【 နိုင်ငံတကာဆောင်းပါး 】 ပျော်ရွှင်သောဘဝကို ဖော်ဆောင်သည့် တရုတ်၏ အကြမ်းဖက်တိုက်ဖျက်ရေး

【 နိုင်ငံတကာဆောင်းပါး 】 ပျော်ရွှင်သောဘဝကို ဖော်ဆောင်သည့် တရုတ်၏ အကြမ်းဖက်တိုက်ဖျက်ရေး

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပြည်နယ်ကောင်စီဖွဲ့စည်းရေးရုံးသည် “အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် တရုတ်၏ ဥပဒေမူဘောင်နှင့် နည်းလမ်းများ” ဟူသော စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေးကာကွယ်ရေးနှင့် ပြည်သူနှင့် နိုင်ငံကို လုံခြုံစေရေး ကိစ္စရပ်များတွင် အစိုးရ၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းဖော်ပြခဲ့သည်။

အကြမ်းဖက်မှုသည် လူသားမျိုးနွယ်၏ ဘုံရန်သူဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းက ပူးတွဲတိုက်ဖျက်နေခြင်းဖြစ်သည်။အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများအပေါ် တရုတ်၏ တိုက်ဖျက်ရေးသည် ကုလသမဂ္ဂ မူဝါဒများနှင့်အညီ တည်ရှိပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲထားခြင်းလည်းဖြစ်သည်။

တရုတ်အစိုးရသည် တိုင်းရင်းသားအဖွဲ့အားလုံး၏ အခြေခံအကျိုးစီးပွားများကို ကာကွယ်ရန် ထိပ်တန်းဦးစားပေးဖြစ်ပြီး အခြေနက်သော ပြဿနာများကို ဖြေရှင်းရာတွင်လည်း ဥပဒေအခြေခံသော ချည်းကပ်မှုများကို အသုံးချကာ အောင်မြင်မှုနှင့် ထိရောက်မှုများ ရရှိနိုင်ခဲ့သည်။ယခင်တုန်းက တရုတ်တွင် အကြမ်းဖက်မှုဖြစ်ရပ်များစွာရှိခဲ့ပြီး တည်ငြိမ်အေးချမ်းနေသော လူ့အသိုက်အဝန်းကို အနှောင့်အယှက်ဖြစ်စေခဲ့သည့်အပြင် အသက်ရှင်သန်ရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသော အခြေခံလူ့အခွင့်အရေးများစွာကို ထိပါးခဲ့သည်။

တရုတ်အစိုးရသည် အကြမ်းဖက်မှုကို တိုက်ဖျက်ရေးအတွက် ကာကွယ်ရေးနှင့် အပြစ်ဒဏ်ပေးရေး ဥပဒေများဖြင့် ကိုင်တွယ်ခဲ့ပြီး အကြမ်းဖက်အုပ်စုများကို ဟန့်တားကာ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးခဲ့သည်။တစ်ချိန်တည်းတွင် တရုတ်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး အားထုတ်မှုများ၌ လူ့အခွင့်အရေးကာကွယ်ရေးကပါ ဒွန်တွဲရှိနေစေရန် လုပ်ဆောင်ခဲ့သည်။အကြမ်းဖက်မှု တိုက်ဖျက်ရေးများကြောင့် ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တားမြစ်နိုင်ရန်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများကို ချမှတ်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို ဥပဒေနှင့်အညီသာ အပြစ်ပေး အရေးယူခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ဆောင်ချက်များသည် တိုင်းရင်းသားအဖွဲ့အားလုံး၏ အခြေခံလူ့အခွင့်အရေး၊ အကျိုးစီးပွားနှင့် လွတ်လပ်မှုတို့ကို မချိုးဖောက်စေဘဲ ဥပဒေအတိုင်းဖြစ်ကာ လူမှုအသိုက်အဝန်းပုံစံကို ပုံမှန်အတိုင်းဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် မည်သည့်ဒေသ၊ တိုင်းရင်းသားအဖွဲ့ (သို့မဟုတ်) ဘာသာတရားတို့ကိုမျှ ပစ်မှတ်မထားခဲ့ပေ။တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွင် “အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ဆောင်ချက်များတွင် ပြည်သူများ၏ လွတ်လပ်သော ဘာသာရေးယုံကြည်ခွင့်နှင့် တိုင်းရင်းသားထုံးတမ်းစဉ်လာများကို လေးစားရမည်ဖြစ်ပြီး ဘာသာရေး၊ တိုင်းရင်းသားအစုအဖွဲ့နှင့် အခြားသောအခြေအနေများကို မူတည်ပြီး ခွဲခြားဆက်ဆံခြင်းကို တားမြစ်သည်” ဟူ၍ ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒီ တိုက်ဖျက်ရေးများတွင် တရုတ်နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးသည် ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို အကာအကွယ်ရရှိထားသည်။ပြည်သူများသည် ဘာသာရေးကို လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှလည်း တစ်စုံတစ်ယောက်ကို ဘာသာရေးသွတ်သွင်းခြင်း ပြုလုပ်ခွင့်မရှိဘဲ ဘာသာရေးအပေါ် မူတည်ပြီး ခွဲခြားခွင့်လည်း မရှိပေ။

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းသည် ဟန်ချက်မျှတပြီး ကောင်းမွန်သော လူမှုအသိုက်အဝန်းကို ဖန်တီးပေးသည်။

ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အချို့အစိတ်အပိုင်းများတွင် အကြမ်းဖက်မှုများနှင့် ဘာသာရေးအစွန်းရောက်မှုများရှိနေပြီး အချို့သောလူများသည် တရုတ်စာကို မပြောနိုင်၊ မရေးနိုင်၊ မဖတ်နိုင် ဖြစ်ကြသည်။ထို့ကြောင့်ပင် ဥပဒေစည်းမျဉ်းများကို နားလည်နိုင်ခြင်း မရှိသည့်အပြင် အလုပ်ရှာဖွေရာ၌လည်း အခက်အခဲများရှိရသည်။ထိုအခါ ပြည်သူများသည် အကြမ်းဖက်သမားများနှင့် အစွန်းရောက်သမားများ၏ ပစ်မှတ်များ ဖြစ်လာရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒီ တိုက်ဖျက်ရေးများကို နက်ရှိုင်းစွာဆောင်ရွက်ခြင်းဖြင့် ရှင်ကျန်းဒေသရှိ ပြည်သူများ၏ လူမှုအသိုက်အဝန်းကို တည်ငြိမ်စေပြီး ပြည်သူများ၏ ဘဝကို တိုးတက်စေခဲ့သည်။ရှင်ကျန်းဒေသရှိ တိုင်းရင်းသားအားလုံးသည် ဘဝအသစ်၌ နေထိုင်နေကြပြီဖြစ်သည်။ရှင်ကျန်းပြည်သူများသည် ယခင်ကထက် ပိုမိုစည်းလုံးလာပြီး ဟန်ချက်ညီညီဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်လာသောကြောင့် အစွန်းရောက်မှုများလည်း လျော့ကျလာသည်။ရှင်ကျန်းပြည်သူများသည် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်ဝလျက်ရှိသည်။

အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အစွန်းရောက်ဝါဒီ တိုက်ဖျက်ရေးတို့သည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ပြီး လူ့အခွင့်အရေးကို ကာကွယ်ရန်အတွက် အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သည်။တရုတ်သည် ကိုယ်ပိုင်အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေစနစ်များနှင့် နိုင်ငံတကာ၏ မူဝါဒများကို ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လူသားမျိုးနွယ်အတွက် မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်းဖြစ်ပေါ်လာရေး မျှော်မှန်းချက်ဖြင့် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်မှုတွင်လည်း ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သာတူညီမျှမှုနှင့် လေးစားမှုတို့ကို အခြေခံကာ  အပြန်အလှန်သင်ယူ ဖလှယ်သွားမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို မြှင့်တင်သွားရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | 'Ultimate human right is happy life': China's fight against terrorism