တံတားအောက်ကနေ ဖြတ်သန်းသွားလာမယ့် သင်္ဘောကြီးတွေ အဆင်ပြေဖို့ ထည့်သွင်းစဉ်းစားခဲ့ကြပြီး အနာဂတ်မှာလည်း ကမ္ဘာမှာ ကြီးမားတဲ့ ကွန်တိန်နာသင်္ဘောကြီးတွေပါ သွားလာမှုအဆင်ပြေစေဖို့ ပြုလုပ်ခဲ့ကြပါတယ်။

ဒီစဉ်းစားချက်ကြောင့် လိန်တင်းရန်တံတားအောက်ကနေ တန်ချိန် ၃ သိန်း တင်ဆောင်နိုင်တဲ့ ကုန်တင်သင်္ဘောတွေနဲ့ TEU ၃၀,၀၀၀ ရှိတဲ့ ကွန်တိန်နာသင်္ဘောတွေလို အလွန်ကြီးမားတဲ့ သင်္ဘောကြီးတွေလည်း အလွယ်တကူဖြတ်သန်းသွားလာနိုင်တယ်လို့ ဆိုပါတယ်။ဒါကြောင့်လည်း လိန်တင်းရန်တံတားဟာ ပင်မမျှော်စင်က ၂၇၀ မီတာအထိ အမြင့်ရှိခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံး ပင်လယ်တွင်းတံတား ဖြစ်လာတာလည်းဖြစ်ပါတယ်။တံတားကြမ်းခင်းကနေ ရေမျက်နှာပြင်အထိ ၉၁ မီတာအထိရှိနေကာ ကမ္ဘာပေါ်မှာ ရေမျက်နှာပြင်ကနေ တံတားကြမ်းခင်းအထိ အကွာအဝေးအမြင့်ဆုံးသော ပင်လယ်ကူးတံတားအဖြစ် တည်ရှိလာတာလည်းဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆိုခဲ့တဲ့ အချက်တွေကြောင့် ခန်းဖွင့်အကျယ် အလွန်ကြီးမားပြီး၊ တံတားကြမ်းခင်း အမြင့်ဆုံးလည်းဖြစ်တဲ့ လိန်တင်းရန်တံတားဟာ ပုလဲမြစ်ဝရဲ့ တိုင်ဖုန်းမုန်တိုင်း ကျရောက်လေ့ရှိတဲ့နေရာမှာ တည်ရှိနေလို့ တံတားရဲ့ ဖွဲ့စည်းပုံမှာ လေဒဏ်ခံနိုင်မှုအပေါ် ကြီးမားတဲ့စိန်ခေါ်မှုတွေရှိတာကြောင့် ဒါကိုရင်ဆိုင်ဖို့ ထည့်သွင်းတွက်ချက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ဒါ့ကြောင့် တံတားတည်ဆောက်ရာမှာ ကျောက်ချရပ် နေရာတစ်ခုရဲ့ အလေးချိန်ဟာဆိုရင် တန်ချိန် ၁ သန်းခန့်ရှိနေပြီး အကျယ်အဝန်းအားဖြင့် မြင်သာအောင် ဖော်ပြကြရာမှာ နိုင်ငံတကာအဆင့်မီ ဘတ်စကက်ဘောကစားကွင်း ၁၇ ခုစာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ဒီကိုယ်ပိုင်အလေးချိန်ကြောင့်ပဲ တံတားတစ်ခုလုံးနဲ့ တံတားပေါ်ဖြတ်သန်းသွားလာကြမယ့် ယာဉ်အားလုံးရဲ့ အလေးချိန်ကို ဖိထားနိုင်တယ်လို့ဆိုပြီး ဒီတံတားရဲ့ critical wind speed of flutter က ကမ္ဘာ့အမြင့်ဆုံးမှာရှိနေကာ လေတိုက်နှုန်းအဆင့် ၁၇ ရှိတဲ့ တိုင်ဖုန်းမုန်တိုင်းကို ခံနိုင်ရည်ရှိတယ်လို့ ဖော်ပြကြပါတယ်။

နောက်ထပ်ရှိနေတာက စန်းကျန့်-ကျုံးစန်း လမ်းကြောင်း စီမံကိန်းမှာပါဝင်တဲ့ ဥမင်လိုဏ်ခေါင်းနဲ့ တံတားအလှည့်အပြောင်းဖြစ်ပါတယ်။ဒီနေရာမှာ အဝင်၊ အထွက်ပေါက်က ကျွန်းတုဖြစ်နေတာကလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ ဒီကျွန်းတုဟာဆိုရင် စံချိန်မီဘောလုံးကွင်း ၁၉ ခုလောက် ကျယ်ဝန်းတယ်လို့ ဖော်ပြကြပြီး ဒါကို ဝေဟင်ထက်ကနေကြည့်လိုက်ရင် စွန်လိုလို၊ ပင်လယ်ထဲမှာ ကူးခတ်နေတဲ့ ငါးလက်ထုံ (Stingray) တစ်ကောင်နဲ့ ဆင်တူတယ်လို့ ဖော်ပြကြပါတယ်။ဒါ့အပြင် ဗိသုကာအလှပါ ပေါ်လွင်တဲ့ ဒီဇိုင်းက ရေစီးဆင်းမှုအဟန့်အတားကို လျှော့ချပေးနိုင်သလို ရေခွဲအနေနဲ့လည်း အကျိုးသက်ရောက်မှု ပိုကောင်းမွန်တဲ့ ပုံစံဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကျွန်းတုကို တည်ဆောက်မှုအပိုင်းအနေနဲ့ ၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့မှာ ပထမဆုံး ဆလင်ဒါကြီးကို ထည့်သွင်းခဲ့ကြပြီး အရွယ်အစားအလွန်ကြီးမားတဲ့ သံမဏိဆလင်ဒါကို ထည့်သွင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ ကျွန်းတုအဖြစ် တည်ဆောက်ရာမှာ အချိန်လေးလခွဲခန့်သာကြာမြင့်ခဲ့ပြီး ဒီတည်ဆောက်မှုမှာဆိုရင်လည်း လျင်မြန်စွာ ကျွန်းတည်ဆောက်တဲ့ ကမ္ဘာ့စံချိန်သစ်အနေနဲ့ရှိခဲ့တယ်လို့ ဖော်ပြမှုတွေရှိပါတယ်။ဒီကျွန်းတု တည်ဆောက်မှုအတွင်း အမြင့် ၃၈ မှ ၄၂ မီတာ၊ အချင်း ၂၈ မီတာ၊ အလေးချိန် တန်ချိန် ၆၅၀ ရှိတဲ့ ဧရာမသံမဏိဆလင်ဒါကြီး ၅၇ ခုကို ပင်လယ်ထဲ ထည့်သွင်းထားကာ အကာအရံလုပ်ခဲ့ပြီး သဲဖို့ကာ ကျွန်းတုအဖြစ် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ကျွန်းရဲ့ ခိုင်ခံ့မှုအပိုင်းအနေနဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ကျွန်းသက်တမ်း တစ်နှစ်ရှိနေချိန် စူပါတိုင်ဖုန်းမုန်တိုင်း “Mangkhut” ရဲ့ စမ်းသပ်မှုကို ခံနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တည်ဆောက်ဖို့ခက်ခဲတဲ့ လမ်းကြောင်းရဲ့ ဆက်သွယ်မှုအပိုင်းမှာ နောက်ထပ်ရှိနေတာက လက်ရှိ ကမ္ဘာ့အရှည်ဆုံးနဲ့ အကျယ်ဆုံးဖြစ်လာမယ့် ဥမင်လိုဏ်ခေါင်းဖြစ်ပါတယ်။ပင်လယ်အောက်မှာ ပိုက်လိုင်း နှစ်မြှုပ်ပြီး ပင်လယ်အောက်ဘက်မှာရှိနေတဲ့ ဥမင်လိုဏ်ခေါင်းအစိတ်အပိုင်းဟာ ၆.၈ ကီလိုမီတာခန့် ရှည်လျားမှာဖြစ်ပြီး ၈ လမ်းသွား ကားလမ်းပါရှိမှာလည်းဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ ကွန်ကရစ်လောင်း ပိုက်လိုင်း နှစ်မြှုပ်ပြီး သံမဏိအကာရှိတဲ့ ဥမင်လိုဏ်ခေါင်းဖွဲ့စည်းမှုပုံစံပဲဖြစ်ပါတယ်။ဒါဟာ ပြည်တွင်း၊ ပြည်ပမှာ ပထမဆုံးအကြိမ် အကြီးစားအသုံးချမှုဖြစ်တဲ့အတွက် ဆန်းပြားသစ်လွင်တဲ့ နည်းပညာဖြစ်ပြီး စိန်ခေါ်မှုများစွာရှိနေတယ်လို့ ဖော်ပြကြပါတယ်။

ဒီလိုတည်ဆောက်ဖို့ ခက်ခဲတဲ့ လမ်းပန်းဆက်သွယ်ရေးတစ်ခုရဲ့ နောက်ကွယ်မှာတော့ ကြီးမားလွန်းလှတဲ့ အဝေးပြေးလမ်းပန်းဆက်သွယ်ရေး ကွန်ရက်ကြီးတစ်ခုဖြစ်လာပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတိုးတက်မှုကိုလည်းရရှိဖို့ မျှော်မှန်းလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ပုလဲမြစ်ဝရဲ့ ‘A’ ပုံသဏ္ဍာန် လမ်းပန်းဆက်သွယ်ရေးကွန်ရက်မှာ အရေးပါတဲ့ ချိတ်ဆက်မှုဖြစ်တဲ့ စန်းကျန့်-ကျုံးစန်း လမ်းကြောင်းကြီးကို လာမယ့်နှစ်မှာ ဆောက်လုပ်ပြီးစီး ဖွင့်လှစ်နိုင်မယ်ဆိုရင် ဆောက်လုပ်ပြီးစီးထားတဲ့ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား၊ နန်ရှားတံတား၊ ဟူမန်တံတား စတဲ့ ပင်လယ်ကူး၊ မြစ်ကူးတံတားတွေနဲ့အတူ ပုလဲမြစ်ဝရဲ့ အရှေ့နဲ့ အနောက်ကမ်း နှစ်ဖက်ရှိမြို့ပြများကို ချိတ်ဆက်ပေးတဲ့ အဝေးပြေးလမ်းပန်း ဆက်သွယ်ရေးကွန်ရက်ကြီး ရုပ်လုံးပေါ်သွားမယ်လို့ ဆိုကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီတည်ဆောက်မှုတွေဟာ မဟာပင်လယ်အော်ဒေသရဲ့ မြို့ပြတွေကြား အပြန်အလှန်ချိတ်ဆက်မှုနဲ့အတူ လမ်းတစ်လျှောက် ဒေသတွေမှာလည်း တစ်နာရီအတွင်း သွားရောက်နိုင်တဲ့ အခြေအနေကြောင့် လမ်းခရီးဆက်သွယ်ရေး ပိုမိုပွင့်လန်းလာမှုနဲ့အတူ လူမှုစီးပွားဖွံ့ဖြိုးမှု အသီးအပွင့်တွေလည်းရှိလာနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

မိုးသား