【နိုင်ငံတကာ‌ဆောင်းပါး】တရုတ်- အာဆီယံကုန်သွယ်ရေးအလားအလာ

【နိုင်ငံတကာ‌ဆောင်းပါး】တရုတ်- အာဆီယံကုန်သွယ်ရေးအလားအလာ

ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်းနှင့် စီးပွားရေး နှေးကွေးခြင်းတို့ကြားတွင် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့သည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တန်ပြန်ရန် ဒေသ တွင်းတိုးတက်မှုနှင့် တည်ငြိမ်ရေးသို့ အရှိန်အဟုန်အသစ်များ ထည့်သွင်းခြင်းဖြင့် ပိုမိုနီးကပ်သောဆက်ဆံရေး တည်ဆောက်ရန် ကတိပြုခဲ့ကြသည်။
 
ယခုနှစ်ကာလအတွင်း တရုတ်-အာဆီယံဆက်ဆံရေးသည် ဆက်ဆံရေးသက်တမ်းတစ်လျှောက် အကောင်းဆုံးအချိန်ကာလသို့ ရောက်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ တရုတ်နှင့်အာဆီယံတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်မတည်ဆောက်ရန်၊ အပြန်အလှန်ချိတ်ဆက်နိုင်မှုကို မြှင့်တင်ရန်နှင့် မျှဝေသည့်အနာဂတ်နှင့်အတူ ပိုမိုနီးကပ်သော တရုတ်-အာဆီယံအသိုက်အဝန်းအတွက် စက်မှုနှင့်ထောက်ပံ့ရေးကွင်း ဆက်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် အတူတကွလုပ်ဆောင်သင့်သည်ဟု တရုတ်ဝန်ကြီးချုပ် Li Qiang က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ကျင်းပသည့် ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီး အစည်းအဝေးတွင် ပြောခဲ့သည်။ 
 
၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းကာလမှစကာ တွေ့ဆုံဆွေးနွေးရေးဖြင့် ဆက်ဆံရေး စတင်ချိန်မှစကာ တရုတ်နှင့်အာဆီယံတို့ကြား  ဘက်စုံပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခဲ့ပြီး ဒေသတွင်းရှိ ပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့သည်။
 
အမေရိကန်နှင့် တရုတ်သည် အာဆီယံ၏ စီးပွားရေးဆက်ဆံမှုတွင်  အစုအဖွဲ့အတွက် အရေးကြီးသည်။ နှစ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်များဖြစ်ပြီး ၎င်းတို့၏ စီးပွားရေးတိုးတက်မှုသည် အာဆီယံအဖွဲ့ဝင်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရာတွင် အဓိကကျသည်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်း အမေရိကန်-တရုတ် စီးပွားရေး ဆုတ်ယုတ်မှုသည် အင်အားကြီး နှစ်နိုင် ငံ၏ အရေးပါသော ကုန်သွယ်မှု ဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး အခြားစီးပွားရေးများကိုပါ နှေးကွေးမှုကို ဖြစ်စေခဲ့သည့် အချက်တစ်ချက် ဖြစ်လာခဲ့သည်။ သို့သော် အာဆီယံသည်ချွင်းချက်ဖြစ်ခဲ့သည်။
 
မကြာသေးမီနှစ်များအတွင်း အာဆီယံနိုင်ငံများသည် ကုန်သွယ်မှုအတွက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှု တိုးလာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် အာဆီယံသို့ ပို့ကုန်၏ ၂၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုပြီး သွင်းကုန်၏  ၂၇ဒသမ ၂ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ ယင်းက ကမ္ဘာ့စက်မှုကွင်းဆက်၏ ဗဟိုချက်ဖြစ်သော အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား နီးကပ်သော ကုန်သွယ်မှု ဆက်ဆံရေးကို ညွှန်ပြနေသည်။ တရုတ်နိုင်ငံသို့ အာဆီယံ၏ တင်ပို့မှု အများစုသည် တစ်ဝက်တစ်ပျက် သို့မဟုတ် ကုန်ချောအဖြစ် ရောက်ရှိပြီး အမေရိကန်-တရုတ် ကုန်သွယ်မှုသို့ ဝင်ရောက်လာကြသည်။ ထို့ကြောင့်အမေရိကန်-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ကျဆင်းမှုသည် ဒေသတွင်း ထောက်ပံ့ရေး ကွင်းဆက်များမှတစ်ဆင့် အရှေ့တောင်အာရှ၏ အမေရိကန်နှင့် ကုန်သွယ်မှုကိုပါ ဆုတ်ယုတ်သွားစေခဲ့သည်။
 
တရုတ်နှင့် အာဆီယံကြားတွင် ကုန်သွယ်မှုအပြင် အခြားသောစည်းနှောင်မှုလည်းရှိသည်။ ထိုသည်မှာ BRI ဖြစ်သည်။ အထူးသဖြင့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရာ ဂျကာတာတွင် အာဆီယံဒေသ၏ မြန်နှုန်းမြင့်ရထားလမ်း(HSR)ဖြစ်သည့် ဂျကာတာ-ဘန်ဒေါင်းရထားလမ်းပရောဂျက်ရှိသည်။ ထိုရထားလမ်းသည် တရုတ်နှင့် အင်ဒိုနီးရှားကြား Belt and Road Initiative (BRI) အောက်ရှိ အထင်ကရ ပရောဂျက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ မီးရထားစနစ်များ၊ နည်းပညာများနှင့် စက်မှုအစိတ်အပိုင်းများကို အပြည့်အဝ အသုံးပြုထားသည့် ပထမဆုံးပြည်ပ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းဖြစ်ပြီး အင်ဒိုနီးရှားနှင့် အရှေ့တောင် အာရှတွင် ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း ဖြစ်လာမည်ဖြစ်သည်။ 
 
ထို့ပြင် အရည်အသွေးမြင့် တရုတ်-လာအို မီးရထားနှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်-ဆီဟာနုဗီးလ် အမြန်လမ်းတို့ကဲ့သို့ အရည်အသွေးမြင့်စွာ ပြီးစီးခဲ့သည့် BRI ပရောဂျက်များလည်းရှိသည်။ ထိုသို့ အာဆီယံ ဒေသ၏ အခြေခံအဆောက်အဦကဏ္ဍတွင် တရုတ်က ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နှင့် အာဆီယံကုန်သွယ်မှုနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲတိုးတက်စေခဲ့သည်။
 
တရုတ်နှင့် အာဆီယံတို့သည် တစ်ဦးနှင့်တစ်ဦး ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေသောကြောင့် ၎င်းတို့၏ နီးကပ်သောဆက်ဆံရေးသည် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုး တက်မှုနှင့် သာယာဝပြောရေးအတွက် အရေးကြီးသည်။ နှစ်နိုင်ငံကုန်သွယ်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက ကန်ဒေါ် လာ ၄၄၃.၆ ဘီလီယံမှ သိသိသာသာ တိုးမြင့်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၉၇၅.၃ ဘီလီယံ သို့ ၁၁.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် နှစ်ဘက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ဘီလီယံ ၃၈၀ သို့ တိုးပွားလာသည်။
 
ဘုံဖွံ့ဖြိုးတိုးတက်မှုဆီသို့ နောက်ထပ်ခြေလှမ်းတစ်ရပ်အနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ဇွန်လ ၂ ရက်က အပြည့်အဝအသက်ဝင်ခဲ့သည့် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကမ္ဘာ့အကြီးဆုံးလွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကို လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်ခဲ့သည်။ထိုသက်ရောက်မှုကြောင့် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား (EV) တင်ပို့သည့်နိုင်ငံဖြစ်သည် တရုတ်နိုင်ငံသည် ယခုအခါ အရှေ့တောင်အာရှတစ်ဝှမ်းတွင် တရုတ် EV အမှတ်တံဆိပ်များ တပ်ဆင်စက်ရုံများ ထူထောင်နေသည် ကိုတွေ့ရမည်ဖြစ်သည်။ 
 
ထို့ပြင် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ၏ သန့်ရှင်းသောစွမ်းအင်အသွင်ကူးပြောင်းရေးတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ၂၀၃၀ မှာ အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို အမေရိကန် ဒေါ်လာ ၁ ထရီလီယံအထိ တိုးလာဖို့ မျှော်မှန်းထားကြောင်းဆိုခဲ့ရာ ထိုသည်မှာ တရုတ်၏ကျောထောက်နောက်ခံပြုမှုအပေါ်  ထည့်သွင်းထားကြောင်း ပြသနေခြင်းဖြစ်သည်။ 
 
ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကျယ်ပြန့်သော အလားအလာများနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများသည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ (FTA) ၏ နောက်ဆုံးဗားရှင်းကို အရှိန်မြှင့်ရန် သဘောတူညီထားသည့် အချိန်ဇယားနှင့်အညီ မျှော်လင့်ထားသည်။ အာဆီယံ-တရုတ် FTA 3.0 အဆင့်မြှင့် တင်ရေး စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်ရန် တရုတ်နိုင်ငံက အဆိုပြုထားပြီး ၂၀၂၄ ခုနှစ်တွင် စေ့စပ် ညှိနှိုင်းမှုများကို နိဂုံးချုပ်ရန် နှစ်ဘက်စလုံးက ကြိုးပမ်းနေသည်။
သေချာနေသည်ကား အနာဂတ်တွင်  တရုတ်နှင့် အာဆီယံအကြား စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးသည် ယခင်ကထက် ပိုပြီး နက်ရှိုင်းလာလိမ့်မည်ဖြစ်ခြင်းပင် ဖြစ်သည်။
 
လင်းသစ်အောင်