【 နိုင်ငံတကာဆောင်းပါး 】 ပြည်တွင်းထောက်ခံမှု လျော့လာနေတဲ့ အမေရိကန်အုပ်ချုပ်ရေးစနစ်

【 နိုင်ငံတကာဆောင်းပါး 】 ပြည်တွင်းထောက်ခံမှု လျော့လာနေတဲ့ အမေရိကန်အုပ်ချုပ်ရေးစနစ်

တရုတ်အခြေစိုက်မီဒီယာဖြစ်သော CGTN သတင်းဌာနမှ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုမှာ စစ်တမ်းဖြေဆိုသူ ၉၀ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံသားများက အမေရိကန်နိုင်ငံကို ဆန့်ကျင်ခြင်းဟာ ပုံမှန်အခြေအနေဖြစ်လာဖွယ်ရှိနေတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ဒီစစ်တမ်းဟာ ကမ္ဘာတစ်ဝန်းက အင်တာနက်သုံးစွဲသူတွေကို အလွတ်သဘော ကောက်ယူခဲ့တာဖြစ်လို့ စိတ်ဝင်စားစရာ ကိန်းဂဏန်းအချက်အလက်တစ်ခုပါပဲ။

ဒီအရင်မှာ New York Times သတင်းဌာနက သူ့သတင်းစာမှာ ကော်လံတစ်ခုဖွင့်ခဲ့တယ် ဆိုပါတယ်။အဲဒါက အမေရိကန်နိုင်ငံ လက်ရှိအခြေအနေကို ဝေဖန်ဖို့ ကော်လံအဖြစ် “ဆုတ်ခွာခြင်း” ၊ “သိသိသာသာ ညင်သာပျော့ပျောင်းသော အမေရိကန်အင်ပါယာ” ၊ (သို့မဟုတ်) “ကျဆင်းခြင်းနှင့် ပြိုလဲခြင်းအန္တရာယ်” အဓိပ္ပါယ်မျိုး ထားရှိခဲ့တဲ့အတွက် တကယ်ပဲ အမေရိကန်ပြည်တွင်းမှာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လက်ရှိအုပ်ချုပ်နေတဲ့စနစ်အပေါ် အလိုမကျဖြစ်နေတာဟာ အတိုင်းအတာကြီးမားနေတာကို မြင်သာနေပါတယ်။

မကြာသေးမီနှစ်များအတွင်းမှာ အမေရိကန်နိုင်ငံသားတွေထဲ အမေရိကန်ဟာ  ကျဆင်းနေသော အင်ပါယာတစ်ခု ဖြစ်လာနေတယ်ဆိုတဲ့ အယူအဆဟာ သိသိသာသာ အားကောင်းလာနေခဲ့ပါတယ်။ဒီထဲမှာ တချို့ကဆိုရင် အမေရိကန်ဟာ ဘယ်တုန်းကမှ မည်သည့်အင်ပါယာမျိုး လုံးဝမဖြစ်ခဲ့ကြောင်း ငြင်းဆိုခဲ့ကြတာ ရှိခဲ့ပါတယ်။ဒါပေမဲ့ ပကတိအရှိတရားကတော့  အမေရိကန်ရဲ့ သြဇာအရိပ်အာဝါသဟာ ယနေ့ထိ ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ် လွှမ်းမိုးနေသေးတာပါပဲ။

အထူးသဖြင့် အမေရိကန်ရဲ့ စစ်ရေးအင်အားဟာ အခြားနိုင်ငံများအားလုံးထက် သာလွန်မှု၊ အရေးကြီးသော ပင်လယ်လမ်းများမှတစ်ဆင့် ကမ္ဘာ့သမုဒ္ဒရာများကို ထိန်းချုပ်မှု၊ တိုက်ကြီးတိုင်းရှိ အစောင့်တပ်များချထားနိုင်မှု၊ စက်မှုကမ္ဘာ၏ အများစုကို လွှမ်းခြုံထားတဲ့ မဟာမိတ်ကွန်ရက်များ၊ နိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်က ကမ္ဘာ့ဘဏ္ဍာရေးစနစ်အပေါ် လွှမ်းမိုးမှုရှိနေပြီး ကမ္ဘာ့ချမ်းသာကြွယ်ဝမှု၏ ၃၀ ရာခိုင်နှုန်းခန့်နဲ့ နိုင်ငံတကာကုန်သွယ်မှုအပေါ် မှီခိုခြင်းမရှိတဲ့ တိုက်ကြီးစီးပွားရေး သီးသန့်ရှိနေခြင်းတို့ဟာ အမေရိကန်အတွက် အခြားကမ္ဘာ့နိုင်ငံတွေထက် အားသာချက်ပါပဲ။

ဒါပေမဲ့ ၂၀၂၄ နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကင်တွေရဲ့ ပါတီတွင်းမဲဆွယ်ပွဲမှာ ယခင်သမ္မတဟောင်း ထရမ့်ရဲ့ NATO အဖွဲ့အပေါ် ပြောဆိုမှု ၊ လက်ရှိ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်တွေကြား ပြင်းထန်တဲ့ အားပြိုင်မှုကြောင့် အစိုးရရဲ့ ယခုနှစ်ဘတ်ဂျက်ကို မပြဋ္ဌာန်းနိုင်သေးမှု၊ ရွှေ့ပြောင်းနေထိုင်သူပြဿနာနှင့်ပတ်သက်ပြီး ဖက်ဒရယ်အစိုးရနဲ့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးအစိုးရကြား ကြီးမားသောပဋိပက္ခ၊ ကိုဗစ်ကာလ အစိုးရရဲ့ဆောင်ရွက်မှု စတဲ့ ယခင် ယခုလုပ်ကိုင်ဆောင်ရွက်ပုံတွေကြောင့်  နိုင်ငံသားများရဲ့ အမေရိကန်နိုင်ငံအပေါ် ဆန့်ကျင်လိုတဲ့အမြင်ဟာ  ယခင်ကာလများကထက် ပိုပြီးမြင့်တက်လာနေပါတယ်။ဒီအခြေအနေကို China Global Television Network (CGTN) ကနေ ကမ္ဘာတစ်ဝန်း အင်တာနက်သုံးစွဲသူများထံကနေ ကောက်ယူခဲ့သော စစ်တမ်းမှာလည်း အထင်အရှား တွေ့ရပါတယ်။

လက်ရှိမှာ ပါတီကြီးနှစ်ခုကြား ပြင်းထန်တဲ့ အားပြိုင်မှုက အမေရိကန်အစိုးရရဲ့ ပြည်တွင်းအုပ်ချုပ်ရေးစွမ်းရည်နဲ့ နိုင်ငံခြားရေးဝါဒကို တစ်နေ့တခြား ဆုတ်ယုတ်လာစေပါတယ်။အထူးသဖြင့် ရီပတ်ဘလစ်ကန်တွေက ပြည်တွင်းရေးကို အာရုံစိုက်ပြီး မက္ကဆီကိုနယ်စပ်ကနေ ရွှေ့ပြောင်းဝင်ရောက်လာနေတဲ့ လက်တင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေက ရွှေ့ပြောင်းတွေအရေးကို အာရုံစိုက် ဟန့်တားလိုပါတယ်။

ဒီမိုကရက်တစ်တွေကတော့ ထရမ့်လက်ထက်မှာ ထင်သလိုလုပ်ခဲ့လို့ လျော့ကျခဲ့တဲ့ ကမ္ဘာ့ဦးဆောင်နိုင်ငံနေရာကို ပြန်ရယူဖို့  အမေရိကန်သြဇာအာဏာ ယခင်လို ပြန်တည်ဆောက်ဖို့ လက်ရှိ ကမ္ဘာ့အရေးဖြစ်တဲ့ ယူကရိန်းလို ဂါဇာလို အာရှ-ပစိဖိတ်က ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဂျပန်လို နိုင်ငံတွေ ဒီမိုကရေစီအရေးမှာ အလေးထားလိုတယ်၊ ငွေသုံးလိုနေတယ်။

ဒီမှာ အောက်လွှတ်တော် အားကောင်းတဲ့ ရီပတ်ဘလစ်ကင်နဲ့ အထက်လွှတ်တော် အားကောင်းတဲ့ ဒီမိုကရက်တစ်တွေကြား ပြင်းထန်တဲ့အားပြိုင်မှုတွေဖြစ်ပြီး ပြည်တွင်းမှာ ဘာမှ မယ်မယ်ရရ ဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်ကုန်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ပြဿနာကို အမေရိကန်အတွက် တကယ်ပြဿနာလို့ အမေရိကန်နိုင်ငံသားတွေက မထင်ထားပါဘူး။ဒါဟာ အမေရိကန်ပြည်တွင်း နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်သာ ယူဆကြပါတယ်။ဒီအစား  “အမေရိကန်အား အမေရိကန်နိုင်ငံသားတွေက ဆန့်ကျင်ခြင်း” ကသာ  ပုံမှန်အခြေအနေတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိတယ်” လို့ CGTN စစ်တမ်းမှာ မေးမြန်းခံရသူ ၈၉.၃ ရာခိုင်နှုန်းက ဆန္ဒပြုကြပါတယ်။ရွှေ့ပြောင်းနေထိုင်သူပြဿနာဆိုတာ  ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင် အားပြိုင်တဲ့ ခေါင်းစဉ်တစ်ခုအဖြစ် ရှုမြင်ကြပြီး တကယ်က ပါတီကြီးနှစ်ခုကြား တိုက်ခိုက်မှု တစ်နေ့တခြား ပြင်းထန်လာခြင်းနဲ့ နိုင်ငံရေးဆိုင်ရာ ကွဲပြားလာခြင်း အခြေအနေကသာ အမေရိကန်နိုင်ငံရဲ့ ဆုတ်ယုတ်မှုနဲ့ ပြိုလဲမှုတို့ရဲ့အစ ဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။

နိုင်ငံသားအများစုက ထရမ့်လက်ထက် ကိုဗစ်နှင့် နိုင်ငံတကာအရေးမှာ  အမေရိကန်အစိုးရရဲ့ ပြုမူပုံနဲ့ ဘိုင်ဒင်လက်ထက် ဂါဇာမှာ အရပ်သားတွေကို သတ်ဖြတ်နေတဲ အစ္စရေးရဲ့ တစ်ဖက်သတ်ထိုးစစ်ကို ထိထိရောက်ရောက် မဟန့်တားတဲ့ ဘိုင်ဒင်အစိုးရရဲ့ ပျက်ကွက်မှုတွေကြောင့် အမေရိကန်အစိုးရရဲ့ အုပ်ချုပ်မှုစနစ်တွေအပေါ် စိတ်ပျက်နေပြီး မူဝါဒရေးရာအပေါ် မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

ဒီလို အမေရိကန်အစိုးရအပေါ် နိုင်ငံသားတွေရဲ့ စိတ်ပျက်မှုဟာ ဖြစ်သင့်တဲ့ အခြေခံရှိပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်အစိုးရရဲ့ လုပ်ကိုင်ပုံတွေကို ကြည့်ရင် အမေရိကန်နိုင်ငံသားတွေရဲ့ စိတ်ပျက်မှုကို သိနိုင်မှာဖြစ်ပါတယ်။

ထရမ့်လက်ထက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဂျာမနီကို အီရန်လေကြောင်းလိုင်း Mahan Air ၎င်း၏ပိုင်နက်ထဲ ဆင်းသက်နေတာ တားမြစ်ဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် စက်တင်ဘာမှာ နိုင်ငံတကာရာဇဝတ်တရားရုံးက အစိုးရရှေ့နေချုပ်ကို အမေရိကန်နိုင်ငံသားတွေအပေါ် စုံစမ်းစစ်ဆေးမှုရပ်ဆိုင်းဖို့  ငြင်းဆိုခဲ့လို့ ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်ရဲ့တောင်းဆိုချက်အရ ဂျပန်ဟာ  ဂျပန်စက်မှုလုပ်ငန်းအတွက် အရေးကြီးတဲ့ အရည်ရုပ်ကြွင်းဖြစ်တဲ့ ဓာတ်ငွေ့ရည် (LPG) ကို ဥရောပဘက် လမ်းကြောင်းလွှဲ တင်ပို့ပေးရန် သဘောတူညီခဲ့ရပါတယ်။ဒါတွေက အမေရိကန်က အားသုံးတဲ့ ဖိအားပေးမှုအများကြီးထဲက ထင်ရှားမြင်သာခဲ့တဲ့ ဖြစ်ရပ်တွေပါ။

သမိုင်းကြောင်းအရ အမေရိကန်စီမံကိန်းရေးဆွဲသူများဟာ ကမ္ဘာ့ဒေသအလိုက် ပိုင်းခြားပြီး  ၎င်းတို့ရဲ့ ချဉ်းကပ်မှုကို ခွဲခြားသတ်မှတ်ထားပါတယ်။အနောက်ဥရောပနှင့် ဂျပန်မှာ အမေရိကန်အကျိုးစီးပွားကို သတိကြီးစွာထားပြီး နိုင်ငံရေးစီမံခန့်ခွဲမှုနဲ့ လိုက်လေ့ရှိပါတယ်။လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းမှာ စဉ်ဆက်မပြတ် ကြားဝင်စွက်ဖက်မှု၊ အာဏာသိမ်းမှုနှင့် ကျူးကျော်မှုများ လိုအပ်သလို လုပ်ဆောင်ခဲ့ပါတယ်။အရှေ့အာရှနှင့် အရှေ့တောင်အာရှမှာတော့ စစ်ရေးအရ အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်လေ့ရှိပါတယ်။ဒီအတွက် အမေရိကန်အခွန်ထမ်းပြည်သူတွေက အခွန်နဲ့ လူသားအရင်းမြစ်ကို ထည့်သွင်းကျခံရပါတယ်။အမေရိကန်အခွန်ထမ်းတွေအပေါ် ဝန်ပိစေခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ အမေရိကန်ပြည်သူများဟာ ၎င်းတို့ရွေးကောက်တင်မြှောက်တဲ့ အစိုးရကို ပြည်ပရေးရာထက် ပြည်တွင်းစီးပွားရေးကို နာလန်ထူရန်အတွက် အစိုးရက အားထည့်လုပ်ဆောင်ပေးဖို့နဲ့ ကိုဗစ်ကြောင့်ထိခဲ့တဲ့ ကဏ္ဍအားလုံးက ဒဏ်ရာဒဏ်ချက်တွေကို အစိုးရက စိုက်ထုတ်ကုစားပေးဖို့ ပိုလိုလားကြပါတယ်။ဒီအချက်ကို သမ္မတဟောင်း ထရမ့်က နင်းပြီး ရွေးကောက်ပွဲအကြို ပါတီတွင်းမဲဆွယ်ပွဲတွေမှာ သူပြန်ရွေးကောက်ခံရရင် လက်ရှိ နိုင်ငံတကာအရေးတွေကနေ ခပ်ခွာခွာနေမယ်ဆိုတဲ့အထိ ပြောဆိုလာတာတွေ ဖြစ်လာတာပါ။

ဒါဟာ အမေရိကန်နိုင်ငံသားတွေ သူ့နိုင်ငံအပေါ် ဆန့်ကျင်မှုတိုးလာနေတာကို သိလို့ အသုံးချတဲ့သဘောပါပဲ။တကယ်လို့ ထရမ့် ပြန်ရွေးကောက်ခံရရင်တောင် စစ်လိုလားတဲ့ သဘောရှိတဲ့ ရီပတ်ဘစ်ကင်တွေက ဒီမိုကရက်တစ်တွေထက် ပိုပြီးအန္တရာယ်များတာကို အမေရိကန်နိုင်ငံသားတွေ ပိုသိကြပါတယ်။

သေချာတာကတော့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်သမျှ ဆိုးရွားမှုတွေအတွက် နိုင်ငံသားတွေက အမေရိကန်ခေါင်းဆောင်တွေကို အပြစ်တင်လေ့ရှိကြတာက ပုံမှန်လို ဖြစ်နေပါပြီ။အဲဒီကနေ မူဝါဒမပြတ်သားတဲ့ အမေရိကန်အုပ်ချုပ်ရေးစနစ်ကြောင့် ကမ္ဘာကြီးဟာ ပိုအန္တရာယ်များလာနေလို့ စစ်တမ်းတွေကနေ “အမေရိကန်အား အမေရိကန်နိုင်ငံသားတွေက ဆန့်ကျင်ခြင်း” ဟာ  ပုံမှန်လို ဖြစ်လာတော့မယ်လို့ သတိပေးနေတာဖြစ်ပါတယ်။

စိုးငြိမ်း