【 နိုင်ငံတကာဆောင်းပါး 】 ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်

【 နိုင်ငံတကာဆောင်းပါး 】 ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်

ဘုံဖြစ်သော၊ ဘက်ပေါင်းစုံပါဝင်သော၊ ရေရှည်တည်တံ့သော လုံခြုံရေးဖြစ်လာရန်နှင့် စစ်အေးခေတ်စိတ်ဓာတ်နှင့် ထိပ်တိုက်တွေ့ဆုံခြင်းတို့ကို ရှောင်ရှားရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်တစ်ခုကို အဆိုပြုခဲ့သည်။
 
ယူကရိန်းအကျပ်အတည်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအတွက် စိုးရိမ်မှုများ မြင့် 
တက်နေချိန်တွင် စည်းလုံးညီညွတ်မှု၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို အရေးတကြီးလိုအပ်နေသည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။
 
သမ္မတ ရှီက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အတူတကွ လုပ်ဆောင်ရန်နှင့် တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ကာ အုပ်စုဖွဲ့ နိုင်ငံရေးနှင့် ထိပ်တိုက်ရင်ဆိုင်မှုအား ငြင်းဆန်ရန်အတွက် အစီအစဉ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။
 
အစီအစဉ်အရ တစ်ဦး၏ လုံခြုံရေးကို ထိခိုက်စေမှုများ၊ တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုများနှင့် မျက်နှာနှစ်ဖက်ရှိခြင်းများကို ဆန့်ကျင်ကာ နိုင်ငံများကြား ကွဲပြားမှုနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ထောက်ပံ့ပေးထားသည်။
 
နိုင်ငံတကာအခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအကြား ဆက်စပ်မှုလည်း ပိုမြင့်လာပြီး ယခုအဆိုပြုချက်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့်လည်း ဆက်စပ်လျက်ရှိသည်။
 
သမ္မတ ရှီသည် ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်ကြုံတွေ့ရပြီးနောက် ပို၍ဟန်ချက်ညီသော၊ အားလုံးညှိနှိုင်းပါဝင်သော တိုးတက်မှုရရှိစေရန် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။
 
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်တွင် ပြည်တွင်းလုံခြုံမှုနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံမှုတို့အကြား ဆက်စပ်မှုကိုလည်း ဖော်ပြထားသည်။
 
နိုင်ငံတစ်ခု၏ လုံခြုံရေးသည် ဒေသဆိုင်ရာ လုံခြုံရေးနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။
 
ဥပမာ ယူကရိန်း-ရုရှား ပြဿနာကို ဖြေရှင်းရာတွင် တရုတ်သမ္မတသည် ဒေသတွင်း လုံခြုံရေး အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းလျက်ရှိသည်။
 
ကမ္ဘာကြီးသည် ထိပ်တိုက်တွေ့ဆုံခြင်းများနှင့် စစ်အေးခေတ်အချိန်ကာလများသို့ ပြန်သွားရန် ထိခိုက်လွယ်သော အခြေအနေများတွင် ရပ်တည်နေခြင်းဖြစ်သောကြောင့် သမ္မတ ရှီ၏ အဆိုပြုချက်သည် အရေးပေါ် ဖြစ်ပြီး မရှိမဖြစ်လိုအပ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
 
တရုတ်သည် ဘုံစိန်ခေါ်မှုများကို အားလုံးအတူ ဖြေရှင်းရန် တိုက်တွန်းနေချိန်တွင် အမေရိကန်သည် ဥရောပသမဂ္ဂမဟာမိတ်များနှင့် တွေ့ဆုံကာ တရုတ်ကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ထိုကဲ့သို့ သိသာသော ဆန့်ကျင်ဘက်ဖြစ်နေခြင်းက မည်သူက တာဝန်ဝတ္တရားကို လိုက်နာဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးနေသည်နှင့် မည်သူက ပြဿနာများနှင့် ထိပ်တိုက်တွေ့ဆုံခြင်းများကို သာ အစဖော်နေကြောင်း သိသာထင်ရှားစေသည်ဟု သုံးသပ်သူများက ဆိုသည်။
 
ယခုခေတ် အချိန်ကာလ၌ နိုင်ငံတကာ အသိုက်အဝန်းသည် ခေတ်မီပြီး ပေါင်းစည်းသည့် ယန္တရားတစ်ခုဖြစ်လာကြောင်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။ထို့ကြောင့် တစ်ဦး တစ်ယောက် အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားရန် ကြိုးစားပါက ပြဿနာများ ယူဆောင်လာမည်ဖြစ်ပြီး နှစ်ဦး နှစ်ဖက် အကျိုးယုတ်စေမည် ဖြစ်သည်။
 
“နိုင်ငံကြီးများအနေနဲ့ သာတူညီမျှမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေစိုးမိုးရေးနှင့် အားလုံးအကျိုးအမြတ်ရရှိရေးတို့ ဂုဏ်သိက္ခာရှိစွာ ဥပမာပြ ဦးဆောင်ပေးဖို့လိုပါတယ်။ပွင့်လင်းတဲ့ ကမ္ဘာ့စီးပွားရေးဖြစ်လာဖို့၊ အသေးစိတ် မူဝါဒ ပေါင်းစပ်ညှိနှိုင်းဖို့၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့နဲ့ ဟန်ချက်မျှပြီး အားလုံးပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့ အတူတကွ ကတိကဝတ်ပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု သမ္မတ ရှီက ဆိုသည်။
 
အာရှတိုက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တိုးတက်ရေးတို့အတွက် အားစိုက်ထုတ်ရန် နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအတွက် ငြိမ်းချမ်းရေးယူဆောင်သူဖြစ်ရန်လည်း သမ္မတ ရှီက တိုက်တွန်းခဲ့သည်။
 
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် တစ်ခုနှင့် တစ်ခု နီးကပ်စွာ ဆက်စပ်လျက်ရှိသောကြောင့် နိုင်ငံအချို့ကို ချန်လှပ်ထားရန် ကြိုးပမ်းခြင်းသည် အားလုံးအတွက် အကျိုးရှိမည် မဟုတ်ပေ။
 
အထူးသဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုက အားနည်းနေသေးပြီး အချို့နိုင်ငံများတွင် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ အကျပ်အတည်းများစွာရှိနေသည်။
 
ထို့အတွက်ကြောင့် စစ်မှန်သော နိုင်ငံစုံဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို စွဲမြဲစွာ လိုက်နာခြင်းသည်သာ လက်ရှိ ခက်ခဲသော အခြေအနေတွင် ဆက်လက်လျှောက်လှမ်းရန် နည်းလမ်းဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။
 
စိုးနိုင်ထွန်း
Ref - Xi proposes Global Security Initiative at Boao Forum, ‘sends signal of peace, stability amid global turmoil’ | Globaltimes