【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်အရေးထဲ ဂျပန်ကို ဆွဲထည့်လိုက်တဲ့ အမေရိကန်ရဲ့ ကစားကွက်

【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်အရေးထဲ ဂျပန်ကို ဆွဲထည့်လိုက်တဲ့ အမေရိကန်ရဲ့ ကစားကွက်

ကြာရှည်နေသည့် နိုင်ငံတကာတင်းမာမှုများသည် ယခုနှစ်ပိုင်းတွင် စစ်မက်အဖြစ် ပေါက်ကွဲထွက် လာခဲ့သည်ကို တွေ့ရသည်။
 
ယူကရိန်းစစ်ပွဲ၊ ဂါဇာအရေး၊ အီရန်-အစ္စရေးတိုက်ခိုက်မှုများမှသည် လက်တင်အမေရိကနှင့် အာဖရိကဒေသတွင်းရှိ ဖြစ်နေသော စစ်ပွဲများသည် ပဋိပက္ခများတွင် မြစ်ဖျားခံပြီး တင်းမာမှုမြင့်တက်ခဲ့ရာတွင် ယခင်က ဒေသတွင်းနိုင်ငံများက ထိန်းသိမ်းနိုင်ခဲ့ကြသည်။
 
သို့သော်လည်း ယခုအခါ ထိုပြဿနာများသည် ညှိနှိုင်းမရနိုင်တော့သည့် ဒေသတွင်း စစ်ပွဲများအဖြစ် ဦးတည်ကာ နိုင်ငံတကာအကျိုးစီးပွားကိုပါ ထိခိုက်လာခဲ့ပြီဖြစ်သည်။
 
ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေသည့် ထိုသို့သော နိုင်ငံတကာတင်းမာမှုများထဲတွင် အင်အားကြီးနိုင်ငံများ ထိပ်တိုက်တွေ့ဆုံနိုင်သည့် ပြဿနာအချို့လည်းရှိနေသည်။သို့သော်လည်းယခုထိ နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေသဖြင့် စစ်မက်အဆင့်ထိ မရောက်သေးပေ။ထိုထဲတွင် ထိုင်ဝမ်အရေးသည် ထိပ်ဆုံးမှ ပါဝင်နေသည်။
 
လက်ရှိတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တို့ကြား အခိုက်အတန့် တည်ငြိမ်နေသည်ဆိုသော်လည်း ထိုင်ဝမ်တွင် လက်ရှိပါတီမှ ဆက်အနိုင်ရခြင်း၊ ဂျပန်နိုင်ငံကို AUKUS အဖွဲ့သို့ဝင်ရောက်ရန် ဖိတ်ခေါ်ထားခြင်း၊ ဖိလစ်ပိုင်နှင့် အငြင်းပွားမှုထဲ အမေရိကန်ပါဝင်လာခြင်းကြောင့် ထိုပြဿနာမှာ ဆက်၍စောင့်ကြည့်ရတော့မည့်အခြေအနေ ဖြစ်လာခဲ့ပြီဖြစ်သည်။
 
ထိုသို့စောင့်ကြည့်ရမည်ဆိုသော အခြေအနေဆိုသည်မှာ အမေရိကန်က ထိုင်ဝမ်သို့ မကြာခဏ လက်နက်ရောင်းချမှု၊ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်၍ အမေရိကန်နှင့် အနောက်နိုင်ငံများမှ စစ်သင်္ဘောများ ခုတ်မောင်းနေခြင်းနှင့် တရုတ်နိုင်ငံက ထိုင်ဝမ်အနီးသို့ သင်္ဘောများနှင့် လေယာဉ်များဖြင့် စစ်ရေးအချက်ပြမှုကို ဆက်လက်လုပ်ဆောင်နေခြင်းတို့ကြောင့် ဖြစ်သည်။
 
ယခုအခါ ထိုင်ဝမ်အရေးထဲ ဂျပန်ကိုပါ အမေရိကန်က သိသိသာသာ ဆွဲထည့်လာသဖြင့် ထိုင်ဝမ်အရေးမှာ ပို၍သတိထားစောင့်ကြည့်ရဖို့ ဖြစ်လာခဲ့သည်။အထူးသဖြင့် ထိုင်ဝမ်အား ပြည်မနှင့် ပြန်လည်ပူးပေါင်းရန် တရုတ်ဘက်က အင်အားသုံးလာပါက ဖြစ်လာနိုင်သော အခင်းအကျင်းတွင် ထိုင်ဝမ်အနီးရှိ အမေရိကန်မဟာမိတ်များ ပါဝင်လာစေရန်အတွက် အမေရိကန်အာဏာပိုင်များက မဟာဗျူဟာကျကျ ခင်းကျင်းလာနေသည်ကို တွေ့ရသည်။
 
အထူးသဖြင့် တစ်ချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံထဲ ပါဝင်ခဲ့သည့် ဂျပန်နိုင်ငံမှာ သတိထားစရာဖြစ်လာသည်။
 
ယခုနှစ်ပိုင်း ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ် ကီရှီဒါ အာဏာရယူပြီးနောက် ဂျပန်၏မူဝါဒသည် ယခင် စစ်မက်နှင့် ခပ်ဝေးဝေးရှိနေရာမှ ဂငယ်ကွေ့ ကွေ့ကာ စစ်ရေးတည်ဆောက်မှုကို ပြန်လည်စတင်လာခဲ့သည်။ထိုစစ်ရေးတည်ဆောက်မှုအတွက် ဂျပန်အခြေခံဥပဒေက ခွင့်ပြုထားသည့် ပမာဏထက် ကျော်လွန်ကာ ဂျီဒီပီ၏ သတ်မှတ် ကန့်သတ်မှုကို ဖြတ်ချိုးခဲ့သည်။
 
မကြာသေးမီက အမေရိကန်သို့ ဂျပန်ဝန်ကြီးချုပ် သွားရောက်ခဲ့သည်။ထိုခရီးစဉ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့က ဒုံးကျည်များမှသည် လပေါ် အတူဆင်းသက်ရေးအထိပါဝင်သည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် စီမံကိန်းများကို  ထုတ်ပြန်ခဲ့သည်။
 
နှစ်နိုင်ငံအကြား စီးပွားရေးအရ ကြီးမားသော ပဋိပက္ခဖြစ်သည့် နိပွန်စတီးက ယူအက်စ်-စတီးကို ဝယ်ယူရန် ကမ်းလှမ်းသည့် အငြင်းပွားမှုရှိနေသော်လည်း ထိုကိစ္စကို ခေါင်းဆောင်နှစ်ဦးက ဘေးချိတ်ကာ တရုတ်နှင့် ရုရှားကို တန်ပြန်ရေး မဟာမိတ်တောင့်တင်းအောင် လုပ်ခဲ့ကြသည်။ထိုတွေ့ဆုံမှုတွင် ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်တို့ ဖွဲ့ထားသော စစ်ရေးမဟာမိတ်ထဲ ဂျပန်ကို ထည့်သွင်းရန် ဖြစ်လာခဲ့သည်။ထိုစစ်ရေးအဖွဲ့မှာ အာရှ-ပစိဖိတ်ဒေသတွင် ဩဇာကြီးမားလာသော တရုတ်ကို တန်ပြန်ရန်ဖြစ်သည်။သို့ဖြစ်ရာ အာရှ-ပစိဖိတ် ဒေသတွင်း အင်အားကြီးလာသော တရုတ်ကို ဟန့်တားရန် မျှခြေအဖြစ် ဂျပန်နှင့် ဩစတြေးလျကို လျာထားသော အမေရိကန်၏ ဗျူဟာမှာ ပေါ်လွင်လာခဲ့သည်။
 
ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်က လက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် ယခုဧပြီ ၁၀ ရက်ဆို ၄၅ နှစ်ပြည့်ပြီဖြစ်သည်။သို့သော် အမေရိကန်က ထိုင်ဝမ်ကို တရုတ်ပြည်မနှင့် ခွဲခြားရှုမြင်ထားပြီး ထိုင်ဝမ်ခေါင်းဆောင်များနှင့် အမေရိကန်လွှတ်တော်ခေါင်းဆောင်များ အပြန်အလှန်သွားရောက်မှုများ ရှိခဲ့သည်။
 
ထို့ပြင် လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ဦးစလုံးက ထိုင်ဝမ်အပေါ် အခိုင်အမာထောက်ခံ အားပေးခဲ့ကြသည်။လက်ရှိ သမ္မတ ဘိုင်ဒင်က တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဒါမှမဟုတ် ပြည်မကြီးရဲ့ တိုက်ခိုက်ခံရပါက ထိုင်ဝမ်ကို အမေရိကန်က ခုခံ ကာကွယ်မှာဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် ကြေညာခဲ့သည်။ဘိုင်ဒင်အစိုးရ ကွန်ဂရက်လွှတ်တော်မူဝါဒ ချမှတ်သူတွေဟာ ထိုင်ဝမ်ကျွန်းကို အင်အားသုံးသိမ်းယူဖို့ ကြိုးပမ်းမှုမှာ ပါဝင်ဆောင်ရွက်လာမယ်ဆိုရင် တရုတ်နိုင်ငံအပေါ် ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဥပဒေတွေကိုလည်း အသင့်ပြင်ဆင်ထားကြသည်။
 
ထိုအခင်းအကျင်းထဲ ယခုအခါ ဂျပန်ပါဝင်လာဖို့ များလာပြီဖြစ်သည်။ခန့်မှန်းမှုများအရ ဂျပန်အ နေဖြင့် မည်သို့ပင် ထိုင်ဝမ်အရေးထဲ ပါဝင်လိုသည်ဖြစ်စေ အဓိကအဆုံးအဖြတ်မှာ ဂျပန်ပြည်သူများပင်ဖြစ်သည်။အလားအလာရှိသော ထိုင်ဝမ်ပဋိပက္ခတွင် ဂျပန်ပါဝင်ပတ်သက်မှုကို ဂျပန်လူထုက ကန့်ကွက် ထားသည်။
 
၂၀၂၂ ခုနှစ် နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတစ်ခုအရ ဂျပန်ဖြေဆိုသူ၂၂.၅ ရာခိုင်နှုန်းကသာ ထိုင်ဝမ် ပဋိပက္ခတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အား ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် (SDF) က အမေရိကန်နှင့်အတူ တိုက်ခိုက်ဖို့ ထောက်ခံခဲ့ပြီး ၇၄.၂ရာခိုင်နှုန်းက ကန့်ကွက်ခဲ့သည်။
 
ထို့အပြင် ၄၄.၈ ရာခိုင်နှုန်းကသာ အမေရိကန်စစ်တပ်အတွက် တိုက်ခိုက်ရေးမဟုတ်သော ပံ့ပိုး ကူညီမှုအခန်းကဏ္ဍတွင်ပါဝင်ရန် SDF ကို ထောက်ခံခဲ့ပြီး ၅၁.၁ ရာခိုင်နှုန်းက ဆန့်ကျင်ခဲ့ကြသည်။
 
ဂျပန်-အမေရိကန် မဟာမိတ်အတွက် ပိုကြောက်စရာကောင်းသည့် အဖြေမှာ ဖြေဆိုသူ တစ်ဝက်လောက်က ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခအတွင်း အမေရိကန်က ဂျပန်မှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေ အသုံးပြုတာကို ထောက်ခံခဲ့ပြီး ကျန်တစ်ဝက်က အမေရိကန်စစ်တပ်အတွက် အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပိတ်ပစ်ဖို့ ထောက်ခံခဲ့ခြင်းဖြစ်သည်။
 
ယင်းက ယခုပုံဖော်နေသည့် ဂျပန်-အမေရိကန် လုံခြုံရေးမဟာမိတ်ကို အဟန့်အတားဖြစ်စေမည့် အန္တရာယ်ပင်ဖြစ်သည်။
 
ဂျပန်နိုင်ငံသည် ၀န်ကြီးချုပ် ဖူမီအို ကီရှီဒါလက်ထက်တွင် လုံခြုံရေးအခန်းကဏ္ဍ ပိုမိုပါဝင်ရန် ရည်ရွယ်ထားသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က ဖြန့်ဝေသည့် ကီရှီဒါအစိုးရ၏ မဟာဗျူဟာမြောက် စာတမ်းအသစ် (၃) စောင်တွင် - အမျိုးသားလုံခြုံရေး မဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့် ကာကွယ်ရေး တည်ဆောက်ရေး အစီအစဉ်ကို အတည်ပြုခဲ့သည်။မဟာဗျူဟာသစ်အရ ဂျပန်နိုင်ငံသည် ကာ ကွယ်ရေးအသုံးစရိတ်ကိုလက်ရှိ GDP ၏ ၁ ရာခိုင်နှုန်းမှ ငါးနှစ်အတွင်း GDP ၏ ၂ ရာခိုင်နှုန်းသို့ နှစ်ဆတိုးရန် ရည်မှန်းထားသည်။ထို့အပြင် ဂျပန်သည်“တန်ပြန်တိုက်ခိုက်ခြင်း” စွမ်းရည်ကို မြှင့်တင်ရန် အမေရိကန်ထံမှ ခရုဇ်ဒုံးကျည်များကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီး လက်တွေ့တွင်“ကြိုတင်တိုက်ခိုက်ခြင်း” စွမ်းရည်ဆိုသည့် စကားလုံးကိုလိမ္မာပါးနပ်စွာ သုံးထားခဲ့သည်။
 
ဤအပြောင်းအလဲများကြားမှ ဂျပန်သည် ဒေသတွင်း လုံခြုံရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှပါဝင်ရန် အမေရိကန်၏ လှုံ့ဆော်မှုအတိုင်း လိုက်ပါလာခြင်းဖြစ်သည်။သို့သော် ဂျပန်သည် မူဝါဒသစ်အတွက် အဓိကစမ်းသပ်မှုတစ်ခုမှာ ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများကို တိုက်ရိုက်ရင်ဆိုင်ရဖွယ်ရှိလာနေခြင်းဖြစ်သည်။ထိုင်ဝမ်အတွက် ပိုမိုခိုင်မာသော ပံ့ပိုးကူညီမှုပေးရန် တိုကျိုက တရားဝင်မဟုတ်သော အသံများစွာကို ပံ့ပိုးပေးထားသည်။ရာထူးမှနုတ်ထွက်ခဲ့သည့် ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက “ထိုင်ဝမ်အတွက် အကျပ်အတည်းသည် ဂျပန်အတွက် အကျပ်အတည်းဖြစ်သည်” ဟု ရဲဝံ့စွာ အခိုင်အမာပြောကြားခဲ့ရာ ထိုင်ဝမ်ပြဿနာထဲ အမေရိကန်အပြင် ဂျပန်ကပါ ပါဝင်လာမည့် အခြေအနေဖြစ်သည်။
 
သို့သော် တရုတ်စစ်ဘက်က ထိုင်ဝမ်နှင့်ပတ်သက်လာလျှင် လုပ်သင့်လုပ်ထိုက်တာမှန်သမျှ လုပ်မည်ဖြစ်ပြီး နောက်တွန့်မည် မဟုတ်ဟုဆိုထားရာ အမေရိကန်အနေ့ဖြင့် တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ရန်အတွက် ချထားသည့် မဟာဗျူဟာတွင် ထိုင်ဝမ်အရေး၌ တရုတ်နှင့် ထိပ်တိုက်တွေ့မည့်အရေးကို ဂျပန် မည်သို့ရှောင်လွှဲမည်လဲဆိုသည်မှာ စောင့်ကြည့်ချင်စရာကောင်းနေပြီဖြစ်သည်။
 
စိုးငြိမ်း