【 နိုင်ငံတကာဆောင်းပါး 】 ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာကြီးအား တွန်းအားပေးမည့် တရုတ်အစီအစဉ်

【 နိုင်ငံတကာဆောင်းပါး 】 ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာကြီးအား တွန်းအားပေးမည့် တရုတ်အစီအစဉ်

မကြာသေးမီက ကျင်းပခဲ့သော တရုတ်နိုင်ငံ၏ နှစ်ပတ်လည်အစည်းအဝေးနှစ်ရပ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မျှော်မှန်းချက်ဖြစ်သော မျှဝေသော အနာဂတ်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း ဖော်ဆောင်ရေးနှင့် အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်ရေးများအပေါ် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်နှင့် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအစဉ်တို့သည် ဘက်ပေါင်းစုံပါဝင်သည့် ကမ္ဘာကြီးဖြစ်ပေါ်လာရေးအတွက် တရုတ်၏ ကတိကဝတ်များကို ဖော်ပြလျက်ရှိသည်။

ထိုအစီအစဉ်များနှင့်ပတ်သက်၍လည်း အမြင်များ အမျိုးမျိုးကွဲလွဲလျက်ရှိသည်။

များစွာသော နိုင်ငံများက အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖြစ် ရှုမြင်ကြသော်လည်း အမေရိကန်ကဲ့သို့သော နိုင်ငံအချို့က စိုးရိမ်ဖွယ်အဖြစ် ရှုမြင်ကာ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးစားလာကြသည်။

“တရုတ်က မိတ်ဆွေကောင်းတွေဖွဲ့ဖို့နဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေကို လွှမ်းမိုးနိုင်ဖို့ စိတ်ဝင်စားတာကြောင့် နိုင်ငံများစွာ အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေနဲ့ ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်။ဒါကလည်း တရုတ်ဘက်က အမြင်နဲ့ကြည့်လည်း အံ့အားသင့်စရာပါပဲ။များစွာသော နိုင်ငံများအတွက် တရုတ်က အကူအညီတွေပေးနိုင်တာဟာ အပြုသဘောဆောင်တဲ့ ဖြစ်ရပ်ပါ” ဟု ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဆိုင်ရာ ဝန်ဆောင်မှု ပါမောက္ခ ဂျွန် မီးယားရှီမဲက ဆိုသည်။

ဟန်ဂေရီမှ နိုင်ငံတကာရေးရာဌာန၏ ဥက္ကဋ္ဌဖြစ်သူ ဂလက်ဒန်း ပက်ပင်းကလည်း တရုတ်၏ အမြင်များသည် ဟန်ဂေရီအတွက် ခြိမ်းခြောက်မှုထက် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ကြောင်း ဆိုသည်။သို့သော်လည်း အမေရိကန်အနေဖြင့် တစ်ဦးတည်းသော အရေးပါသူအဖြစ် ရပ်တည်လာပြီးသည့်နောက်တွင် အခြားသူများ၏ တိုးတက်လာမှုကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်နိုင်သည်မှာ နားလည်နိုင်ဖွယ်ဖြစ်သည်ဟု ဆိုသည်။

တစ်ဖက်သားကို နစ်နာစေပြီးမှ ရရှိစေမည့် အောင်မြင်မှုများကို ဖယ်ရှားပြီး မျှဝေသော တိုးတက်မှုကို ကြိုဆိုရန် အရေးကြီးကြောင်း ပက်ပင်းက ဆိုသည်။ “မျှဝေခံစားနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိတယ်လို့ တရုတ်က မတူကွဲပြားစွာ ရှုမြင်ပုံရပါတယ်။ဒီအမြင်ကို ဝိုင်းထောက်ခံပြီး တစ်ယောက်ယောက်ရဲ့ အကျိုးကျေးဇူးအတွက် တစ်ယောက်ယောက်က ပေးဆပ်ရမယ်ဆိုတဲ့ အယူအဆကို ဆန့်ကျင်ရပါမယ်” ဟု သူကဆိုသည်။

ကုလသမဂ္ဂ၏ လက်ထောက်အထွေထွေအတွင်းရေးမှူးဟောင်း အဲရစ်ခ်ဆော်ဟင်းကလည်း ၂၁ ရာစုသည် အာရှအတွက် ရာစုနှစ်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။အင်အားကြီးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အင်အားကို အလေးပေးဖော်ပြပြီး တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် လိုအပ်ကြောင်း ဆိုသည်။

“ဒီကမ္ဘာ့အင်အားကြီးနိုင်ငံတွေသာ အတူတကွလက်တွဲလိုက်ရင် ယနေ့ခေတ် အဓိကပြဿနာတွေကို ဖြေရှင်းဖို့ ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

တရုတ်သည် နိုင်ငံပေါင်းစုံပါဝင်မှုတွင် တက်ကြွစွာပါဝင်လျက်ရှိပြီး ၂၁ ရာစု ကမ္ဘာကြီးကို ပုံသွင်းနေသည်ကို ကြည့်ခြင်းအားဖြင့် တရုတ်၏ ခေတ်မီရှုပ်ထွေးမှုများကို နားလည်ရန် ပွင့်လင်းသောစိတ်ဖြင့် ချဉ်းကပ်ရမည်ဟု ဆိုသည်။

မီဒီယာများတွင် အများစုဖော်ပြကြသည်မှာ တရုတ်၏ စီးပွားရေး (သို့မဟုတ်) တရုတ်က ခြိမ်းခြောက်မှုဖြစ်ကြောင်းများသာပါဝင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော တရုတ်နိုင်ငံအကြောင်းကို စုံလင်အောင် မပါဝင်နိုင်သေးခြင်းဖြစ်သည်။

စီးပွားရေးပြိုင်ဆိုင်မှုနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများအကြားတွင် နိုင်ငံတကာဆက်ဆံရေး၏ တိုးတက်ပြောင်းလဲနေသော လမ်းကြောင်းများကို လိုက်နိုင်ရေးအတွက် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များကို နက်နဲစွာ နားလည်ရန် လိုအပ်သည်။

တရုတ်နိုင်ငံ၏ အဓိကကျသော ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များသည် နိုင်ငံပေါင်းစုံပါဝင်ပြီး အားလုံးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုသည့် တရုတ်၏ ကတိကဝတ်များကို ထင်ဟပ်စေလျက်ရှိသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အပြုသဘောဆောင်သော ဆက်ဆံရေးနှင့် ဆွေးနွေးပွဲများပြုလုပ်ရန် လိုအပ်မှုမှာ ပိုမိုမြင့်တက်လာချိန်တွင် ပွင့်လင်းမြင်သာသော သဘောထားရှိခြင်းနှင့် မျှဝေသာ တိုးတက်ခြင်းကို လက်ခံကြိုဆိုခြင်းတို့ကသာ အားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာအသိုက်အဝန်းကို တည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းများပင်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | China Agenda 2024 Global Insights: Key initiatives promote multilateralism in a multi-polar world