【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-ဗီယက်နမ် ဆက်ဆံရေးနှင့် အာဆီယံဗဟိုချက်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-ဗီယက်နမ် ဆက်ဆံရေးနှင့် အာဆီယံဗဟိုချက်

ကွန်မြူနစ်နိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ ဗီယက်နမ် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံတဲ့ အခင်းအကျင်းသည် ယခုတစ်ပတ် နိုင်ငံတကာအခင်းအကျင်းသစ်အဖြစ် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။
 
များစွာသော ထင်ကြေးပေးမှုများနှင့် ကြန့်ကြာမှုများပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဗီယက်နမ်ခရီးစဉ်သည် ၂၀၀၈ ခုနှစ်တွင် စခဲ့သည့် ဗီယက်နမ်-တရုတ် ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု (CSP) တည်ထောင်ခြင်း၏ ၁၅ နှစ်မြောက်အထိမ်းအမှတ် ခရီးစဉ်အဖြစ် ယခုသီတင်းပတ်တွင် ဗီယက်နမ်သို့ ရောက်လာခြင်းဖြင့် စတင်ခဲ့သည်။
 
ထို့အတွက် ကိုဗစ်ကာလအလွန် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားခေါင်းဆောင်ဖြစ်သည့် ပြီးခဲ့သည့်နှစ်က တရုတ်သို့လာရောက်ခဲ့သော ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ၏ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင် (Nguyen Phu Trong) ၏ ခရီးစဉ်ကို တုံ့ပြန်သောအားဖြင့်ဟူသော ဝိသေသအထူးပြုမှုဖြင့် ရှီ၏ ယခုခရီးစဉ်ကို နှစ်ဖက်စလုံးက ပုံဖော်ခဲ့သည်။ 
 
ဗီယက်နမ်တည်ရှိရာ အာဆီယံနှင့် အင်ဒိုချိုင်းနားဒေသသည် ယခုဆယ်စုနှစ်ကာလများတွင် ကမ္ဘာ့ပါဝါလွန်ဆွဲရာ ဒေသအဖြစ် ထင်ရှားခဲ့သည်။ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်အတွင်း ထိုဒေသသို့ ကမ္ဘ့ာစစ်ရေးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံခေါင်းဆောင်များ လွန်းထိုးသလို လာရောက်ခဲ့သည်။
 
ယခုနှစ် စက်တင်ဘာလတွင် အမေရိကန်သမ္မတ ဘိုင်ဒင် ဗီယက်နမ်သို့လာရောက်ကာ အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထျောင်နဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေးအတွက် နှစ်နိုင်ငံ အမြင့်ဆုံး သံတမန်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ထိုစဉ်က အမေရိကန်သမ္မတ၏ ခရီးစဉ်ကို မီဒီယာများက ဒေသတွင်း သြဇာကြီးမားလာရေး တရုတ်နိုင်ငံကို ဟန်ချက်ထိန်းဖို့ တရုတ်နဲ့ အပြိုင် အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ရည်မှန်းတဲ့ ခရီးစဉ်အဖြစ် ဖော်ပြခဲ့ကြသည်။
 
ဘိုင်ဒင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်လေကြောင်းလိုင်းက ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိသည့် Boeing 737 Max ဂျက်လေယာဉ် အစီး ၅၀ ဝယ်ယူမှုနှင့် အပြန်အလှန်အားဖြင့် ဗီယက်နမ်မှာ ချစ်ပ်ဒီဇိုင်းစင်တာတွေတည်ဆောက်ဖို့ Marvell နဲ့  Synopsys တို့၏ အစီအစဉ်တွေအပါအဝင် အမေရိကန်ကုမ္ပဏီများက ဗီယက်နမ်နိုင်ငံထဲ ချစ်ပ်နှင့်ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုအများအပြား စီစဉ်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ထိုသည်မှာ တရုတ်နိုင်ငံတွင်းမှ အမေရိကန်လုပ်ငန်းများကို ဆွဲထုတ်ရန် ရည်ရွယ်ထားကြောင်း ပြသခြင်းပင်ဖြစ်သည်။
 
အဲဒီနောက် နိုဝင်ဘာလအတွင်း ဗီယက်နမ်သမ္မတဗိုဘင်သောင် ဂျပန်-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အဖြစ် တိုကျိုကို သွားရောက်ခဲ့သည်။၎င်းခရီးစဉ်တွင် ဗီယက်နမ်သမ္မတ ဗိုဘင်သောင်က ဗီယက်နမ်နှင့် ဂျပန်တို့သည် လာမည့်ဆယ်စုနှစ်အတွင်း ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ မျှော်မှန်းချက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ရေကြောင်းလုံခြုံရေးနှင့် အခြားနယ်ပယ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဂျပန်ပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
 
အဆိုပါဖြစ်စဉ်များကိုကြည့်လျှင် အာဆီယံနှင့် အင်ဒိုချိုင်းနားဒေသတွင် ဗီယက်နမ်သည် မဟာဗျူဟာအချက်အချာဖြစ်လာရန် ရွေ့လာနေသည်ကို တွေ့ရမည်ဖြစ်သည်။
 
တရုတ်နှင့် ဗီယက်နမ်အကြား နိုင်ငံတကာ၏ ရှုမြင်ပုံနှင့် နှစ်နိုင်ငံ၏ရှုမြင်ပုံက ခြားနားလှသည်။အနောက်ဘက်က ၁၉၇၉ ဖေဖော်ဝါရီမှ မတ်လအတွင်းဖြစ်ခဲ့သည့် နယ်စပ်စစ်ပွဲကြောင့် ၎င်းနှစ်နိုင်ငံကြား ရန်ဘက်အဖြစ် စောင်နေကြသည်ဟု ရှုမြင်ကြသည်။သို့သော် ထိုရှုမြင်ပုံမှာ မှားယွင်းနေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တရုတ်ကွန်မြူနစ်ပါတီ (CPC)၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV)၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်တို့ တွေ့ဆုံဆွေးနွေးမှုကိုကြည့်လျှင် သိနိုင်သည်။
 
CPC နှင့် CPV ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်အရေးပါမှု ဆောင်ကြဉ်းပေးမည့် အေးအတူပူအမျှအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။ထိုထုတ်ပြန်ချက်ကိုကြည့်လျှင် ဘိုင်ဒင် လာရောက်စဉ်က ရရှိခဲ့သည့် သဘောတူညီချက်နှင့် ကွာခြားနေသည်ကို မြင်ရမည်ဖြစ်ပြီး နှစ်နိုင်ငံသံတမန်ရေးအခြေအနေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နိုင်မည်ဖြစ်သည်။
 
ထိုတွေ့ဆုံမှုတွင် ရှီက တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် နိုင်ငံလွတ်လပ်ရေးနှင့် လွတ်မြောက်မှုအတွက် ကိုယ်တိုင်အသီးသီးရုန်းကန်မှုများကို အချင်းချင်းပံ့ပိုးကူညီခဲ့ကြကြောင်းနှင့် ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်ဝါဒနှင့် ဆန်းသစ်တီထွင်မှုတို့တွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်လေ့လာသင်ယူခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို ကာလရှည် မဟာဗျူဟာမြောက် ရှုထောင့်မှ အစဉ်အမြဲရှုမြင် ကြောင်း၊ လက်ရှိတွင် ကမ္ဘာကြီး၏ အချိန်ကာလနှင့် သမိုင်းကြောင်းရှိ ပြောင်းလဲမှုများသည် မကြုံဖူးသောအခြေအနေ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကမ္ဘာ့ထိပ်တန်း ကွန်မြူနစ်နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့်အားလျော်စွာ CPC နှင့် CPV တို့သည် မာ့ခ်ဝါဒကို လိုက်နာရေးနှင့် ဖော်ထုတ်ရေး၊ ဆိုရှယ်လစ် စနစ်လမ်းကြောင်းကို မဆုတ်မနစ်လိုက် လျှောက်ရေးနှင့် ဆိုရှယ်လစ် စနစ် တည်ဆောက်ရာတွင် နိုင်ငံကို ဦးဆောင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
 
ဒီဇင်ဘာ ၁၃ ရက် ဗီယက်နမ်သမ္မတ ဗိုဘင်သောင်နှင့် တွေ့ဆုံမှုတွင် မျှတ၍ ရေရှည်တည်တံ့သော သဘောထားဖြင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးချဲ့ရေး အပြုသဘောဆောင်ရွက်မှုများ ပြုလုပ်ရန်သဘောတူခဲ့ကြပြီး ဗီယက်နမ်က  ဘက်စုံတိုးတက်မှုရှိသော ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက် (CPTPP) သို့ တရုတ်ဝင်ရောက်ခွင့်ကိုထောက်ခံကာ ဒေသတွင်း ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (RCEP) ကို နှစ်နိုင်ငံအနေဖြင့် ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်နှင့် ဒေသတွင်းစီးပွားရေးကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ရန် အတူတကွဆောင်ရွက်မည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
 
မျှတသော ကုန်သွယ်မှုတိုးချဲ့ရေးတွင် ဗီယက်နမ်မှ လတ်ဆတ်သောအုန်းသီးများ၊ အေးခဲသစ်သီးထုတ်ကုန်များ၊ လိမ္မော်သီး၊ ထောပတ်သီးနှင့် အခြားသစ်သီးလတ်လတ်ဆတ်ဆတ်များ၊ ဆေးဘက်ဝင်အပင်များနှင့် အသားထုတ်ကုန်များအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာမြှင့်တင်သွားမည်ဖြစ်သလို ဗီယက်နမ်နိုင်ငံကလည်း တရုတ်စတာဂျင်ငါးကြီးများ တင်သွင်းမှုကိုလည်း တက်တက်ကြွကြွ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
 
ထို့အတွက် RCEP နှင့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန်၏ အခန်းကဏ္ဍ၌ နှစ်နိုင်ငံအပြည့်အဝပါဝင်ရေး၊ ထုတ်ကုန်များ တင်ပို့မှုတိုးချဲ့နိုင်ရန် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ တရုတ်ပို့ကုန်သွင်းကုန်ပြပွဲများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည်ဆိုသည်ကို ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
 
ဒီဇင်ဘာ ၁၃ ရက် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်းချင်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသကို ရှုပ်ထွေးစေမည့် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို သတိထားကာ ဆန့်ကျင်ကန့်ကွက်သွားရမည်ဟုပြောခဲ့သလို နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူး ပေါင်းဆောင်ရွက်မှု အားကောင်းရမည်ဖြစ်ကြောင်းနှင့် ကောင်းမွန်းသော ပြင်ပပတ်ဝန်းကျင်ကို ပူးတွဲထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ 
 
ဖမ်မင်းချင်ကလည်း ဗီယက်နမ်-တရုတ် ဆက်ဆံရေးသည် ခေတ်ကာလနှင့် သမိုင်းကြောင်း၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်တည်လျက်ရှိပြီး ပြင်ပအင်အားစုများ၏ မည်သို့သော ကြားဝင်စွက် ဖက်မှုမျိုးကမှ သက်ရောက်မှုရှိစေမည်မဟုတ်ကြောင်း ပြောခဲ့သည်။
 
ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက တရုတ်-ဗီယက်နမ် ပါတီအချင်းချင်းနှင့် နိုင်ငံအချင်းချင်း ဆက်ဆံရေးကို ပိုမိုမြင့်မားလာစေမည့် ရှီ၏ ခရီးစဉ်ကို “သမိုင်းဝင်မှတ်တိုင်” ဟု တင်စားခေါ်ဆိုခဲ့သည်။ 
 
အလားတူ တရုတ်-ဗီယက်နမ် “ဘုံကံကြမ္မာအသိုက်အဝန်း” တည်ဆောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ နယ်ပယ်အားလုံးတွင် မဟာဗျူဟာမြောက်သော အဓိပ္ပါယ်များကို သယ်ဆောင်သွားမည်ဖြစ်ကြောင်း ရှီက ဗီယက်နမ်နိုင်ငံထုတ် “Nhan Dan” သတင်းစာတွင် ရေးသားခဲ့သည်။
 
ရှီ၏ ဗီယက်နမ်ခရီးစဉ်အတွင်း နိုင်ငံရေး ဖလှယ်ရေး၊ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်း ၃၆ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
 
ဗီယက်နမ်အနေဖြင့် ခေတ်ကို ကောင်းစွာအကဲဖြတ်ပြီး ကောင်းမွန်စွာ အခွင့်အရေးကို ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။အမေရိကန်၊ ရုရှား၊ ဂျပန်၊ သြစတြေးလျနှင့် အခြားနိုင်ငံများနှင့် ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ရန် ဗီယက်နမ်၏ နိုင်ငံခြားရေးမူဝါဒသည် နှစ်ဖက်စလုံးတွင် တိုးတက်နေပါသည်။
 
တစ်ချိန်တည်းမှာပင် တရုတ်က ၎င်းအပေါ် ရန်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း အာမခံခဲ့သည်။ထိုသည်က ဗီယက်နမ်သည် အာဆီယံနှင့် အင်ဒိုချိုင်းနားတွင် မဟာဗျူဟာအချက်အချာနေရာကို ရယူနေပြီကို ပြသနေခြင်းပင်ဖြစ်သည်။
 
လင်းသစ်အောင်