【 နိုင်ငံတကာဆောင်းပါး 】 နိုင်ငံတကာကိစ္စရပ်များ၌ “နိုင်ငံတစ်ခု စနစ်နှစ်ခု” ဖြင့် ပါဝင်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 နိုင်ငံတကာကိစ္စရပ်များ၌ “နိုင်ငံတစ်ခု စနစ်နှစ်ခု” ဖြင့် ပါဝင်ခြင်း

နိုင်ငံတစ်ခု စနစ်နှစ်ခု အယူအဆကို ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၉၈၂ ခုနှစ်တွင် တိန့်ရှောင်ဖိန်က ထိုင်ဝမ်ဒေသနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် စတင်ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုမူဝါဒကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေခံဥပဒေ ပုဒ်မ ၃၁ တွင် ထည့်သွင်းပြဌာန်းထားသည်။ထိုပုဒ်မအရ အထူးအုပ်ချုပ်ခွင့်ရဒေသများ တည်ဆောက်ရေးသည် နိုင်ငံတစ်ခုတည်း၏ အစိတ်အပိုင်းသာဖြစ်ပြီး ဥပဒေ၊ လူမှုရေးနှင့် စီးပွားရေးအရတွင် ၎င်းတို့၏ စနစ်ဖြင့် လုပ်ဆောင်ရန်ဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်သည် ထိုအယူဝါဒ၏ ၄၂ နှစ်မြောက်ဖြစ်ပြီး ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသများတွင် မည်သို့လုပ်ဆောင်နေသည်နှင့် ထိုဒေသများက နိုင်ငံတကာအရေးကိစ္စများတွင် အချုပ်အခြာမရှိသော ဒေသများအဖြစ် မည်သို့ရပ်တည်နေကြသည်ကို လေ့လာရန် လိုအပ်သည်။

ဟောင်ကောင်နှင့် မကာအိုတို့၏ အခြေခံကျသော ဥပဒေများတွင် ထိုဒေသနှစ်ခုသည် ပြည်ပနိုင်ငံ၊ ဒေသများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေး တည်ဆောက်ဖော်ထုတ်ကာ သဘောတူညီချက်များ ရရှိနိုင်ခွင့်ရှိသည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံ ဟောင်ကောင် (သို့မဟုတ်) တရုတ်နိုင်ငံ မကာအိုဟူသော နာမည်များကို အသုံးပြုပြီး အထူးအုပ်ချုပ်ခွင့်ရဒေသနှစ်ခုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး နိုင်ငံတကာကုန်သွယ်ရေးတွင် ဝင်ရောက်ကာ ပြည်ပဈေးကွက်များသို့ လက်လှမ်းမီနိုင်ခြင်းဖြစ်သည်။ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် နိုင်ငံများကိုသာမက အထူးဒေသများကိုပါ လက်ခံပေးသောကြောင့် ဟောင်ကောင်နှင့် မကာအိုတို့သည် အဖွဲ့ဝင်များ ဖြစ်လာနိုင်ကြခြင်းဖြစ်သည်။

ဟောင်ကောင်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုကို ဖြေရှင်းရေး ယန္တရားကို အသုံးပြုကာ ကုန်သွယ်ရေးအကျိုးစီးပွားများကို ကာကွယ်နိုင်ခဲ့သည်။ဥပမာ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်တွင် အမေရိကန်နှင့်ဖြစ်ပွားသော ကုန်သွယ်ရေးအငြင်းပွားမှုတွင် အမေရိကန်သည် ဟောင်ကောင်မှ မူရင်းထုတ်လုပ်သော ထုတ်ကုန်များ၏ မူလထုတ်လုပ်မှုနေရာကို ပြောင်းလဲကာ ခွဲခြားဆက်ဆံမှု ပြုလုပ်ခဲ့သည်။ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထိုကဲ့သို့သော လုပ်ဆောင်ချက်သည် အကောက်ခွန်နှင့် ကုန်သွယ်ရေး အထွေထွေသဘောတူညီချက်နှင့် မကိုက်ညီဟု သတ်မှတ်ပေးခဲ့သည်။

နိုင်ငံတစ်ခု စနစ်နှစ်ခု မူဝါဒအောက်တွင် မကာအိုသည် လွတ်လပ်သော ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်ပြီး သွင်းကုန်များအပေါ်တွင် အကောက်ခွန်ချမှတ်ခြင်း ရှောင်ရှားနိုင်ကာ ဒေသခံများနှင့် ခရီးသွားများအတွက် ပို၍အဆင်ပြေစေခဲ့သည်။ရလဒ်အားဖြင့် မကာအိုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများနှင့် အငြင်းပွားဖွယ် မရှိခဲ့သည့်အပြင် အဖွဲ့ဝင်များကြားတွင်လည်း စံပြဖြစ်လာသည်။

မကာအိုနှင် ဟောင်ကောင်တို့၏ ဥပဒေများအရ တစ်စိတ်တစ်ပိုင်း တရားဝင်ဖြစ်သော စီးပွားရေးနှင့် ကုန်သွယ်ရေး သံတမန်ကိစ္စများကို ပြည်ပနိုင်ငံများတွင် ဆောင်ရွက်နိုင်သည်။ထို့ကြောင့် မကာအိုသည် ဘရပ်ဆဲလ်၊ လစ္စဘွန်းနှင့် ဂျနီဗာတို့တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်ထားပြီး ဒေသ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးများကို တိုးတက်စေခဲ့သည်။ဟောင်ကောင်ကလည်း အာရှ-ပစိဖိတ်၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကန်တို့တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံး ၁၄ ခု တည်ဆောက်ထားသည်။

အချုပ်အခြာအာဏာရနိုင်ငံများနှင့်ပတ်သက်သော နိုင်ငံတကာအရေးကိစ္စများတွင် တရုတ်ပြည်သူ့သမ္မတ ဗဟိုအစိုးရသည် ဟောင်ကောင်နှင့် မကာအိုတို့အား တရုတ်နိုင်ငံပါဝင်နေသော နိုင်ငံတကာစာချုပ်များတွင် ပါဝင်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။ဥပမာအားဖြင့် ၁၉၈၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကုန်ပစ္စည်းများအား နိုင်ငံတကာရောင်းချခြင်း စာချုပ်များဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို လက်မှတ်ရေးထိုးခဲ့သည်။ထိုပဋိညာဉ်သည် အဖွဲ့ဝင်နိုင်ငံများရှိ အဖွဲ့အစည်းများကြား ရောင်းချခြင်း စာချုပ်များအတွက် တစ်ပြေးညီ စည်းမျဉ်းများ သတ်မှတ်ပေးထားခြင်းဖြစ်သည်။ထိုအချိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဟောင်ကောင်နှင့် မကာအိုတို့နှင့် ပြန်လည်ပေါင်းစည်းရေး မလုပ်ရသေးသောကြောင့် ထိုဒေသများ၏ ပဋိညာဉ်တွင် ပါဝင်ခွင့်သည် မရေမရာဖြစ်ခဲ့သည်။

ဟောင်ကောင်သည် အဓိကဆိပ်ကမ်းနှင့် ဘဏ္ဍာရေးစင်တာဖြစ်လာပြီး နိုင်ငံတကာကုန်သွယ်မှုများတွင် ပါဝင်လာချိန်တွင် ဒေသ၏ အာဏာပိုင်များက ဟောင်ကောင်ရှိ စီးပွားရေးများနှင့် ကုန်သွယ်ရေးမိတ်ဖက်များအတွက် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းရောင်းချရေးတွင် တူညီသော စည်းမျဉ်းများကို လိုက်နာခြင်းက အကျိုးရှိမည်ဟု ယူဆခဲ့ကြသည်။ထို့ကြောင့် တရုတ်ဗဟိုအစိုးရက ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်မှ စတင်ပြီး ဟောင်ကောင်သည်လည်း ထိုပဋိညာဉ်၌ အကျုံးဝင်ကြောင်းကို အဖွဲ့ဝင်နိုင်ငံများအား အသိပေး အကြောင်းကြားခဲ့သည်။

ဖော်ပြခဲ့သော ဥပမာများကို ကြည့်ခြင်းအားဖြင့် တရုတ်၏ နိုင်ငံတစ်ခု စနစ်နှစ်ခု မူဝါဒသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက် နိုင်ငံတကာအရေးကိစ္စများတွင် ရေရှည်တည်တံ့သော ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်ကို ထောက်ပံ့ပေးထားပြီး အချုပ်အခြာအာဏာပိုင်မဟုတ်သော ဒေသများကို လက်ခံသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သဘောတူညီချက်များတွင်လည်း ပါဝင်စေနိုင်သည်ကို တွေ့ရသည်။

ထို့ကြောင့်ပင် တရုတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် ပိုမိုပေါ်လွင်စေရုံသာမက ၎င်းတို့၏ စီးပွားရေးတိုးတက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့ကိုပါ အားပေးမြှင့်တင်နိုင်ခြင်းဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | 'One Country, Two Systems' in international affairs