【 နိုင်ငံတကာဆောင်းပါး 】 ပြည်သူများနှင့် နီးကပ်စွာနေထိုင်ရန် သင်ပေးခဲ့သော ရှီကျင့်ဖျင်၏ ဖခင်

【 နိုင်ငံတကာဆောင်းပါး 】 ပြည်သူများနှင့် နီးကပ်စွာနေထိုင်ရန် သင်ပေးခဲ့သော ရှီကျင့်ဖျင်၏ ဖခင်

နှစ်စဉ်နှစ်တိုင်း ဖခင်များနေ့တွင် လူများစွာသည် ဖခင်ဖြစ်သူများ၏ အမှတ်တရများကို ပြန်လည် တမ်းတလေ့ရှိပြီး ဖခင်ဖြစ်သူများက သူတို့အပေါ် လွှမ်းမိုးနိုင်မှုများကို ပြသလေ့ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက်လည်း အတူတူပဲဖြစ်သည်။

သမ္မတရှီ၏ ဖခင်ဖြစ်သူ ရှီကျောက်ရွှန်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ပထမဆုံးမျိုးဆက် ခေါင်းဆောင်များအနက် တစ်ဦးဖြစ်ပြီး သမ္မတရှီအား ပြည်သူများကို ဗဟိုပြုသော ဒဿနကို သင်ကြားပေးခဲ့သူလည်းဖြစ်သည်။

ရှီကျောက်ရွှန်သည် အစိုးရဝန်ထမ်းများနှင့် ပြည်သူများသည် အတူတူသာဖြစ်ပြီး အစိုးရခေါင်းဆောင်များသည် ပြည်သူများနှင့် တစ်သားတည်းနေသင့်သည်ဟု ယုံကြည်သူဖြစ်သည်။ပြည်သူများအကြားမှ ပေါ်ထွက်လာသော ခေါင်းဆောင်ဖြစ်သူ ဖခင်က မည်သည့်အလုပ်ကို လုပ်ပါစေ ပြည်သူများအား ဂုဏ်သိက္ခာရှိစွာ ဝန်ဆောင်မှုပေးရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို စိတ်ရင်းဖြင့် မျှော်တွေးပြီး ပြည်သူများနှင့် နီးကပ်စွာနေထိုင်ရန် သင်ကြားပေးခဲ့သည်။

ရှီကျင့်ဖျင်သည် ဖခင်ဖြစ်သူ၏ အကြံဉာဏ်များကို နှလုံးသားထဲထိ စွဲမြဲခဲ့ပြီး ဟယ်ဘေးပြည်နယ် ၏ ကောင်တီကော်မတီ ပါတီအတွင်းရေးမှူးဖြစ်ခဲ့စဉ်တွင် ကောင်တီအတွင်းရှိ ကျေးရွာအားလုံးကို သွားရောက်ခဲ့သည်။ထို့နောက် ကျော့ကျောင်းပြည်နယ်တွင်လည်း တစ်နှစ်အတွင်းတွင် ပြည်နယ်အနှံ့ရှိ ကောင်တီနှင့် မြို့ပေါင်း ၉၀ ကျော်ကို သွားရောက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက် ကျင်းပပြီးချိန်တွင် ပါတီဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ရွေးကောက်ခံရပြီးနောက်တွင်လည်း သမ္မတရှီ သည် ပြည်တွင်းလေ့လာရေးခရီးများတွင် ဒေသခံများနှင့် အမြဲတမ်းထိတွေ့ ဆက်ဆံခဲ့သည်။

ပါတီသည် ပြည်သူများအား စိတ်ရင်းစိတ်မှန်ဖြင့် ဆက်ဆံပြီး တိုင်းရင်းသားအဖွဲ့များ အားလုံး၏ ကောင်းကျိုးအတွက် ရှေးရှုသောကြောင့် ပြည်သူများ၏ တစ်ခဲနက်ထောက်ခံအားပေးမှုကို ရရှိခြင်းဖြစ်ကြောင်း သမ္မတရှီက အမြဲတမ်းပြောလေ့ရှိသည်။

“ဖခင်ဖြစ်သူထံကနေ အမွေရလိုတဲ့ လေးစားဖွယ်ဝိသေသလက္ခဏာတွေ များစွာရှိပါတယ်” ဟု သမ္မတရှီက ဖူကျင်းပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဖခင်ဖြစ်သူ၏ ၈၈ နှစ်ပြည့် မွေးနေ့တွင် ပေးပို့ခဲ့သော စာစောင်တွင် ဖော်ပြထားသည်။

ရှီကျောက်ရွှန်သည် ပါတီအပေါ် သစ္စာရှိရန်အတွက် သားသမီးများအား အမြဲဆုံးမခဲ့သည်။

“ဖခင်ဖြစ်သူက တော်လှန်ရေးကို ဘယ်လို ပါဝင်ခဲ့တယ်ဆိုတာ ပြောပြပြီး ကျွန်တော်တို့ကိုလည်း ပါဝင်ဖို့ အမြဲတိုက်တွန်းတယ်။ဘယ်လိုအလုပ်ဖြစ်ပုံတွေကိုလည်း ပြောပြတာကြောင့် ဒါဟာ တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို လွှမ်းမိုးလာခဲ့တယ်” ဟု သမ္မတရှီက ဆိုသည်။

ရှီကျင့်ဖျင်သည် ငယ်ရွယ်စဉ်ကတည်းကပင် တော်လှန်ရေးမီးတိုင်ကို ဆက်လက်ကိုင်ဆောင် မည်ဟူသော ရည်ရွယ်ချက်ဖြင့် အသက် ၂၀ အရွယ်တွင် တရုတ်ကွန်မြူနစ်ပါတီကို ဝင်ရောက်လာခဲ့သည်။

၁၉ ကြိမ်မြောက် ပါတီဗဟိုကော်မတီ နှစ်စဉ်အစည်းအဝေးတွင် သမ္မတရှီသည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ရွေးကောက်ခံခဲ့ရသည်။

ရှီမျိုးနွယ်သည် သားသမီးများအပေါ်တွင် စည်းကမ်းတင်းကြပ်ပြီး ရိုးရှင်းသောဘဝကို နေထိုင်လေ့ရှိသော အစဉ်အလာရှိသည်။ရှီကျောက်ရွှန်သည် သားသမီးများအား ခြိုးခြံချွေတာရန် ဆုံးမလေ့ရှိပြီး သမီးဖြစ်သူ၏ ပြောပြပုံအရ ရှီကျောက်ရွှန်သည် ထမင်း၊ ဟင်းများကို အကောင်းစားများစားခြင်းမဟုတ်ဘဲ ထမင်းအကြမ်း၊ ပေါင်မုန့်အကြမ်းနှင့် စွတ်ပြုတ်တို့ကို စားသောက်လေ့ရှိပြီး အစားအသောက်များကို အလေအလွင့်မရှိအောင် စားလေ့ရှိသည်ဟု ဆိုသည်။

ရှီကျင့်ဖျင်နှင့် ညီတို့သည်လည်း အစ်မအကြီးများထံမှရရှိသော အဝတ်အစားများနှင့် ဖိနပ်များကို ဝတ်ဆင်လေ့ရှိခဲ့သည်။

ဖခင်ဖြစ်သူသည် အင်မတန်ခြိုးခြံပြီး ရိုးရှင်းသောဘဝကို နေထိုင်ခဲ့သည်ဟု သမ္မတရှီက ဆိုသည်။သူကိုယ်တိုင်သည်လည်း ဖခင်ဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် ကလေးဘဝကတည်းကပင် ငွေသုံးပုံသုံးနည်းကို သိရှိခဲ့ပြီး ခြိုးခြံမှုရှိစွာ နေထိုင်တတ်ခဲ့ကြောင်းလည်း ဆိုသည်။

စိုးနိုင်ထွန်း
Ref - CMG | Father's Day: Xi Jinping's father had told him to stay close to the people