【 နိုင်ငံတကာဆောင်းပါး 】 အဆင့်မြင့်သည့် ပြင်ပသို့ တံခါးဖွင့်လှစ်မှုအတွက် အစီအမံငါးရပ်

【 နိုင်ငံတကာဆောင်းပါး 】 အဆင့်မြင့်သည့် ပြင်ပသို့ တံခါးဖွင့်လှစ်မှုအတွက် အစီအမံငါးရပ်

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သော သမ္မတ ရှီကျင့်ဖျင်သည် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၌ မိန့်ခွန်းပြောကြားခဲ့ပြီး ပိုမိုအဆင့်မြင့်စွာ ပြင်ပသို့ တံခါးဖွင့်လှစ်မှုနှင့်ပတ်သက်သော အစီအမံငါးရပ်ကို ကြေညာခဲ့သည်။
 
တရုတ်၏ ပြည်ပသို့ တံခါးဖွင့်လှစ်ခြင်းသည် အရေးပါသော အချိန်ကာလသို့ ရောက်နေပြီး ပိုမို၍ကျယ်ပြန့်ဖို့သာ ရှိလာသည်ဟု သမ္မတ ရှီက ဆိုသည်။
 
ပြင်ပသို့ တံခါးဖွင့်လှစ်ခြင်းအတွက် အမျိုးသားမူဝါဒများကို အခြေခံကာ ပြုပြင်ပြောင်းလဲရေးကို အားပေးပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုမှတစ်ဆင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
 
ပထမဆုံးအချက်အနေဖြင့် စျေးကွက်ကို ဆက်ပြီးဖွင့်လှစ်ရန်ဖြစ်သည်။လူဦးရေ ၁.၄ ဘီလီယံနီးပါးရှိသည့် တရုတ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး အလယ်အလတ်ဝင်ငွေရှိ အုပ်စုဖြစ်ပြီး ကြီးမားသောစျေးကွက်နှင့် အလားအလာများရှိနေခြင်းဖြစ်သည်။တရုတ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပြည်တွင်းစားသုံးမှု၏ အခြေခံ အခန်းကဏ္ဍကို အားကောင်းစေမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ချဲ့ထွင်မည် ဖြစ်သည်။
 
သွင်းကုန်အခန်းကဏ္ဍကို ပိုမိုအာရုံစိုက်ပြီး အခွန်အခများနှင့် အဖွဲ့အစည်းဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချကာ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်အတွက် သွင်းကုန် ကုန်သွယ်မှုအတွက် သရုပ်ပြဇုန်များ ဖော်ဆောင်ရန်နှင့် အရည်အသွေးမြင့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံအားလုံးသို့ တိုးချဲ့သွားမည်ဖြစ်သည်။
 
သွင်းကုန်နှင့် ပို့ကုန်ကို ပေါင်းစပ်တိုးတက်စေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် နှစ်လမ်းသွား ရင်းနှီးမြှုပ် နှံမှုများမှတစ်ဆင့် နိုင်ငံတကာနှင့် ပြည်တွင်း ဈေးကွက်များ လွတ်လပ်စနစ်ကျစွာ စီးဆင်းမှုနှင့် သက်ရောက်မှုအားကောင်းသော အရင်းအမြစ်များ ခွဲဝေမှုနှင့် နက်ရှိုင်းသော စျေးကွက်ပေါင်းစပ်မှုတို့ကို မြှင့်တင်မည်ဖြစ်သည်။
 
ဒုတိယအချက်အနေဖြင့် ပွင့်လင်းမြင်သာမှုပုံစံကို ဆက်လက်မြှင့်တင်ရန်ဖြစ်သည်။တရုတ်သည် လွတ်လပ်သော ကုန်သွယ်ရေးဇုန်များအတွက် ရှေ့ပြေးစီမံကိန်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဟိုင်နန်ပြည်နယ်၌ လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း တည်ဆောက်မှုကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သည်။
 
ပေကျင်း၊ တီယန်ကျန်းနှင့် ဟေဘေးတို့၏ ပေါင်းစပ်တိုးတက်မှု၊ ယန်ဇီမြစ်ဝှမ်းစီးပွားရေးခါးပတ် တိုးတက်မှု၊ ယန်ဇီမြစ်ဝှမ်းဒေသ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှု၊ ကွမ်တုန်း-ဟောင်ကောင်-မကာအိုနှင့် ဩစတြေးလျပင်လယ်အော် တည်ဆောက်မှုတို့ကို ဆက်လက်အားပေးကာ ဂေဟစနစ် ကာကွယ်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသားအဆင့် မဟာဗျူဟာသစ်များ ချမှတ်ဆောင်ရွက်သွားပြီး ပြင်ပသို့ ဖွင့်လှစ်ခြင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။
 
တတိယအချက်အနေဖြင့် စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ခုနှစ် စီးပွားရေးပတ်ဝန်းကျင် အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ စီးပွားရေး ပတ်ဝန်းကျင် အဆင့်သတ်မှတ်ချက်သည် ၄၆ မှ ၃၁ အထိ ၁၅ နေရာ မြင့်တက်လာခဲ့သည်။ဆက်လက်ပြီး တရုတ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကချိတ်ဆက်မှုများနှင့် နေရာများတွင် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး အမျိုးသားအုပ်ချုပ်မှု စနစ်နှင့် စွမ်းအင်များတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အဆင့်မြင့်သော ပြင်ပသို့ ဖွင့်လှစ်မှုကို အာမခံနိုင်မည် ဖြစ်သည်။ထို့အပြင် တရုတ်သည် ဈေးကွက်ဗဟို ပြုရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်ဖြစ်ပေါ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် စျေးကွက်ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးခြင်း၊ အမည်ပျက်စာရင်းများ ဆက်လက်လျှော့ချရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ကာကွယ်ရေးနှင့် အခြားသောစနစ်များကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်သည်။ဉာဏပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးများကို ကာကွယ်တန်ဖိုးထားသော တရားစီရင်ရေးစနစ်ကို ဖြစ်ပေါ်လာပြီး ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ တရားဥပဒေစိုးမိုးမှု အကာအကွယ်များကို အားကောင်းစေမည်ဖြစ်သည်။
 
စတုတ္ထအချက်အနေဖြင့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရန်ဖြစ်သည်။နိုင်ငံစုံဝါဒကို ထောက်ခံသူဖြစ်သည့်အလျောက် တရုတ်နိုင်ငံသည် ပြင်ပသို့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ရေးနှင့် ဘက်စုံကုန်သွယ်မှုစနစ်၏ လွှမ်းမိုးမှုနှင့် ထိရောက်မှုကို မြှင့်တင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အား လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တရုတ်က အားပေးလျက်ရှိသည်။
 
တရုတ်နိုင်ငံသည် ပိုများသော နိုင်ငံများနှင့် စံနှုန်းမြင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးလိုပြီး တရုတ်-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်၊ တရုတ်-ဂျပန်-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်နှင့် တရုတ်-ဂျီစီစီ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များအတွက် ညှိနှိုင်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်မည်ဖြစ်သည်။ထို့အပြင် ကုလသမဂ္ဂ၊ ဂျီ ၂၀၊ BRICS နှင့် အခြားသော ယန္တရားများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို ပူးပေါင်းမြှင့်တင်သွားမည်ဖြစ်သည်။
 
ပဉ္စမအချက်အနေဖြင့် ခါးပတ်နှင့် လမ်း အစီအစဉ်ကို ဆက်လက်ပူးပေါင်း မြှင့်တင်ရန်ဖြစ်သည်။လက်ရှိတွင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၇ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ တို့နှင့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်စာတမ်း ၁၉၇ ခု လက်မှတ်ရေးထိုးထားသည်။တရုတ်နိုင်ငံသည် ပူးတွဲဆွေးနွေးခြင်း၊ ပူးပေါင်းတည်ဆောက်ခြင်းနှင့် မျှဝေခြင်း မူများကို လိုက်နာမည်ဖြစ်သည်။ပွင့်လင်းမြင်သာမှု၊ ပတ်ဝန်းကျင်အထောက်အကူပြုမှုနှင့် သိက္ခာရှိမှုဆိုင်ရာ သဘောတရားကို လိုက်နာပြီး မြင့်မားသော စံနှုန်းများရရှိရန်၊ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် ရေရှည်တည်တံ့သော ပန်းတိုင်များကို အကျိုးပြုရန်နှင့် ခါးပတ်နှင့် လမ်း အစီအစဉ်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲတည်ဆောက်ရန်တို့ကို ကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - Xi Jinping: five measures to continue to promote a higher level of opening up to the outside world and three initiatives to jointly build the world economy| news-metal