【 နိုင်ငံတကာဆောင်းပါး 】 တစ်ကျော့ပြန် မွန်ရိုးမူဝါဒ

【 နိုင်ငံတကာဆောင်းပါး 】 တစ်ကျော့ပြန် မွန်ရိုးမူဝါဒ

အမေရိကန်အနေဖြင့် အနောက်နိုင်ငံများ၏ နိုင်ငံရေးနှင့် စစ်ရေးတွင် ဝင်ရောက်နှောင့်ယှက်ခြင်းမပြုဟူသော သမ္မတဟောင်း ဂျိမ်းစ် မွန်ရိုး၏ မူဝါဒသည် အမေရိကန်နိုင်ငံရေးငြင်းခုံမှုများ၌ ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။

လက်တင်အမေရိက၌ တရုတ်လွှမ်းမိုးမှု မြင့်တက်လာခြင်းနှင့် မက္ကဆီကိုရှိ ရာဇဝတ်မှုအဖွဲ့အစည်းများကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများတွင် မွန်ရိုးမူဝါဒကို များစွာဆွေးနွေးလာကြခြင်းဖြစ်သည်။  

မူဝါဒ၏ ဒုတိယရာစုနှစ်သို့ ရောက်ရှိလာသောအချိန်တွင် အမေရိကန်၏ ဥရောပ၌ စစ်အေးခေတ် ဝင်ရောက်စွက်ဖက်မှုများကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မွန်ရိုးမူဝါဒခေတ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည့်တိုင် မူဝါဒကို ဆက်လက်လက်ခံမှုများ ကျန်ရှိနေခြင်းဖြစ်သည်။  

မွန်ရိုးမူဝါဒသည် မတူညီသော အသိုက်အဝန်းများအတွက် မတူညီသော အဓိပ္ပာယ်များ သက်ရောက်နေခြင်းဖြစ်သည်။မွန်ရိုးမူဝါဒတွင် အမေရိကန်အနေဖြင့် အနောက်နိုင်ငံများ၏ နိုင်ငံရေးနှင့် စစ်ရေးတွင် ဝင်ရောက်နှောင့်ယှက်ခြင်းမပြုဟူသော အချက်အတွက် အတုံ့အပြန်အနေဖြင့် အဓိက မူနှစ်ချက် ပါဝင်သည်။ပထမအချက်မှာ ဥရောပနှင့် အမေရိက တိုက်နှစ်တိုက်ကို သီးသန့်ခွဲခြားလိုက်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လက်တင်အမေရိကနှင့် ပစိဖိတ်အနောက်မြောက်ဘက် ဒေသများအား ပြန်လည်သိမ်းပိုက်ရန်၊ နယ်မြေရယူရန် ဥရောပ၏ ကြိုးစားမှုများကို အမေရိကန်က ကန့်ကွက်ပြီး ထိုဒေသများကို အမေရိကန်က ကာကွယ်မည်ဟူသော အချက်ဖြစ်သည်။  

မွန်ရိုးမူဝါဒ စတင်ကြေညာချိန်တွင် ဥရောပ၏ ကျူးကျော်မှုကို တစ်စုတစ်စည်းတည်း ပြန်လည်ကာကွယ်မည့် မူဝါဒအနေဖြင့် ရှုမြင်ခဲ့ကြသည်။ကိုလိုနီပြုခံထားဖူးသော စပိန် အမေရိကန် ခေါင်းဆောင်များကလည်း သူတို့ကိုထောက်ခံမည့် အယူအဆနေဖြင့် လက်ခံကြသည်။သို့သော်လည်း အမေရိကန်သည် ၁၈၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်းတွင် မက္ကဆီကို မြောက်ဘက်အပိုင်းကို သိမ်းပိုက်လိုက်ချိန်မှ စတင်ပြီး အမေရိကန်မူဝါဒသည် အပြောင်းအလဲဖြစ်လာသည်။  

မွန်ရိုးအယူဝါဒအရ အမေရိကတိုက်ရှိ နိုင်ငံများအနေဖြင့် ကျူးကျော်စစ်နှင့်ပတ်သက်ပြီး အမေရိကန်၏ အကူအညီကို ရယူနိုင်ခြင်းဖြစ်သည်။သို့သော်လည်း ၁၈၈၄ နှင့် ၁၈၈၅ ခုနှစ်များတွင် ဘာလင်ညီလာခံ၌ အာဖရိကန်နယ်မြေကို အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးရန် ဥရောပနိုင်ငံများက စီစဉ်ခဲ့ကြပြီး ထိုညီလာခံသို့ အမေရိကန်က တက်ရောက်ခဲ့ခြင်းကြောင့် လက်တင်အမေရိကနိုင်ငံများက မွန်ရိုးအယူဝါဒကို သံသယဖြစ်လာပြီး ကျူးကျော်စစ်ဖြစ်လာမည်ကို စိုးထိတ်ခဲ့ကြသည်။  

ရာစုနှစ်တစ်ခုပြည့်ချိန်တွင် သမ္မတ တက်ဒီ ရို့စ်ဘတ်သည် မွန်ရိုးမူဝါဒကို အသုံးချကာ အိမ်နီးချင်းနိုင်ငံများကို ကာကွယ်မည်ဟုဆိုပြီး အမေရိကန်၏ တစ်ဖက်သတ် ဝင်ရောက်စွက်ဖက်မှုများကို အကာအကွယ်ပေးခဲ့သည်။ထိုကာလတွင် လူမျိုးရေးနှင့် လူသားယဉ်ကျေးမှုပြဿနာများ ရှိနေသောကြောင့် အမေရိကန်က ဝင်ရောက်ပြုပြင်ရန် တာဝန်ရှိသည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။  

သမ္မတ ဖရန်ကလင် ရို့စ်ဘတ်ခေတ်တွင်မူ အမေရိကန်က လက်တင်အမေရိကနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်းမရှိ တောင်းဆိုချက်ကို လက်ခံခဲ့ပြီး ထိုအချိန်က ဥရောပ၌ စစ်ဖြစ်နေချိန်ဖြစ်သည့်အတွက် တိုက်နှစ်တိုက် သီးသန့်နေခြင်းက ပို၍သင့်တော်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။စစ်အေးခေတ် ဖြစ်လာချိန်တွင်မူ ဆိုဗီယက်လွှမ်းမိုးမှုကို လျှော့ချရေးဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်သည် လက်တင်အမေရိကတစ်လျှောက် ကြိုက်နှစ်သက်သော အာဏာရှင်ခေါင်းဆောင်များကို ရွေးချယ်ခန့်ထားခဲ့သည်။

ဆယ်စုနှစ်သုံးခုစာခန့် တိတ်ဆိတ်ပြီးသောအချိန်တွင် လက်တင်အမေရိက၌ မွန်ရိုးမူဝါဒကို ပြန်လည်အသုံးချလာသည်ကို တွေ့ရသည်။

ယခုအခါတွင်မူ အင်အားကြီးမားလာသော တရုတ်နှင့် ပတ်သက်နေခြင်းဖြစ်သည်။အမေရိကန် နိုင်ငံအတွင်းတွင်မူ အထူးသဖြင့် ရီပတ်ဗလစ်ကန်ပါတီက မွန်ရိုးမူဝါဒကို သေသေချာချာနားလည်ခြင်းမရှိဘဲ မြှောက်ပင့်နေခြင်းကိုကြည့်ပါက ထိုမူဝါဒကို လက်ကိုင်ထားသူများ ပြန်လည်ပေါ်ထွက်လာသည်ကို တွေ့ရသည်။မွန်ရိုးမူဝါဒသည် အမေရိကန်၏ လက်တင်အမေရိက၌ ကြီးမားသော ဝင်ရောက်စွက်ဖက်မှုကို ဖြစ်စေမည်ဖြစ်သည်။  

ဒေသတွင်း၌မူ တရုတ်ကိုဆန့်ကျင်သော လက်ယာယိမ်းများရှိသလို ထိုင်ဝမ်မှ တရုတ်သို့ ဆက်ဆံရေးကူးပြောင်းသွားသော နိုင်ငံများလည်းရှိနေသည်။သမ္မတ ဘိုင်ဒန်သည် မွန်ရိုးမူဝါဒကို ပွင့်ပွင့်လင်းလင်း မြှောက်စားခြင်းမရှိသည့်တိုင် တရုတ်နှင့် စီးပွားရေးဆက်ဆံပါက အန္တရာယ်ရှိကြောင်း ပြောဆိုနေမှုများသည် မွန်ရိုးမူဝါဒကို ထင်ဟပ်နေခြင်းပင်ဖြစ်သည်။  

မွန်ရိုးမူဝါဒသည် ပြန်လည်ကျင့်သုံးရန် မသင့်တော်သော မူဝါဒဖြစ်သည်။တစ်ဖက်သတ်ဆန်မှုနှင့် ဝင်ရောက်စွက်ဖက်မှုများပါဝင်သော ထိုမူဝါဒသည် ရာစုနှစ်နှစ်ခုကြာ ဆက်ဆံရေးခိုင်မြဲလာသော အမေရိကတိုက် နိုင်ငံများအချင်းချင်း ဆက်သွယ်မှုကို မကိုင်လှုပ်နိုင်ခြင်းဖြစ်သည်။    

စစ်အေးခေတ်နှင့် နျူကလီးယားခြိမ်းခြောက်မှုများကြောင့် တိုက်ကြီးများ သီးသန့်ခွဲနေခြင်းအပေါ် သံသယဖြစ်လာရပြီး ယခုအခါ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းနှင့် တန်ဖိုးကွင်းဆက်တို့ကြောင့် ထိုသို့သီးခြားခွဲနေခြင်းသည် ပို၍မဖြစ်နိုင်ကြောင်း ထင်ရှားလာသည်။အမေရိကန်သည် လက်တင်အမေရိကနှင့် ဆက်နွယ်နေသလို ဥရောပ၊ အာရှတို့နှင့်လည်း ဆက်နွယ်နေခြင်းဖြစ်သည်။  ဘက်ပေါင်းစုံမူဝါဒကို တိုက်တွန်းလာချိန်တွင် မည်သူက ခြိမ်းခြောက်မှုဖြစ်သည်ကို အမေရိကန် တစ်နိုင်ငံတည်းကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသော မွန်ရိုးမူဝါဒသည် အသုံးပြု၍ မရနိုင်ခြင်းဖြစ်သည်။ထို့အတူပင် ဥရောပ၏ ကျူးကျော်စစ်ကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်သည် အချိန်ကြာလာသောအခါ ဆိုဗီယက် လွှမ်းမိုးမှု၊ တရုတ်၏ အကြွေးထောင်ချောက် စသည်ဖြင့် အမျိုးမျိုးသော အကြောင်းအရာများအတွက်ပါ ဆင်ခြေဖြစ်လာခြင်းဖြစ်သည်။  

မွန်ရိုးမူဝါဒကို မည်သို့ပင် အဓိပ္ပာယ်ဖွင့်ဆိုစေကာမူ ဆိုလိုချက်မှာ လက်တင်အမေရိကနိုင်ငံများသည် ကမ္ဘာ့စာမျက်နှာတွင် ကိုယ်ပိုင်မရပ်တည်နိုင်သည့် ပုံစံဖော်ထားခြင်းပင်ဖြစ်သည်။

အမေရိကန်က ထိုအချက်ကို လက်မလွှတ်သ၍ မွန်ရိုးမူဝါဒကိုပင် လက်ကိုင်ထားဦးမည်ဖြစ်သည်။  

NaYoe
Ref - Foreignpolicy | The Return of the Monroe Doctrine