【 နိုင်ငံတကာဆောင်းပါး 】 တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင် တင်သွင်းလာတဲ့ အားပြိုင်မှု

【 နိုင်ငံတကာဆောင်းပါး 】 တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင် တင်သွင်းလာတဲ့ အားပြိုင်မှု

ဂါဇာနှင့် ယူကရိန်း စစ်ပွဲများကို ကမ္ဘာက အာရုံစိုက်နေသော်လည်း ဖိလစ်ပိုင်နှင့် တရုတ်ကြား အရှေ့တောင်အာရှတွင် တင်းမာမှုများ ဆက်လက်မြင့်တက်လျက်ရှိသည်။
 
မကြာသေးမီက ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးဖြစ်သည်။ဒေသတွင်း တက်ကြွစွာ ပါဝင်နေပြီး ဖိလစ်ပိုင်နှင့် မဟာမိတ်ပြုထားသော အမေရိကန်ပြည်ထောင်စုသည် ပိုဆိုးလာသော အခင်းအကျင်းတွင် ရင်းနှီးစွာ ချိတ်ဆက်ထားရာ ထိုအခြေအနေကို ဂရုတစိုက်မကိုင်တွယ်ပါက အခြေအနေသည် လုံး၀အကျပ်အတည်း (သို့မဟုတ်) မည်သည့်ဘက်မှ မလိုလားသည့် ပဋိပက္ခများအထိ ဖြစ်စေနိုင်သည်။
 
ထိုအခြေအနေကြောင့် ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့မှာ တင်းမာမှုအရှိန်လျှော့ချနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ရန် ဒီဇင်ဘာ ၂၀ ရက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဖုန်းဖြင့်ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုအတွင်း သဘောတူညီခဲ့ကြသည်။
 
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက “အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အဓိကအရေးကြီးတယ်” လို့ ပြောခဲ့သည်။
 
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းပြောဆိုမှုအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် အလှည့်အပြောင်းကာလသို့ ရောက်ရှိနေပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များကို ကောင်းစွာကိုင်တွယ်ထိန်းချုပ်ရေးသည် ဦးစားပေးကိစ္စရပ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ဖိလစ်ပိုင်နှင့် ပဋိပက္ခတွင် အတွက်အချက်လွဲမှားမှု တစ်စုံတရာရှိလာမည်ဆိုလျှင် တရုတ်က ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ဝမ်ယိက ဖိလစ်ပိုင်ကို တိုက်ရိုက်သတိပေးခဲ့ပြီး အပြန်အလှန်စေ့စပ်ဆွေးနွေးခြင်းဖြင့် စိုးရိမ်ဖွယ်ပြဿနာများကို ဖြေရှင်းရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
 
နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ထရီလျံရှိသည့် ပင်လယ်ကူးသင်္ဘောများဖြတ်သန်းနေသည့် တောင်တရုတ်ပင်လယ်တွင်း သင်္ဘောလမ်းကြောင်းများနှင့် သဘာ၀သယံဇာတများက အဆိုပါနယ်နိမိတ်အတွင်းရှိ နိုင်ငံများအတွက် မက်လောက်စရာဖြစ်သည်။တောင်တရုတ်ပင်လယ်အတွင်း ပါဝင်နေသည့် နိုင်ငံများအချင်းချင်း အဆိုပါပင်လယ်ပြင်ရှိ ရေတိမ်သောင်ခုံများ၊ ရေပြင်ပိုင်နက်များအတွက် အငြင်းပွားမှုမှာ နိုင်ငံအချင်းချင်း နားလည်မှုယူလာခြင်းကြောင့် ယုတ်လျော့လာခဲ့သော်လည်း ယခုနောက်ပိုင်း ဖိလစ်ပိုင်နှင့် တရုတ်အကြား ပဋိပက္ခဖြစ်မှုမှာ ပို၍တိုးလာခဲ့သည်။
 
ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများသည် လက်ရှိသမ္မတလက်ထက်တွင် ပိုမိုမြင့်တက်လာသည်။လက်ရှိသမ္မတ မားကို့စ်ဂျူနီယာလက်ထက်တွင် ဖိလစ်ပိုင်သည် ဂျပန်နှင့် သြစတြေးလျနိုင်ငံများကဲ့သို့ပင် အမေရိကန်နှင့် ကာကွယ်ရေးကဏ္ဍ ဆက်ဆံမှုများကို တိုးမြှင့်ခဲ့သည်။ထို့ပြင် ဖိလစ်ပိုင်၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို အမေရိကန်ထောက်ပံ့မှုဖြင့် မြှင့်တင်ခဲ့ရာ တောင်တရုတ်ပင်လယ်အခင်းအကျင်းသည် ယခင်ကထက် ပိုမိုရှုပ်ထွေးလာခဲ့သည်။
 
၎င်းလက်ထက်တွင် ယခင်သမ္မတ ဒူတာတေးထက် အမေရိကန်အပေါ် ပိုယိမ်းလာကာ ၂၀၁၄ ခုနှစ်အမေရိကန်နှင့် ကာကွယ်ရေးတိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ အမေရိ ကန်မှ ဝင်ရောက်အခြေချခွင့်ရရှိမည့် နောက်ထပ်စစ်ရေးစခန်းလေးခုကို ကြေညာခဲ့သည်။အဆိုပါနေရာသုံးခုသည် ထိုင်ဝမ်နှင့် ပိုမိုနီးကပ်သော လူဇုန်ကျွန်းမြောက်ပိုင်းတွင်ဖြစ် သည်။
 
တရုတ်နှင့် ဖိလစ်ပိုင်ကြား ရေကြောင်းပိုင်နက်အငြင်းပွားမှုမှာ တခြားသော အာဆီယံနိုင်ငံများ ဖြစ်သည့် ဗီယက်နမ်၊ အင်ဒို၊ မလေးရှား၊ ဘရူနိုင်း စသည့် နိုင်ငံများနှင့် မတူပေ။အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံများနှင့် မတူညီစွာ ဖိလစ်ပိုင်သည် အမေရိကန်နှင့် ကာကွယ်ရေးစာချုပ် အပြန်အလှန်ချုပ်ဆိုထားခြင်းကြောင့်ဖြစ်သည်။ထို့ပြင် ဖိလစ်ပိုင်တွင် အမေရိကန်စစ်စခန်းများလည်းရှိနေရာ တရုတ်အဖို့ အမေရိကန်ဩဇာအောက်တွင်ရှိနေသည် ဖိလစ်ပိုင်နှင့် အငြင်းပွားနေရခြင်းဖြစ်၍ သတိထား ကိုင်တွယ်နေသည်ကိုတွေ့ရသည်။
 
နှစ်နိုင်ငံအငြင်းပွားမှုသည့် ဒုတိယသောမတ်စ် သောင်ခုံ (Second Thomas Shoal) နှင့် တိုက် ရိုက်သက်ဆိုင်နေသည်။ ၁၉၉၉ ခုနှစ်တွင် မနီလာရေတပ်သင်္ဘောသည် စပရက်တလီကျွန်းစုရှိ Second Thomas Shoal တွင် တမင်တကာ ကျောက်ချခဲ့သည်။ထိုမရေမရာ ဆောက်ထားသော သင်္ဘောပေါ်ရှိ ဖိလစ်ပိုင်တပ်ဖွဲ့ငယ်များအတွက် မနီလာ၏ ထောက်ပံ့မှုကို ဟန့်တားရာမှ နှစ်နိုင်ငံအကြား မကြာခဏဆိုသလို ပြဿနာတက်လေ့ရှိသည်။
 
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီတွင် ပေကျင်းသို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ သွားရောက်ခဲ့သည်။ထိုစဉ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုများကို အပြန်အလှန်အသိအမှတ်ပြုကြရန် သဘောတူခဲ့ကြသည်။ထိုခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုများနှင့်ပတ်သက်ပြီး နှစ်ဘက်နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းများထားရှိကာ ညှိနှိုင်းမှုများ ပြုလုပ်သွားရန် ပါဝင်သည့် သဘောတူညီချက် ၁၄ ချက်ပါ နှစ်နိုင်ငံပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
 
ဖိလစ်ပိုင်သမ္မတ၏ ပေကျင်းခရီးစဉ်အပြီး ကမ္ဘာ့အရေးများက အပြောင်းအလဲများခဲ့သည်။ထို အပြောင်းအလဲများနှင့်အတူ အမေရိကန်၏ တရုတ်ကို ထိန်းချုပ်ရေး လုပ်ဆောင်မှုသည် အင်ဒို-ပစိဖိတ် ဒေသတွင် သွက်လက်လာသည်။ထိုထဲတွင် ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံက လက်အောက်ခံအဖြစ် သဘောထားသည့် ထိုင်ဝမ်ကျွန်းနှင့် ကီလိုမီတာ ၂၀၀ ခန့်သာ ကွာဝေးသည့် ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်စွန်း၊ Batanes အရပ်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်တို့ လေကြောင်း၊ ရေကြောင်း ပူးတွဲကင်းလှည့်ခဲ့ရာ ထိုအပေါ် တရုတ်အတွက် ဒေါသထွက်စရာဖြစ်ခဲ့သည်။
 
ထို့ပြင် အမေရိကန်နှင့် ယခုနှစ် Balikatan လေ့ကျင့်ခန်းသည် မြောက်ဘက် လူဇုန်ထက် ထိုင်ဝမ်နှင့် ပိုနီးကပ်သော Batanes ကျွန်းများကို ကာကွယ်ခြင်းပါ၀င်သည့် စစ်ရေးလေ့ကျင့်မှုနှင့်အတူ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။
 
ထိုသို့သောဖြစ်ရပ်များနှင့် ဖိလစ်ပိုင်ထောက်ပို့သင်္ဘောများက Second Thomas သောင်ခုံပေါ် သောင်တင်နေသည့် သင်္ဘောမှ ဖိလစ်ပိုင်ရေတပ်သားများအတွက် ရိက္ခာများသွားပို့သည့် ဖြစ်စဉ်များကြောင့် တရုတ်နှင့် ဖိလစ်ပိုင်ကြား မကြာခဏဆိုသလို ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ရာ ဒီဇင်ဘာ ၂၅ ရက် တွင် တရုတ်နိုင်ငံပိုင်မီဒီယာ People’s Daily သတင်းစာက ဖိလစ်ပိုင်သည် အမေရိကန်၏ ထောက်ခံအားပေးမှုဖြင့် တရုတ်အပေါ် ရန်စမှုများ ထပ်တလဲလဲလုပ်ဆောင်နေပြီး ယင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဆိုးရွားစွာထိခိုက်စေသည့် လုပ်ရပ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
 
မကြာသေးမီလများအတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား တင်းမာမှုမြင့်တက်လာခဲ့သည်။တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အပြန်အလှန်အပြစ်တင်ကြသည်။မကြာသေးမီက သွားရောက်ခဲ့သည့် ဖိလစ်ပိုင်သမ္မတ၏ ဗီယက်နမ်ခရီးစဉ်တွင် တောင်ပင်လယ် အငြင်းပွားမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
 
ထိုသဘောတူစာချုပ်တွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်အကြား ကူးလူးဆက်ဆံရေး တယ်လီဖုန်းလိုင်းထားရှိရန်၊ ပူးတွဲ ပင်လယ်ကမ်းခြေစောင့်တပ် ကော်မတီကို တည်ထောင်ရန် သဘောတူခဲ့ကြသည်။ထိုသ ဘောတူညီမှုကို တရုတ်ဘက်က ၎င်းကို ဆန့်ကျင်ရန်အတွက် စုဖွဲ့သည့် တောင်တရုတ်ဆိုင်ရာ အာဆီယံအသိုင်းအဝိုင်းငယ်တစ်ခု ထူထောင်ရန်အတွက် အစပျိုးမှုဟု  ယူဆခဲ့သည်။ထိုမတိုင်မီကပင် မလေးရှားနှင့်လည်း ထိတွေ့ဆက်ဆံခဲ့ရာ တောင်တရုတ်ပင်လယ်ပြဿနာတွင် တရုတ်ကို ဖိအားပေးရန်အတွက် သော့ချက်ကျသည့် ဗီယက်နမ်နှင့် စုဖွဲ့မှုသည် တရုတ်အတွက် သံသယဖြစ်ဖွယ်ဖြစ်နေသည်။
 
ရေပြင်ပိုင်ဆိုင်မှုတွင် ကမ်းခြေမှ ၁၂ မိုင်အထိ သက်ဆိုင်ရာ ရေပြင်ပိုင်နက်အဖြစ်နှင့် မိုင် ၂၀၀ အထိ စီးပွားရေးပိုင်နက်အဖြစ် သတ်မှတ်ထားရာ ကမ်းခြေနှင့် ဝေးကွာသော Second Thomas သောင်ခုံနေရာသည် နှစ်ဘက်လုံးအတွက် အငြင်းပွားဖွယ်ဖြစ်ပြီး တရုတ်ဘက် ဒေသတွင်းဖြေရှင်းရန် အားထုတ်ပြီး ဖိလစ်ပိုင်ဘက်က နိုင်ငံတကာဥပဒေကိုကိုင်စွဲကာ အနိုင်ရရန် အားထုတ်လျက်ရှိသည်။သို့သော် တတိယနိုင်ငံက ထိုပြဿနာထဲပါဝင်လာပါက ထိုပြဿနာမှာ ပို၍ကြီးထွားလာမည်ဖြစ်ပြီး ဒေသမတည်မ ငြိမ်မှုကို ဖြစ်စေမည်ဖြစ်သည်။
 
မကြာမီကပင် တရုတ်နှင့် အစဉ်အလာပြိုင်ဘက် ဂျပန်က အာဆီယံ ၄ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများအတွက် ရေကြောင်းလုံခြုံရေးအကူအညီ ၁၀ နှစ်ပေးရန် ပြင်ဆင်နေကြောင်း သတင်းထွက်လာသည်။ထိုပေးမည့်အကူအညီထဲတွင် ဒရုန်းများ၊ ရေဒါစနစ်များ၊ ကင်းလှည့်ရေယာဉ်များအခြားစွမ်းရည်တည်ဆောက်ရေး အစီအမံများပါဝင်လာရာ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံများကြား ပွတ်တိုက်မှုသည် ယခင်ကထက် ပိုများလာတော့မည်ဖြစ်သည်။ထိုထက်ပိုဆိုးသည်မှာ တောင်တရုတ်ပင်လယ်ရှိ ဒေသတွင်းပြဿနာထဲ အမေရိကန်ကိုပါ ဖိလစ်ပိုင်က ထည့်သွင်းခဲ့မှုဖြစ်သည်။
 
တရုတ်ကိုထိန်းချုပ်ရန် အမေရိကန်က AUKUS ၊ Quad နိုင်ငံများအဖွဲ့နှင့် ကြိုးစားနေရာ မကြာမီက ဖိလစ်ပိုင် အစပျိုးခဲ့သည့် တောင်တရုတ်ပင်လယ်ရှိ အာဆီယံစုဖွဲ့ရန် အစပျိုးမှုသည် ပြဿနာကို အေးချမ်းစွာဖြေရှင်းရန်အတွက်အားထုတ်မှုအဖြစ်လား အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှုကို ဒေသတွင်း ဖိတ်ခေါ်သည့် အားထုတ်မှုအဖြစ်လားဆိုသည်မှာ ယခုထိ မသဲကွဲချေ။
 
ထို့အတွက် ဖိလစ်ပိုင်၏ ရှေ့ဆက်ခြေလှမ်းများနှင့် တရုတ်ဘက်က မည်သို့တုံ့ပြန်လာနိုင်မှုများကို စောင့်ကြည့်နေရတော့မည်ဖြစ်သည်။
 
စိုးငြိမ်း