【 နိုင်ငံတကာဆောင်းပါး 】 စစ်ပွဲအတွက် ဥရောပပြင်ဆင်နေ

【 နိုင်ငံတကာဆောင်းပါး 】 စစ်ပွဲအတွက် ဥရောပပြင်ဆင်နေ

ခဲယမ်းမီးကျောက်များ ပိုမိုထုတ်လုပ်ခြင်း၊ လက်နက်များ ပိုမိုထုတ်လုပ်ခြင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ကာကွယ်ရေးစွမ်းရည်များတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဥရောပသည် စစ်လမ်းကြောင်းပေါ်တွင်ရှိနေသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်လုပ်ဆောင်နေပြီး စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းမပါဘဲ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ရည်ရွယ်သည့် ပရောဂျက်သည် ယခုအခါ ရုန်းရင်းဆန်ခတ်ကာလတွင် ပြင်ပခြိမ်းခြောက်မှုများမှ မိမိကိုယ်ကို ကာကွယ်ရန် ရည်ရွယ်ထားသည့် မော်ဒယ်အဖြစ် အသွင်ပြောင်းနေပြီဖြစ်သည်။

ဤအသွင်သဏ္ဍာန်၏ လမ်းကြောင်းသည် ရုရှားက ယူကရိန်းကို တိုက်သော စစ်ပွဲ တတိယနှစ်သို့ ဝင်ရောက်လာချိန်၏ အမှတ်လက္ခဏာဖြစ်လာသည်။

ခဲယမ်းမီးကျောက်များ ပြတ်တောက်မှုနှင့် အမေရိကန်အကူအညီ ပြတ်တောက်မှုများကြောင့် ကိယက်ဗ်၏တပ်ဖွဲ့များသည် ရုန်းကန်နေရကာ ကရင်မလင်နန်းတော်သည် မျှော်လင့်ထားသည်ထက် ပိုမိုခံနိုင်ရည်ရှိခဲ့ကြောင်း၊ တရုတ်သည် ပိုမိုခိုင်မာအားကောင်းလာပြီး၊ အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာပါက အမေရိကန်၏ ပံ့ပိုးကူညီမှုအပေါ် စိုးရိမ်မှုများ တိုးလာလျက်လည်းရှိသည်။

အောက်လွှတ်တော် (သို့မဟုတ်) ဝါရှင်တန်သည် အာရှရှိ ပြိုင်ဘက်ကြီးကဲ့သို့ ၎င်း၏စိတ်ဝင်စားဖွယ် အခြားနယ်ပယ်များတွင် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို အာရုံစိုက်နေသည်။

ကမ္ဘာ့တိုက်ဟောင်းသည် ၎င်း၏ အထိအခိုက်မခံသော အနေအထားကို အသိအမှတ်ပြုထားပြီး နောက်ထပ်ပဋိပက္ခများ ပေါ်ပေါက်လာပါက နည်းလမ်းများ ကင်းမဲ့သွားပြီဖြစ်သည်။

ဥရောပပါလီမန်၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန် က “ဥရောပအနေဖြင့် ခြေလှမ်းသစ် စဖို့အတွက် အချိန်တန်ပြီ” ဟု ပြောကြားခဲ့သည်။

ဂျာမနီ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ငါးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ရှေးရိုးစွဲခေါင်းဆောင်၏ သတိပေးချက်သည် ၎င်း၏ စကားလုံးပြင်းထန်မှုကြောင့် လူအများကို ထိတ်လန့်စေခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ဒါပေမဲ့ ဒါဟာ အီးယူရဲ့ ပါရာဒိုင်းအပြောင်းအရွှေ့ကို ဦးတည်တဲ့ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပြီး အခြားသူများ (ဆွီဒင်) က ၎င်းတို့၏ နိုင်ငံသားများအား စစ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးရန် တောင်းဆိုနေချိန်တွင် အဖွဲ့ဝင်နိုင်ငံအချို့သည် ကြိုတင်စာရင်းသွင်းသူများ (ဘယ်လ်ဂျီယံ) ကို ပြန်လည်ထည့်ရန် ပြောဆိုနေကြပြီးဖြစ်သည်။

တစ်နည်းဆိုရသော် ဗွန်ဒါလီယန်၏ မိန့်ခွန်းသည် NATO ၏ အပြန်အလှန်ကာကွယ်ရေး ကတိကဝတ်ကို စမ်းသပ်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဥရောပနိုင်ငံနှင့် နေတိုးမဟာမိတ်ကို တိုက်ခိုက်မည့် အန္တရာယ်ကို သတိပေးသည့် ကြေညာချက်အချို့တွင် နောက်ဆုံးထွက်ရှိခြင်းသာဖြစ်သည်။နေတိုး ကကိကဝတ်ဆိုသည့်မှာ မည်သည့် မဟာမိတ်အဖွဲ့ဝင်ကိုမဆို တိုက်ခိုက်ခြင်းသည် နေတိုးအဖွဲ့ဝင်အားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

“ငါးနှစ်မှ ရှစ်နှစ်တာကာလအတွင်း ယင်းသည် ဖြစ်နိုင်မည်ဟု ကျွန်ုပ်တို့ ကျွမ်းကျင်သူများက မျှော်လင့်ထားကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်စ်ပစ္စတိုးရီးယပ်စ်က လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က သတိပေးခဲ့သည်။

ထိုအတောအတွင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထရိုးလ်လွန်းပေါ်လူဆင်က ဟန်ချက်ညီသော တိုက်ခိုက်မှုဖြစ်နိုင်သည်ဟု စောဒကတက်ခဲ့ပြီး “ဒါဟာ ၂၀၂၃ ခုနှစ်မှာ နေတိုးရဲ့ အကဲဖြတ်မှု မဟုတ်ပါဘူး။ဒါက အခုခေတ် ထွက်လာနေတဲ့ အသိပညာသစ်ပဲ” ဟု ပြောသည်။

ဒီနောက်ခံကြားထဲမှာ ဥရောပသည်  သူ့ဘာသာသူ ပြန်လည်ပြင်ဆင်နေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားကို သိမ်းယူသောအခါတွင် ဥရောပ NATO မဟာမိတ်များက ကာကွယ်ရေးအတွက် ဒေါ်လာ ၂၃၅ ဘီလီယံ (သို့မဟုတ်) ဂျီဒီပီ၏ ၁.၄၇ ရာခိုင်နှုန်းသာ သုံးစွဲခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အဆိုပါကိန်းဂဏန်းသည် ဒေါ်လာ ၃၄၇ ဘီလီယံ (၂၀၁၅ ခုနှစ် စျေးနှုန်းများ တွက်ချက်မှုအရ) ဂျီဒီပီ၏ ၁.၈၅ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ၂၀၂၄ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်သည် ဒေါ်လာ ၃၈၀ ဘီလီယံနှင့် GDP ၏ ၂ ရာခိုင်နှုန်းရှိလာမည်ဟု NATO အချက်အလက်များအရ သိရသည်။

အဆိုပါကိန်းဂဏန်းများသည် ဆက်ပြီး သိသိသာသာ တိုးလာမယ်ဆိုသည်ကို အချက်အလက်အားလုံးက ညွှန်ပြနေသည်။ယနေ့တွင် NATO ၏ ဥရောပအဖွဲ့ဝင် ၂၂ နိုင်ငံမှ ၁၀ နိုင်ငံက ကာကွယ်ရေးအတွက် GDP ၏ ၂ ရာခိုင်နှုန်း သုံးစွဲရန် ရည်မှန်းချက်ကို ကျော်လွန်ကာ သုံးစွဲရန် မျှော်မှန်းထားပြီး ကျန် ၁၇ နိုင်ငံက ၂၀၂၄ နှစ်ကုန်တွင် ပြည့်မီဖို့ လုပ်ဆောင်ရန် မျှော်မှန်းထားသည်။

ဒါပေမဲ့ နေတိုးက ဒါကို အသုံးစရိတ်အမြင့်ဆုံးအဖြစ် မဟုတ်ဘဲ အခြေခံကြမ်းခင်း ဘတ်ဂျက်အဖြစ် လိုလားနေသည်။

၂၀၂၂ ခုနှစ်တွင် ပူတင်က ယူကရိန်းကို အကြီးစားကျူးကျော်မှု စတင်ချိန်တွင် ဥရောပသမဂ္ဂသည် ၎င်း၏ အစိတ်အပိုင်းအတွက် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ကို လှမ်းယူခဲ့ပြီး ကိယက်ဗ်ကို အစိုးရအချင်းချင်း စစ်ရေးအရ ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်။အီးယူသည် ယူကရိန်းအား စစ်ရေးထောက်ပံ့မှုအတွက် ယူရို ၃၅.၅ ဘီလီယံ ကတိပြုထားသည်။

ဘဏ္ဍာရေးအရ ငွေကြေးထောက်ပံ့မှုကိုလည်း ထည့်သွင်းစဉ်းစားမည်ဆိုပါက အီးယူသည် အမေရိကန်ထက်ပင် ကိယက်ဗ်ကို အကူအညီပိုမိုပေးခဲ့သည်ဟု အနောက်သံတမန်တစ်ဦးမှ ဆိုသည်။

သို့သော်လည်း အီးယူသည် အမြောက်ကျည်တစ်သန်း ပေးအပ်ရန် ၎င်း၏ ကတိကို ဖြည့်ဆည်းပေးခြင်း မရှိသေးခြင်းကြောင့် ယူကရိန်း၏ မအောင်မြင်သော တန်ပြန်ထိုးစစ်အပြီးတွင် အဖွဲ့ဝင်များသည် ခဲယမ်းမီးကျောက်များကို ခွဲတမ်းချခဲ့ကြသည်။

ကာကွယ်ရေးစက်မှုကဏ္ဍထုတ်လုပ်မှုအပေါ် အာရုံစိုက်ထားသည့် ရုရှားနိုင်ငံသည် ၎င်း၏ ကာကွယ်ရေးဆိုင်ရာတွင် အီရန်နှင့် မြောက်ကိုရီးယားတို့မှ အကူအညီပေးလျက်ရှိသည်။တစ်ချိန်တည်းတွင် ဥရောပစက်မှုလုပ်ငန်းသည် ၎င်း၏ထုတ်လုပ်မှုစွမ်းရည်ကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ဥရောပသမဂ္ဂ အချက်အလက်များအရ သိရသည်။သို့သော် ကုမ္ပဏီကြီးများက ရေရှည် အော်ဒါလိုချင်တယ်လို့ ပြောခဲ့သည်။အီးယူအဖွဲ့ဝင်များကလည်း ထိုအဆင့် မရောက်သေးကြောင်း ဆိုသည်။

CIDOB ခွဲခြမ်းစိတ်ဖြာမှုစင်တာမှ အကြီးတန်း တွဲဖက်သုတေသီ ကာမန်းကလူဒင်က “စိုးရိမ်စရာ မုန်တိုင်းတစ်ခုရှိတယ်” ဟု ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက ယူကရိန်းအတွက် မလုံလောက်သော ပံ့ပိုးကူညီမှုနှင့် ထရမ့် အိမ်ဖြူတော်သို့ ပြန်လာနိုင်သည့် စိုးရိမ်ခြင်းကြောင့် တိုက်ပွဲမှာ ရှေ့တန်းတွင် ရပ်တန့်နေရုံသာမက၊ လာမယ့် ဇွန်လမှာ ကျင်းပမယ့် ဥရောပရွေးကောက်ပွဲတွေမှာလည်း လက်ယာစွန်းနဲ့ လူကြိုက်များတဲ့ အင်အားစုတွေဖြစ်တဲ့ ရုရှားလိုလားသူ အများစုဟာ အမြတ်ထုတ်ဖို့ စီစဉ်ထားကြောင်း စစ်တမ်းများက ဆိုသည်။

NaYoe
Ref - Elpais: Europe gets ready for war