【 နိုင်ငံတကာဆောင်းပါး 】 ခေါင်းကိုက်စရာဖြစ်လာသည့် ဘိုင်ဒန်၏ ရွေးကောက်ပွဲ မဲဆွယ်ရေး

【 နိုင်ငံတကာဆောင်းပါး 】 ခေါင်းကိုက်စရာဖြစ်လာသည့် ဘိုင်ဒန်၏ ရွေးကောက်ပွဲ မဲဆွယ်ရေး

အမေရိကန်သမ္မတ ဘိုင်ဒန်သည် လာမည့် ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သည်။ထိုရွေးကောက်ပွဲကို ဒီမိုကရက်တစ်ပါတီက ဒီမိုကရေစီအတွက် အရေးကြီးသော တိုက်ပွဲဟု သတ်မှတ်ထားခြင်းဖြစ်သည်။

မဲဆွယ်ပွဲများ စတင်ပြုလုပ်လာသော ဘိုင်ဒန်သည် ကြုံတွေ့ရမည့် အခက်အခဲများကို သဘောပေါက် နားလည်လာပြီဖြစ်သည်။ဘိုင်ဒန်၏ အောင်မြင်မှုပန်းတိုင်သည် လွယ်ကူမည် မဟုတ်မည်ကို မဲဆွယ်ပွဲအကြံပေးသူများက လက်ခံထားကြပြီး လာမည့်အပတ်များအတွင်း အားထုတ်မှုများကို အရှိန်မြှင့်တင်သွားမည်ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီအတွင်းတွင် အမြင်ကွဲပြားနေသော ဂါဇာပြဿနာသည် အများပြည်သူများကြားသို့ပါ ပျံ့နှံ့သွားပြီး အင်္ဂါနေ့က ပြုလုပ်ခဲ့သော မိန့်ခွန်းတစ်ခုတွင် ဂါဇာစစ်ပွဲ ဆန့်ကျင်သူများ၏ ဟန့်တားနှောင့်ယှက်ခြင်းကို ကြုံတွေ့ခဲ့ရသည်။သို့သော်လည်း ထောက်ခံသူများက ပြန်လည်အားပေးကာ နှောင့်ယှက်ခြင်းများကို ရပ်တန့်နိုင်ခဲ့ကြသည်။ဗုဒ္ဓဟူးနေ့တွင်မူ ဘိုင်ဒန်သည် မော်တော်ယာဉ်လုပ်သားများသမဂ္ဂထံမှ ထောက်ခံမှုကို ရယူနိုင်ခဲ့ပြီး မီချီဂန်ပြည်နယ်၌ အနိုင်ရနိုင်ခြေအပေါ်တွင် များစွာသက်ရောက်မှုရှိလာမည်ဖြစ်သည်။နောက်ပိုင်းတွင် ဘိုင်ဒန်သည် အဓိကအခက်အခဲဖြစ်သည့် စီးပွားရေးပြဿနာနှင့်ပတ်သက်သော အမြင်များကို ဖြေရှင်းရေး အားထုတ်သွားမည်ဖြစ်သည်။အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုနေရာများကို သွားရောက်လည်ပတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ဘိုင်ဒန်၏ အကြံပေးများက ထရမ့်နှင့် တိုက်ရိုက်ယှဉ်ပြိုင်လိုကြပြီး ထရမ့်ကြောင့်ပင် သူတို့၏ မဲဆွယ်မှုများက ပို၍အကျိုးသက်ရောက်မှုရှိမည်ဟု ယုံကြည်ကြခြင်းဖြစ်သည်။ထရမ့်၏ အင်္ဂါနေ့ မိန့်ခွန်းတွင် နစ်ကီ ဟေလီအား အပုပ်ချပြောဆိုခဲ့ခြင်း၊ အဝတ်အစားနှင့်ပတ်သက်၍ ဝေဖန်ခဲ့ခြင်းမျိုးကို လာမည့်လများတွင် ဆက်လုပ်သွားရန် မျှော်လင့်ကြခြင်းဖြစ်သည်။ထိုမှသာ ထရမ့်အပေါ်အမြင်များ မကောင်းဘက်သို့ ရောက်လာမည်ကိုလည်း တွက်ချက်ထားခြင်းဖြစ်သည်။လက်တလောတွင် တစ်သီးပုဂ္ဂလများကြားတွင် ထရမ့်အား အမြင်မကြည်သူများရှိနေပြီး အချို့သော ရီပတ်ဗလစ်ကန်များကလည်း စိတ်အားထက်သန်မှု မရှိကြသည်ကို တွေ့ရသည်။

သို့သော် ဘိုင်ဒန်သည်လည်း အလားတူပြဿနာကို ဒီမိုကရက်များအကြား ကြုံတွေ့နေရပြီး အစ္စရေးနှင့် ဟားမတ်စ် စစ်ပွဲကြောင့်ဖြစ်သည်။ဘိုင်ဒန်၏ အများပြည်သူနှင့် ထိတွေ့ဆက်ဆံသော အခမ်းအနားများတွင် ပါလက်စတိုင်းထောက်ခံသူများ၏ ကန့်ကွက်ဆန္ဒပြခြင်းများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် ဘိုင်ဒန်သည် ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်ပေးရန် တောင်းဆိုသော အာရပ်-အမေရိကန် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့စဉ်က ဂါဇာပြဿနာကို နိုင်ငံရေးအမြင်ဖြင့် ကြည့်မည် မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်တစ်ဦး၏ အမြင်ဖြင့် ကြည့်မည်ဟု ဆိုခဲ့သည်။ဘိုင်ဒန်နှင့် ဒီမိုကရက်များအနေဖြင့် ပြဿနာကို ညှိနှိုင်းဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း မီချီဂန်လွှတ်တော်အမတ် ဒက်ဘီ ဒင်ဂဲလ်က ဆိုသည်။

အများပြည်သူအမြင်နှင့်ပတ်သက်၍မူ မူစလင်များ အဓိကရှိရာ နိုင်ငံများမှ လူများ ပြည်ဝင်ရောက်ခွင့်ကို ပိတ်ပင်မည့် ထရမ့်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို အများပြည်သူသိရှိအောင် ဖော်ထုတ်ပြသ ပညာပေးရမည်ဟု ဆိုသည်။

တစ်ဖက်တွင်မူ ဘိုင်ဒန်၏ မဲဆွယ်ပွဲဗျူဟာများနှင့်ပတ်သက်ပြီး ပါတီခေါင်းဆောင်များနှင့် အလှူရှင်များအကြား အမြင်ကွဲလွဲမှုများရှိနေသည်။ဘိုင်ဒန်သည် အဓိကအကြံပေးနှစ်ဦးဖြစ်သော ဂျန် အိုမယ်လီ ဒီ လွန်နှင့် မိုက်ခ် ဒွန်နီလွန်တို့ကို အိမ်ဖြူတော်မှ မဲဆွယ်ပွဲရုံးချုပ်သို့ ပြောင်းရွှေ့ခဲ့သည်။သမ္မတ၏ နိုင်ငံရေးအင်အားသည် မူလတွင် အိမ်ဖြူတော်၌ ဗဟိုပြုသောကြောင့် ထိုပြောင်းရွှေ့မှုက ထိခိုက်မှုဖြစ်မည်ကို စိုးရိမ်ကြသူများရှိလာသည်။သို့သော်လည်း အများစုကမူ ထိုသို့ပြောင်းရွှေ့လိုက်ခြင်းက အပြုသဘောဆောင်ပြီး မဲဆွယ်ပွဲတွင် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်သင့်ကာ အမျိုးမျိုးသောကဏ္ဍများတွင် ပါဝင်ခြင်းက ပိုကောင်းသည်ဟု ယူဆကြသည်။

ဘိုင်ဒန်၏ အောင်မြင်မှုများဖြစ်သော အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေအသစ်များ၊ ကျောင်းသား အကြွေးသက်သာချောင်ချိခွင့်များနှင့် ကိုဗစ်-၁၉ သက်သာချောင်ချိခွင့်များသည် အများပြည်သူထံ မထိုးဖောက်နိုင်သေးခြင်းကို အကြီးတန်း ဒီမိုကရက်များက စိုးရိမ်နေကြသည်။သို့သော်လည်း သုံးစွဲသူ စိတ်ကျေနပ်မှု တိုးတက်လာခြင်း၊ ငွေကြေးဖောင်းပွမှု သက်သာလာခြင်းနှင့် လုပ်ခလစာ တိုးမြင့်လာခြင်းတို့ကြောင့် မကြာမီတွင် အပြုသဘောဆောင်သော အမြင်များအဖြစ် ပြောင်းလဲသွားနိုင်မည်ကိုလည်း မျှော်လင့်လျက်ရှိသည်။

တစ်ဖက်တွင်မူ ဘိုင်ဒန်၏ စီးပွားရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး သုံးပုံတစ်ပုံအောက်ကသာ ထောက်ခံမှုများရှိနေသည်ကို စစ်တမ်းများ၌ တွေ့နေရခြင်းက အားမလိုအားမရဖွယ် ဖြစ်နေသည်။မဲပေးသူများကို ကတိပေးထားသော အချို့သော အခြေခံအဆောက်အအုံ စီမံကိန်းများ မပြီးမြောက်သေးခြင်းကလည်း ဘိုင်ဒန်အတွက် ခေါင်းကိုက်စရာဖြစ်နေသည်။  သို့သော်လည်း ဘိုင်ဒန်၏အဖွဲ့များက ယုံကြည်ကြသည်မှာ ရီပတ်ဗလစ်ကန်ဘက်မှ ထရမ့်ကို ကိုယ်စားလှယ်အဖြစ် ထားလိုက်ခြင်းက သူတို့၏ ငြင်းခုန်မှုများအတွက် အကျိုးရှိနိုင်မည်ဟူသော အချက်ပင်ဖြစ်သည်။မဲပေးသူများအနေဖြင့် ဘိုင်ဒန်နှင့် ထရမ့်အကြား ရွေးချယ်စရာဖြစ်လာပါက ဘိုင်ဒန်ကို ရွေးချယ်လိမ့်မည်ဟု ယူဆထားကြခြင်းဖြစ်သည်။

အခြားသောပြဿနာတစ်ရပ်မှာ ဘိုင်ဒန်သည် ပြီးခဲ့သောလများတွင် အိမ်ဖြူတော်အတွင်းတွင်သာ ပြဿနာများ ဖြေရှင်းရင်း ပိတ်မိနေပြီး အချိန်အများစုကို ပြည်ပပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေရသည်ဟု ဆိုသည်။ဘိုင်ဒန်၏ အဖွဲ့က အချိန်စီမံခန့်ခွဲရေးအတွက် နည်းလမ်းများ ရှာဖွေလာကြသည်။မူဝါဒများဆိုင်ရာ မိန့်ခွန်းများ ပြောကြားခြင်းမှစတင်ပြီး နေရာဒေသများသို့ အလည်အပတ်သွားရောက်ရေးနှင့် အများပြည်သူများနှင့် ထိတွေ့ဆက်ဆံရေးတို့ကို ပိုပြီးလုပ်ရန် ပြင်ဆင်လာကြသည်။

ယခုပိတ်ရက်အတွင်းတွင် တောင်ပိုင်းကယ်လီဖိုးနီးယား၌ မဲဆွယ်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်း ယှဉ်ပြိုင်မှု ပြုလုပ်သွားမည်ဖြစ်သည်။ယခုရွေးကောက်ပွဲရာသီတွင် ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားလှယ်လောင်း မဲစာရင်းတွင် ဘိုင်ဒန် နာမည်ပါလာသည့် ထိုကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲသည် ဘိုင်ဒန်၏ အားသာချက်များနှင့် အားနည်းချက်များအတွက် သဲလွန်စများပေးသွားမည်လည်းဖြစ်သည်။

NaYoe
Ref - CNN | Biden’s campaign headaches on display in repeat public interruptions