【 နိုင်ငံတကာဆောင်းပါး 】 စစ်ပွဲများနှင့် အမေရိကန် စက်မှုစီးပွားရေး အကျိုးအမြတ်

【 နိုင်ငံတကာဆောင်းပါး 】 စစ်ပွဲများနှင့် အမေရိကန် စက်မှုစီးပွားရေး အကျိုးအမြတ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အစီရင်ခံစာတစ်စောင်ကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်သည့် အစီရင်ခံစာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်၏ နိုင်ငံခြားသို့ လက်နက်ရောင်းချသော စာရင်းဖြစ်ပြီး အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးကာ ရောင်းချရသော စာရင်းဖြစ်သည်။

ထိုအစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်က ပြည်ပနိုင်ငံများအား လက်နက်ရောင်းချမှုပမာဏမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကထက် ၁၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြခဲ့ပြီး ရောင်းချရသော ပမာဏသည် ဒေါ်လာ ၈၀.၉ ဘီလီယံရှိခဲ့သည်။ထိုအရောင်းပမာဏသည် ပြီးခဲ့သည် ၂၀၂၂ ခုနှစ်ကထက် ၅၆ ရာခိုင်နှုန်း တက်လာကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ်တွင် အစိုးရမဟုတ်သော အမေရိကန်လက်နက်ကုမ္ပဏီများ၏ အရောင်းပမာဏသည် အမေရိကန်ဒေါ်လာ ၁၅၇.၅ ဘီလီယံရှိခဲ့သည်။ထိုအရောင်းပမာဏသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကထက် ၂.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ကမ္ဘာ့အရပ်ရပ်တွင် ပြီးခဲ့သည့်နှစ်အတွင်း စစ်ပွဲများ၊ ဒေသမတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ကမ္ဘာတစ်ဝန်းနိုင်ငံများမှာ ကာကွယ်ရေးအတွက် ကုန်ကျစရိတ်ကို ပိုမိုကျခံခဲ့ရသည်။ထိုသို့သောအကြောင်းတရားများကြောင့် ကမ္ဘာ့လက်နက်ထုတ်လုပ်ရောင်းချသည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ ဗြိတိန် စသော နိုင်ငံများရှိ လက်နက်ကုမ္ပဏီများ အကျိုးဖြစ်ထွန်းခဲ့သည်။

လက်နက်ရောင်းဝယ်ရေးသည် ရှုပ်ထွေးပြီး အကျိုးအမြတ်ကြီးမားရာ ဒေသဆိုင်ရာ စစ်ပွဲများသည် လက်နက်ကုမ္ပဏီကြီးများ၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသဖြင့် စစ်ပွဲများရပ်စဲရန် ခက်သည်ကို ပညာရှင်များနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက မကြာခဏထောက်ပြဝေဖန်လေ့ရှိကြသည်။အထူးသဖြင့် စစ်ပွဲကြောင့် အကျိုးအဖြစ်ထွန်းဆုံးမှာ သမိုင်းကြောင်းအရ အမေရိကန်နှင့် ရုရှားဖြစ်သည်။

လက်ရှိသမ္မတ ဘိုင်ဒင်၏ လက်ထက်တွင် အမေရိကန်၏ အကျိုးစီးပွားမြှင့်တင်ရန် အမေရိကန်က ပြည်တွင်းမှာရော နိုင်ငံတကာတွင်မှာပါ ဒေါ်လာဘီလီယံ ရာနှင့်ချီပြီး သုံးစွဲခဲ့သည်။ထိုသို့သုံးစွဲရာတွင် အကြီးမားဆုံး အကျိုးခံစားခွင့်အချို့မှာ အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး လက်နက်ကော်ပိုရေးရှင်းအချို့ဆီ ရောက်သွားခဲ့သည်။ထိုကော်ပိုရေးရှင်းများသည် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ ဝန်ဆောင်ပေးမှုများကို အထူးပြုလုပ်ဆောင်သော ကော်ပိုရေးရှင်းများဖြစ်သည်။

အထင်ရှားဆုံးအနေဖြင့် ဘိုင်ဒင်သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ကာကွယ်ရေးဌာနသို့ ဒေါ်လာ ၈၁၆.၇ ဘီလီယံ ခွဲဝေချထားပေးသော အမျိုးသားကာကွယ်ရေးခွင့်ပြုချက် အက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။ထိုဘတ်ဂျက်အများစုကို ကာကွယ်ရေးကန်ထရိုက်များထံမှ လက်နက်နှင့် ဝန်ဆောင်မှုများ လုံခြုံစေရန်အတွက် စစ်ဘက်ဆိုင်ရာစာချုပ်များတွင် ဒေါ်လာ ၃၈၉.၅ ဘီလီယံခန့် သုံးစွဲခဲ့သည်ဟု DOD နှစ်ပတ်လည်အစီရင်ခံစာအရ ဖော်ပြထားသည်။

ထိုစာချုပ်များပါ လက်နက်များကို ပြည်ပရှိ မဟာမိတ်များထံ တင်ပို့ရာတွင် သုံးစွဲခဲ့ပြီး ထို့အတွက် အမေရိကန်စစ်တပ်၏ သိုလှောင်ရေးဂိုထောင်များမှ ထုတ်ယူသုံးစွဲခဲ့သည်။ထိုအမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာသည် ကမ္ဘာတစ်ဝန်း ပဋိက္ခများကြောင့် ဖြစ်ထွန်းနေသော ကမ္ဘာလုံးဆိုင်ရာ လက်နက်လုပ်ငန်းကို ပံ့ပိုးကူညီရန် ဦးတည်သွားကြသည်။ထို့ကြောင့် နိုင်ငံတကာလူအခွင့်အရေးအဖွဲ့များက ကမ္ဘာတစ်ဝန်း စစ်ပွဲများကိုရပ်ရန် ဆန္ဒပြသည့်အခါ လက်နက်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးများရှိသည့် အမေရိကန်ကို ဦးတည်ဆန္ဒပြလေ့ရှိကြခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဌာန (DOD) အဆိုအရ ၂၀၂၂ ခုနှစ် အမေရိကန် စစ်ဘက်ဆိုင်ရာ ထိပ်တန်းကန်ထရိုက်တာများစာရင်းတွင် Lockheed Martin ကော်ပိုရေးရှင်း၊ Raytheon Technologies ကော်ပိုရေးရှင်းနှင့် General Dynamics ကော်ပိုရေးရှင်းတို့ ထိပ်ဆုံးက ပါဝင်ကြောင်း ဖော်ပြထားသည်။ထိုကုမ္ပဏီများသည် အရင်းအနှီးစျေးကွက်တွင် ဒေါ်လာ ၂၉၇.၆၈ ဘီလီယံထိ တန်ကြေးရှိသည်။

အထင်ရှားဆုံးအဖြစ် စစ်ပွဲများနှင့် ကုမ္ပဏီကြီးများ၏ အကျိုးစီးပွားဆက်စပ်မှုအဖြစ် ဂါဇာစစ်ပွဲအတွက် ဆန္ဒပြသည့်အခါ ကာကွယ်ရေး ကန်ထရိုက်တာများ၏ ရုံးအပြင်ဘက်တွင် ဆန္ဒပြမှုများ လုပ်လေ့ရှိကြသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲတွင် Lockheed Martin ကော်ပိုရေးရှင်း၏ အခန်းကဏ္ဍကို ကန့်ကွက်ရန် နိုင်ငံတစ်ဝှမ်းရှိ တက်ကြွလှုပ်ရှားသူများက စိန့်ပေါလ်ရှိ လော့ခ်ဟိမာတင် ကော်ပိုရေးရှင်းရုံး၏ ဝင်ပေါက်ကို ဆန့်ကျင်ဆန္ဒပြသူ ၅၀ ခန့်က ပိတ်ဆို့ခဲ့သည်။

အလားတူ နိုဝင်ဘာ ၃၀ ရက်ကလည်း Raytheon Missiles and Defense Headquarters အပြင်ဘက်တွင် ဆန္ဒပြခဲ့သဖြင့် တက်ကြွလှုပ်ရှားသူ ၂၆ ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

အမေရိကန်ကာကွယ်ရေးဌာန (DOD) သည် Lockheed Martin မှ ဒေါ်လာ ၄၄.၅ ဘီလီယံ၊ Raytheon မှ ဒေါ်လာ ၂၅.၄ဘီလီယံနှင့် General Dynamics ကော်ပိုရေးရှင်းထံမှ ဒေါ်လာ ၂၁.၅ ဘီလီယံဖိုး ဝယ်ယူခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဆန္ဒပြသူများက “စစ်ပွဲကြောင့် အကျိုးအမြတ်ရနေတဲ့ ဒီနေရာတွေကို ဆန္ဒပြဖို့ အရေးကြီးတယ်။ကလေးတစ်ဦးကို သတ်ဖို့ အသုံးပြုတဲ့ ဗုံးတွေထုတ်ရောင်းပြီး သူတို့ဆီက ပိုက်ဆံရှာကြတယ်” လို့ ပြောခဲ့သည်။တစ်ကမ္ဘာလုံးတွင် လက်နက်လုပ်ငန်းသည် ကောင်းမွန်စွာလည်ပတ်နေပြီး အမေရိကန်သည် လက်နက်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်သည်။စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန၏ အဆိုအရ အမေရိကန်ဆီမှ ထိပ်တန်းဝယ်ယူသူမှာ ဆော်ဒီအာရေးဗီးယား၊ ဂျပန်နှင့် သြစတြေးလျတို့ဖြစ်ကြောင်း ဆိုထားသည်။

စစ်ပွဲများသည် လက်နက်ကုမ္ပဏီများအတွက် ကုမ္ပဏီကြီးပွားရာ အခွင့်အလမ်းဖြစ်သည်။ စစ်ပွဲဖြစ်ပွားသောအခါ၊ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာများသည် ရောင်းအားတက်လာရန် မျှော်လင့်နိုင်သည်။ယူကရိန်းကို ရုရှားက ၂၀၂၂ မှာ ကျူးကျော်ပြီးကတည်းက အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီပေးမှုမှာ ၂၀၂၃ အောက်တိုဘာလအထိ ဒေါ်လာ ၄၆.၃ ဘီလီယံ ထောက်ပံ့ပေးခဲ့သည်။အမေရိကန်သည် အဆိုပါလက်နက်အဖွဲ့အစည်းများထံမှ စစ်လက်နက်ပစ္စည်းများကို ဝယ်ယူပြီး ယူကရိန်းသို့ လက်နက်များ ပေးပို့ခြင်းကြောင့် စစ်ရေးကန်ထရိုက်တာများသည် ၎င်းအစီအစဉ်မှ အကျိုးအမြတ်ရရှိခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လက်ရှိစစ်ရေးဆောင်ရွက်မှုသည် လက်နက်ကုမ္ပဏီများနှင့် အမေရိကန်စက်မှုကဏ္ဍအတွက် အခွင့်အလမ်းကောင်းဖြစ်သည်။ဆိုသည်မှာ ရေနံနိုင်ငံများက လက်နက်များ ဖြည့်တင်းခြင်းဖြင့် အမေရိကန်အတွက် အခွင့်အရေးဖြစ်လာခဲ့သည်။ထို့ကြောင့်လည်း တစ်ဖက်သတ်ဒေသတွင်း စစ်ပွဲကို ဆင်နွှဲနေသည် အစ္စရေးကို စစ်ပွဲရပ်တန့်ရန်အတွက်  ဘိုင်ဒင်က မာမာထန်ထန် မပြောနိုင်ခြင်းဟု သုံးသပ်သူများက ကောက်ချက်ချကြခြင်းဖြစ်သည်။ဘိုင်ဒင်သည် အစ္စရေးအစိုးရထက် အမေရိကန် လက်နက်ကော်ပိုရေးရှင်းကြီးများ၏ အကျိုးစီးပွားကို မလွန်ဆန်နိုင်သောကြောင့် ဂါဇာအရေးကို လျစ်လျူရှုသည်ဟု စွပ်စွဲမှုများ ဆက်တိုက်ထွက်ခဲ့သည်။

ပို၍ထင်ရှားစေသည်မှာ စစ်ပွဲကို အရှိန်ညီးညီးထပ်တောက်စေရန် အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ စစ်ဆင်ရေးများအတွက် နောက်ထပ်စစ်ရေးရန်ပုံငွေများ ပံ့ပိုးပေးရန် အမေရိကန်က ကြိုးပမ်းနေခြင်းဖြစ်သည်။စိတ်ချယုံကြည်ရသော သတင်းဌာနဖြစ်သည့် Bloomberg သတင်းဌာန ဖော်ပြချက်တွင် ပင်တဂွန်သည် Apache ရဟတ်ယာဉ်များ၊ 155mm အမြောက်များ၊ ညဉ့်ကြည့်ကိရိယာများ၊ ဘန်ကာဖျက်ဗုံးများ၊ သံချပ်ကာယာဉ်များအတွက် နောက်ထပ်ပဲ့ထိန်းဒုံးကျည်များအတွက် အစ္စရေး၏ တောင်းဆိုမှုကို တိတ်တဆိတ် ဖြည့်ဆည်းပေးနေကြောင်း ဖော်ပြခဲ့သည်။

ယခု တနင်္ဂနွေနေ့က ယူကရိန်းနှင့် အစ္စရေးသို့ ဒေါ်လာ ၉၅.၃၄ ဘီလီယံ အကူအညီပေးရေးဥပဒေကို အမေရိကန်အထက်လွှတ်တော်က ၆၇ မဲ ၂၇ မဲဖြင့် အတည်ပြုခဲ့သည်။ယခု တနင်္လာနေ့တွင် အမေရိကန်အောက်လွှတ်တော်က အဆိုပါဥပဒေကြမ်းကို ဆက်ဆွေးနွေးမည်ဖြစ်သည်။ထိုဥပဒေကြမ်းတွင် အစ္စရေးသို့ နောက်ထပ်ထောက်ပံ့မည့် အကူအညီ ဒေါ်လာ ၁၄.၁ ဘီလီယံ ပါဝင်သည်။
 
၂၀၂၂ ခုနှစ်တွင် အမေရိကန်သည် အစ္စရေးကို နိုင်ငံခြားအကူအညီ ဒေါ်လာ ၃.၃ ဘီလီယံ ပေးအပ်ခဲ့ပြီး ထိုငွေများ၏ ၉၉ ရာခိုင်နှုန်းသည် “ငြိမ်းချမ်းရေးနှင့် လုံခြုံရေး” တံဆိပ်အောက်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ထံ တိုက်ရိုက်ရောက်သွားခဲ့သည်။
ယခုအဆိုပြုထားသော ပက်ကေ့ချ်တွင် အစ္စရေး Iron Dome ကို ထောက်ပံ့ရန် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး အထောက်အပံ့နှင့် စက်မှုအခြေစိုက်စခန်း ရင်းနှီးမြုပ်နှံမှုများကဲ့သို့သော အရာများအတွက် ဒေါ်လာ ၁၀.၆ ဘီလီယံနှင့် ဒေါ်လာ ၃.၇ ဘီလီယံသည် အစ္စရေးစစ်တပ်ကို အားကောင်းစေရန်နှင့် အမေရိကန်သံရုံး လုံခြုံရေးကို တိုးမြှင့်ရန်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများ၏ စစ်လက်နက် စက်မှုလုပ်ငန်းများ အကျိုးစီးပွားကြောင့် တခြားနိုင်ငံများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ကလေးငယ်များ သေဆုံးရခြင်းသည် ကျင့်ဝတ်သိက္ခာ ညီ၊ မညီ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ယီမင်၊ ယူကရိန်း (သို့မဟုတ်) ဂါဇာတွင်ဖြစ်စေ ကမ္ဘာတစ်ဝန်း မည်သည့်နေရာတွင်မဆို စစ်ပွဲများ ဆက်လက်ကြီးထွားလာသည်နှင့်အမျှ ဤစစ်ပွဲများအတွက် လောင်စာဖြစ်စေသည့် လက်နက်ရောင်းချသော ပြည်ပနိုင်ငံများ၏ ကျင့်ဝတ်သိက္ခာများသည် မေးခွန်းထုတ်စရာဖြစ်လာသည်။

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့် နိုင်ငံသည် ဆော်ဒီအာရေးဗီးယားနိုင်ငံဖြစ်ပြီး ဆော်ဒီအာရေးဗီးယား တင်သွင်းသော လက်နက်များ၏ ၇၃ ရာခိုင်နှုန်းသည် အမေရိကန်မှဖြစ်ကြောင်း ဆိုသည်။ဆော်ဒီပြိုင်ဘက် အစ္စရေးသည် ၂၀၂၁ ခုနှစ်တွင် ပြည်ပမှ ဒေါ်လာ ၃၅၇ သန်းဖိုး လက်နက်တင်သွင်းခဲ့ရာ ဒေါ်လာ ၂၈၈ သန်းဖိုးမှာ အမေရိကန်ထံမှဖြစ်သည်။

အစ္စရေးသည် ဂါဇာတွင် လေကြောင်းမှ ဗုံးကြဲခြင်း၊ အစားအစာတင်သွင်းမှု ပိတ်ဆို့ခြင်း၊ အရပ်သားများကို ပစ်မှတ်ထားခြင်း၊ ဆေးရုံများကို ပစ်မှတ်ထားခြင်းနှင့် ဂါဇာတွင် အမေရိကန်မှ ပံ့ပိုးပေးသော အဖြူရောင် ဖော့စဖရပ်စ်ကို အသုံးပြုခြင်း စသည့် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာဥပဒေအရ တားမြစ်ထားသည့် အရာအားလုံးကို ကျူးလွန်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဂါဇာသို့ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ယခုအခါ ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့ကဲ့သို့ အရပ်သားများကို သတ်ဖြတ်သည်ဟု စွပ်စွဲခံထားရသော နိုင်ငံများကို လက်နက်လွှဲပြောင်းမှုရပ်ဆိုင်းရန် တောင်းဆိုမှုများသည် မြင့်တက်လာခဲ့သည်။

စစ်ပွဲများ ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ လက်နက်လုပ်ငန်းသည် နိုင်ငံတကာစစ်ပွဲများနှင့်အတူ ရရှိလာသော ငွေကြေးအကျိုးအမြတ်များကို ရိတ်သိမ်းလျက်ရှိသည်။အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူနှစ်သောင်းကျော်၊ အစ္စရေးတွင် သေဆုံးသူ ၁,၂၀၀ ကျော်တို့ရှိခဲ့ရာ ဂါဇာစစ်ပွဲ ရပ်တန့် ဆန္ဒပြသူများက အမေရိကန်ကို နိုင်ငံတကာစစ်ဆင်ရေးများတွင် ၎င်း၏အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ရန် အမေရိကန်အား ဖိအားပေးလျက်ရှိသည်။

လူအခွင့်အရေးဆိုင်ရာ လုပ်ဆောင်သူများနှင့် စစ်ကို ဆန့်ကျင်သူများက  ပါလက်စတိုင်းသာမက အီရတ်၊ ဆီးရီးယား၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖဂန်နစ္စတန်ရှိ ကမ္ဘာတစ်ဝန်း မတူညီတဲ့ နေရာအားလုံးကို လက်နက်ကုမ္ပဏီတွေက ဖျက်ဆီးနေကြောင်း ဆိုကြသည်။

ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုသည် စစ်အကျိုးစီးပွားနှင့် သက်ဆိုင်နေသည် အမေရိကန်၏ စံချိန်သစ်တင် လက်နက်ရောင်းချမှုပမာဏက ပြနေလေသည်။

ကမ္ဘာကြီး မတည်မငြိမ်ဖြစ်လေလေ အမေရိကန်နှင့် လက်နက်ရောင်းချသော နိုင်ငံများ၊ကော်ပိုရေးရှင်းများအတွက် အကျိုးစီးပွားများလေလေဖြစ်နေရာ အမြတ်အစွန်းကြီးမားသော လက်နက်လုပ်ငန်းကို စွန့်လွှတ်ရန် အမေရိကန်အတွက် ပို၍ခက်ခဲလွန်းလာနေပြီဖြစ်သည်။

စိုးငြိမ်း