【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်နှင့် ဒေသတွင်းအမြင်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်နှင့် ဒေသတွင်းအမြင်

တရုတ်ထိပ်တန်းသံတမန် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီ ပီသနုကွန်၏ ဖိတ်ကြားချက်အရ ထိုင်းသို့ ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်အထိ သွားရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်အပြင် ကြိုတင်သဘောတူထားသည့်အတိုင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်နှင့်ပါ တွေ့ဆုံခဲ့သည်။

အရှေ့တောင်အာရှတွင် အရေးပါသော ဇာတ်ကောင်နေရာတွင်ရှိသော ထိုင်းနိုင်ငံသို့  တရုတ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်မှုသည် အကျပ်အတည်းများ၊ စီးပွားရေးအခက်အခဲများနှင့် ကြုံနေရသည့် အာဆီယံဒေသတွင်း မည်မျှသက်ရောက်မှုရှိမည်ကို နိုင်ငံတကာက စောင့်ကြည့်မှုများရှိသလို အကောင်းဘက်မှ ရှုမြင်ခဲ့မှုများလည်းရှိခဲ့သည်။

၁၉၇၅ ခုနှစ် သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်ခဲ့သည့်အချိန်မှစ၍ တရုတ်နှင့် ထိုင်းအကြား ရှည်လျားသော သံတမန်ဆက်ဆံရေး သမိုင်းတစ်လျှောက်တွင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုဖြင့် ခိုင်မာပြီး ဘက်စုံဆက်ဆံရေးကို နှစ်နိုင်ငံဖော်ဆောင်ခဲ့သည်။လာမည့်နှစ်သည် တရုတ်နှင့် ထိုင်းနိုင်ငံကြား သံတမန်ဆက်ဆံမှု နှစ် ၅၀ ပြည့်မည်ဖြစ်ရာ ထိုင်းနှင့် တရုတ်အတွက် သမိုင်းဝင် နှစ်ငါးဆယ်အဖြစ် အရွေ့တစ်ခုစနိုင်ရန် ကြိုးပမ်းမှုအဖြစ် ယခုခရီးစဉ်ကို ဒေသတွင်းက ထင်မြင်ကြသည်။

တရုတ်-ထိုင်း ဆက်ဆံရေးတွင် အဓိကျသော ကဏ္ဍတစ်ခုမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးတွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည်။နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၈၀ ဘီလီယံကျော်အထိရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ကန်ဒေါ်လာ ၁၃၅ ဘီလီယံအထိ ရောက်ရှိခဲ့ရာ တစ်နှစ်ထက် တစ်နှစ် ၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။နှစ်နိုင်ငံကြား လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ ထူထောင်ရေးအပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် သဘောတူညီချက်များစွာကိုလည်း ရယူထားကြသည်

ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာထား ဝီဆင်းနှင့် တွေ့ဆုံမှုတွင် ဝမ်ယိက ထိုင်းနိုင်ငံနှင့် အဆင့်မြင့်ကူးလူးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားပြီး လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ အရှိန်အဟုန်မြှင့်ကာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဖြင့် နှစ်ဖက်ခရီးသွားလာရေးမြှင့်တင်ရန်၊ စီးပွားကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု စသည့် နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

ဆရတ်သာထား ဝီဆင်းကလည်း ဝမ်ယိ၏ ယခုခရီးစဉ်တွင် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေးနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရေးကို တိုးပွားစေ၍ ထိုင်းနှင့် တရုတ် ပိုမိုရင်းနှီးလာစေကြောင်း၊ ထိုင်းနိုင်ငံသည် “Belt and Road” ပူးပေါင်းတည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံသက်ဆိုင်ရာဌာနများသည် ထိတွေ့ဆက်ဆံမှုကိုအားဖြည့်ရန်၊ သက်ဆိုင်ရာ ပရောဂျက်များ အရှိန်အဟုန်မြှင့်တင်ရန်နှင့် ဒေသတွင်း အပြန်အလှန်ဆက်သွယ်မှုအဆင့်ကို မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်သည် အာဆီယံဒေသအပေါ် တရုတ်က အလေးထားမှုကို ပြသနေသည့် ခရီးစဉ်အဖြစ် ဒေသတွင်းနိုင်ငံများက ယူဆကြသည်။ယခုဆယ်စုနှစ်များအတွင်း အာဆီယံဒေသတွင်း၌ တရုတ်၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာသည်။ ၂၀၁၉ ခုနှစ်က စတင်ခဲ့သည့် ကိုဗစ်ကပ်ဘေးတွင် တရုတ်၏ စီးပွားရေးထိန်းထားနိုင်မှုက အာဆီယံဒေသကို များစွာအကျိုးပြုခဲ့သည်။ထိုအကျိုးဆက်ကြောင့် အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာတွင် စီးပွားရေးတိုးတက်မှုကို ထိန်းထားနိုင်သော တစ်ခုတည်းသော ဒေသဖြစ်ခဲ့သည်။

BRI အစီအမံဖြင့်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ဖွင့်ခဲ့သော တရုတ်-လာအို မီးရထားလမ်းသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော လာအိုနိုင်ငံကိုသာမက များစွာပြောင်းလဲစေရုံသာမက အင်ဒိုချိုင်းနားဒေသ၏ BRI နှင့်ပတ်သက်သည့် အမြင်ကိုပါ ပြောင်းလဲစေခဲ့သည်။ထိုမီးရထားလမ်းကြောင့် လာအိုမှာ ဒေသတွင်း ကုန်သွယ်ရေးအချက်အချာ ဖြစ်စေခဲ့သလို ထိုင်းနိုင်ငံကိုပါ အင်ဒိုချိုင်းနားဒေသ၏ အချက်အခြာ နိုင်ငံအဖြစ် ရောက်စေခဲ့သည်။

ယခု ဝမ်ယိ ခရီးစဉ်အတွင်း တည်ဆောက်နေသည့် ကူမင်း-ဗီယက်ကျန်း-ဘန်ကောက် ပြေးဆွဲမည့် တရုတ်-ထိုင်း ရထားလမ်းတည်ဆောက်မှုကို အရှိန်မြှင့်တင်ရန် ဆွေးနွေးမှုပါဝင်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ပီသနုကွန်နှင့် ဆွေးနွေးမှုတွင် အဆိုပါမြန်နှုန်းမြင့်ရထားလမ်းကိစ္စ ပါဝင်ခဲ့သလို ပိုမိုတည်ငြိမ်၊ ကြွယ်ဝချမ်းသာ၊ ရေရှည်တည်တံ့သည့် ဘုံအနာဂတ်ရှိသော တရုတ်-ထိုင်း လူမှုအသိုက်အဝန်း တည်ဆောက်ရေးကို အာရုံစိုက်ပြီး နယ်ပယ်အမျိုးမျိုးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းအောင်လုပ်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး မျက်နှာစာသစ်များ ဖြည့်စွက်ရန် စိတ်အားထက်သန်မှု တရုတ်ဘက်ကရှိနေသည်ကို ဝမ်ယိက ပြောခဲ့သည်။

တရုတ်နှင့် ထိုင်း ဆက်ဆံမှုသည် ယခုဆယ်စုနှစ်အတွင်း များစွာတိုးတက်လာသလို တရုတ်ခရီးသွားများသည် ထိုင်းခရီးသွားလုပ်ငန်း၏ အဓိကမဏ္ဍိုင်ဖြစ်သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းဝန်ကြီးချုပ် ဆွေးနွေးမှုအပြီး မတ်လ ၁ ရက်နေ့မှစကာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ထိုင်းခရီးသွားလုပ်ငန်းသည် တရုတ်နှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးခြင်းကြောင့် တစ်ရှိန်ထိုး တိုးတက်လာဖို့ အလားအလာကောင်းသွားခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်မှစကာ တရုတ်နိုင်ငံသည် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို စတင်ကျင့်သုံးခဲ့သည်။မကြာသေးမီက မလေးရှား၊ စင်ကာပူနိုင်ငံတို့နှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် စတင်ခဲ့ရာ ယခု ထိုင်းနိုင်ငံပါ ပါဝင်လာသဖြင့် အာဆီယံဒေသတွင်း တရုတ်ခရီးသွားများအတွက် “စင်ကာပူ၊ မလေးရှား၊ ထိုင်း” သုံးနိုင်ငံစလုံးသို့ အလွယ်တကူသွားလာနိုင်သဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ခရီးသွားလာမှုမှာ ပိုမိုလွယ်ကူခဲ့ပြီဖြစ်သည်။

ဝမ်က ပန်ပရီ ပီသနုကွန်နှင့် ဆွေးနွေးမှုတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မိသားစုတစ်စုတည်းဖြစ်ကြောင်း ပြောခဲ့ရာ ‘အပြန်အလှန် ဗီဇာကင်းလွတ်’ မှုကြောင့် တရုတ်နိုင်ငံသားနှင့် ထိုင်းနိုင်ငံသားများ အပြန်အလှန်ခရီးသွားရောက်မှုကြောင့် ယခင်ကထက်ပို၍ တစ်သားတည်းဖြစ်လာတော့မည်ဖြစ်သည်။ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေး နာလန်ထူနိုင်ရန်အတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် စီးပွားရေးပညာရှင်များက ယူဆထားသည်။ထိုယူဆချက်အတိုင်းပင် တရုတ်နိုင်ငံက “အပြန်အလှန် ဗီဇာကင်းလွတ်မှု” ဖြင့် ကမ္ဘာ့ခရီးသွားကဏ္ဍ အားကောင်းစေရေးအတွက် လုပ်ဆောင်နေရာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စသည့် ဥရောပနိုင်ငံများအတွက် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည်။တရုတ်၏ အပြန်အလှန် ဗီဇာကင်းလွတ်မှုသည် ထိုင်းခရီးသွားလုပ်ငန်းကို မည်မျှအကျိုးပြုသည်ကို မကြာမီမြင်ရဖွယ်ရှိလေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး တိုးတက်မှုအတွက် ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ထိုင်းနှင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် လက်တွဲရန်နှင့် ဖရိုဖရဲဖြစ်နေသော ကမ္ဘာအတွက် ပိုမိုတည်ငြိမ်မှုနှင့် ရေရာမှုပေးရန် စိတ်အားထက်သန်မှုရှိကြောင်းကို ပြောခဲ့သည်။

ထိုင်းခရီးစဉ်အတွင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်နှင့် တွေ့ဆုံမှုတွင် ပင်လယ်နီတွင် ဟူသီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ထိုင်ဝမ်အရေးကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။

ဇန်နဝါရီ ၂၇ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည့် အစီရင်ခံစာတွင် ဝမ်နှင့် ဆူလီဗန်တို့ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဆန်ဖရန်စစ္စကို အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက်ကို အကောက်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးပြီး ထိလွယ်ရှလွယ်ရှိသည့် ပြဿနာများကို ကောင်းမွန်စွာ စီမံကိုင်တွယ်နိုင်ရန် ပွင့်လင်းမှု၊ ထိရောက်မှုနှင့် အကျိုးဖြစ်ထွန်းမှုရှိသည့် မဟာဗျူဟာမြောက် ဆက်ဆံပြောဆိုမှုရှိခဲ့သည်ဟု ဆိုသည်။

ထိုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင်မူ နှစ်နိုင်ငံဆက်ဆံရေးတွင် ယှဉ်ပြိုင်မှုများကို တာဝန်သိသိ စီမံခန့်ခွဲရန်နှင့် ဖွင့်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်းရန် အားထုတ်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ဆွေးနွေးမှုအတွင်း မကြာသေးမီက မြောက်ကိုရီးယားနှင့် ရုရှားအကြား ဆက်ဆံရေး မြှင့်တင်မှုများ၊ မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများနှင့် မကြာသေးမီက အမေရိကန်နှင့် တရုတ်အကြား ထိပ်တိုက်တွေ့ခဲ့သည့် ထိုင်ဝမ်အရေးကိစ္စများလည်းပါကြောင်း ဆိုသည်။

မကြာသေးမီနှစ်များအတွင်း အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးမှာ ပိုမိုတိုးတက်လာနေသည်။အမေရိကန်ကလည်း တရုတ်ရှိနေသည့် အာရှ-ပစိဖိတ်ဒေသကို ပိုမိုအာရုံစိုက်လာနေရာ အင်ဒိုချိုင်းနားဒေသမှာ အမေရိကန်-တရုတ်တို့အကြား အားပြိုင်ရာ ဒေသဖြစ်လာနေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်အပေါ် ဒေသတွင်းက မည်သို့မြင်သည်မှာ အာဆီယံဒေသတွင်း တရုတ်-အမေရိကန် အားပြိုင်မှုတွင် အဓိကကျမည်ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ပီသနုကွန်က ဝမ်ယိနှင့် တွေ့ဆုံစဉ် ကမ္ဘာ့တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်သည့် တရုတ်နိုင်ငံကို တာဝန်သိသော အဓိကနိုင်ငံတစ်ခုအနေဖြင့် ထိုင်းနိုင်ငံက အလွန်ကျေးဇူးတင်ကြောင်း အလေးအနက်ထား ပြောကြားခဲ့ရာ  ဒေသတွင်းနိုင်ငံများက ထိုင်းသို့လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို မည်သိုထင်မြင်သည်ကို မြင်သာမည်ဖြစ်လေသည်။

စိုးငြိမ်း