【 ဆောင်းပါး 】 တရုတ်-မြန်မာ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းမှုရဲ့ ပြယုဂ်

【 ဆောင်းပါး 】 တရုတ်-မြန်မာ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းမှုရဲ့ ပြယုဂ်

မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း (MTC) အကောင်ထည်ဖော်ရေး စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံကနေ အကူအညီပေးအပ်ထားတဲ့ ယင်းစီမံကိန်းများစတင်ခြင်း အခမ်းအနားကိုတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu နှင့် ထိုစဉ်က မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးသည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းစီမံကိန်းဟာ သိပ္ပံသုတေသန၊ ကပ်ရောဂါကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လူရည်ချွန်မွေးထုတ်ရေး စသည့် ကဏ္ဍများတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပြီး နှစ်နိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံ ပြည်သူများကို ဆောလျင်စွာနှင့် များများအကျိုးခံစားရစေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်းလည်း တရုတ်သံအမတ်ကြီး Mr. Chen Hai ယင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ကူညီတည်ဆောက်သည့် ရောဂါတိုက်ဖျက်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းစီမံကိန်းသည် ထိုစဉ်က နှစ်နိုင်ငံခေါင်းဆောင်များက ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်ရရှိသည့် သဘောတူညီချက်များထဲမှ တစ်ခုဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ်ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြေဧက (၂၀) ကျယ်ဝန်းသော နေရာမှာ မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း (Medical Training Center) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေတာ သုံးနှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။အဆိုပါစီမံကိန်းဟာ ယွမ်သန်း ၄၀၀ ခန့် တန်ဖိုးရှိပြီး နိုင်ငံတကာအဆင့်မီ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

အဆောက်အအုံ တည်ဆောက်ရာတွင် CDC အဆောက်အအုံ၊ လေ့ကျင့်ရေးအဆောက်အအုံ၊ စီမံအုပ်ချုပ်ရေး အဆောက်အအုံ၊ ပြင်ပဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သည့်အပြင် ဓာတ်ခွဲခန်း စက်ပစ္စည်းများလည်း တွဲဖက်ထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့် ၃ (Biosafety level P3) ဓာတ်ခွဲခန်းတို့လည်း ပါဝင်ပါတယ်။အဲဒီစီမံကိန်းမှာ ရောဂါထိန်းချုပ်ရေးဗဟိုဌာနအဆောင်၊ လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံးအဆောင်၊ ပြင်ပဆောက်လုပ်ရေးနဲ့ တွဲဖက်လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းများ ပါဝင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေဖြင့် အဆောက်အအုံများအပြင် နှစ်နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုလည်း ထောက်ပံ့ပေးပြီး ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများ လေ့ကျင့်ပေးမှာဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများ မွေးထုတ်ပေးနိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိတည်ဆောက်နေတဲ့ စီမံကိန်းမှာ သင်တန်းသား၊ သင်တန်းသူ ၂၀၀ ခန့် ထားရှိ လေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ် ကျန်းမာရေးသင်တန်းကျောင်း အဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတို့ ပါရှိပါတယ်။

အဆိုပါစီမံကိန်းအား မြန်မာနှင့် တရုတ်တို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် ဗဟိုဌာနတစ်ခုအား မြန်မာနိုင်ငံတွင် ထူထောင်သွားရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

သုံးနှစ်ကြာ တည်ဆောက်ပြီး မကြာခင်မှာ ရုပ်လုံးပေါ်လာတော့မယ့် Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း တရုတ်နိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲခန်းပညာရှင်များအား တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Jiangsu CDC) သို့ ပညာတော်သင်စေလွှတ်၍ ဓာတ်ခွဲခန်းဆိုင်ရာပညာရပ်များ လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနတွင် ဇီဝလုံခြုံမှု အဆင့် (၃) (Biosafety Level 3) ရှိ ဓာတ်ခွဲခန်းအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ ပါဝင်မည်ဖြစ်ပြီး အဆိုပါဓာတ်ခွဲခန်းများ စနစ်တကျ အပြည့်အဝလည်ပတ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင် (၃၅) ဦးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ တရုတ်နိုင်ငံရှိ Jiangsu CDC သို့ ၆ လကြာ စေလွှတ်၍ သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာပဲ ကိုဗစ်ရောဂါကာကွယ်ဆေးများ ထောက်ပံ့လှူဒါန်းတာ၊ မြန်မာနိုင်ငံသို့ အသည်းရောင်အသားဝါဘီပိုးနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးများ အကြိမ်များစွာထောက်ပံ့ပေးခဲ့တာ၊ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ၊ နတ်မောက်ဆေးရုံ စသည့် အဖွဲ့အစည်းများကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေးခဲ့တာ၊ မန္တလေး စသည့် ဒေသများတွင် COVID-19 ဗိုင်းရပ်စ် စမ်းသပ်ရေး ဓာတ်ခွဲခန်းများ ကူညီတည်ဆောက်ပေးခဲ့တာအပါအဝင် ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

ထို့အတူပဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်အကောင်ထည်ဖော်ခဲ့တဲ့ မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရေး စီမံကိန်းဟာလည်း အခု ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်တော့မယ်လို့လည်း သိရပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ်ပြယုဂ်တစ်ခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရေး စီမံကိန်းဟာလည်း မြန်မာနိုင်ငံရဲ့ ခေတ်မီကျွမ်းကျင်မှု အရည်အချင်းအမြင့်ဆုံး ရောဂါထိန်းချုပ်ဗဟိုဌာန ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ခန့်မောင်