【 နိုင်ငံတကာဆောင်းပါး 】 ရှီးဇန့်၏ ပကတိတိုးတက်ဖွံ့ဖြိုးမှုနှင့် အချက်အလက်လွဲများ

【 နိုင်ငံတကာဆောင်းပါး 】 ရှီးဇန့်၏ ပကတိတိုးတက်ဖွံ့ဖြိုးမှုနှင့် အချက်အလက်လွဲများ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ရှီးဇန့် (Xizang) ယခင် တိဘက်ဒေသ၏ ဖွံ့ဖြိုးမှုသည် ယခုဆယ်စုနှစ်ပိုင်းတွင် သိသိသာသာ တိုးတက်ဖွံ့ဖြိုးလာနေသည်ကို တွေ့နေရသည်။

ထိုဒေသသည် မကြာခဏဆိုသလို ကမ္ဘာ့မီဒီယာများ၏ စာမျက်နှာထက်တွင် ရှိနေခဲ့ပြီး မြေပြင်အခြေအနေနှင့် လွဲမှားကာ မှန်းဆထင်မြင်ချက်များဖြင့် ဖော်ပြသဖြင့် ပကတိအရှိအတိုင်း သိရှိရန်မှာ ထိုဒေသသို့ သွားရောက်ခြင်းဖြင့်သာ ထင်ထင်ရှားရှားသိနိုင်မည် ဖြစ်လေသည်။

မကြာမီနှစ်များအတွင်း ကမ္ဘာ့အမြင့်ဆုံး ကုန်းမြင့်ဒေသဖြစ်သည့် ရှီးဇန့်ဒေသသည် နှစ်ထောင်ပေါင်းများစွာ ဒုက္ခပေးခဲ့သော လွန်ကဲ ဆင်းရဲမွဲတေမှု တိုက်ပွဲတွင် အောင်မြင်မှု၊ အလယ်အလတ်ချမ်းသာမှု၊ ပိုမိုတည်ငြိမ်သော လူမှုရေးအခြေအနေ၊ ပိုမိုသာယာဝပြောသော စီးပွားရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု၊ ဂေဟစနစ်ကောင်းမွန်မှု၊ ပတ်ဝန်းကျင်နှင့် လူတွေအတွက် ပိုပျော်ရွှင်သည့်ဘဝတွေကို ရရှိလာခဲ့သည်။ထိုသို့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေးကိစ္စ၊ ဘာသာရေးနှင့် လူ့အဖွဲ့အစည်းအပါအဝင် ကဏ္ဍပေါင်းစုံတွင် တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်မှုအောက်တွင် လိုက်ပါဆောင်ရွက် အကောင်အထည်ဖော်ပြီး ဒေသခံများက ယုံကြည်စွာ လိုက်နာကြိုးစားခဲ့မှုကြောင့်လည်းဖြစ်သည်။

ရှီးဇန့်၏ တိုးတက်မှုသည် အံသြဖွယ်ဖြစ်သည်။ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ရှီးဇန့်၏ GDP သည် ယွမ် ၂၁၃.၂၆ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ပြီးခဲ့သည့် ဆယ်နှစ်ကြာ ၂၀၁၂ ခုနှစ်က ၂.၂၈ နှုန်းဖြင့် နှိုင်းယှဉ်ပါက နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်း ၈.၆ ရာခိုင်နှုန်းရှိနေခဲ့သည်။ထိုသည်မှာ ရှီးဇန့်၏ စီးပွားရေးတိုးတက်မှုနှုန်းဖြစ်ပြီး တရုတ်နိုင်ငံတွင် အမြင့်မားဆုံးအဆင့်ဖြစ်သည်။

၂၀၂၂ ခုနှစ် ရှီးဇန့်ဒေသ၏ စက္ကူဖြူစာတမ်းတွင် ရှီးဇန့် (တိဘက်) ဒေသ၏ တိုးတက်လာမှု ပကတိအခြေအနေကို တိတိကျကျမြင်ရမည်ဖြစ်သည်။ဆင်းရဲနွမ်းပါးသော စီရင်စုနှင့် ခရိုင် ၇၄ ခုစလုံးရှိ မှတ်ပုံတင်ထားသော ဆင်းရဲနွမ်းပါးသူ ၆၂၈,၀၀၀ နှင့် ၎င်းတို့၏ ‘ဆင်းရဲနွမ်းပါးမှု’ ကို ဖယ်ရှားနိုင်ခဲ့ပြီး ဒေသတွင်း အမြစ်တွယ်နေခဲ့သည့် ပကတိဆင်းရဲမွဲတေမှုပြဿနာကို သမိုင်းကြောင်းအရ အမြစ်ပြတ်ချေမှုန်းခဲ့ပြီး၊ ခက်ခဲကြမ်းတမ်းပြီး စိန်ခေါ်မှုရှိသော Qinghai-တိဘက်ကုန်းပြင်မြင့်၏ လူနေမှုအခြေအနေကို ထူးထူးခြားခြားစွမ်းဆောင် ပြောင်းလဲနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုထဲတွင် တိဗက်ဗုဒ္ဓဘာသာ သမိုင်းတွင် အထွတ်အထိပ်အောင်မြင်မှု အမှတ်အသားအဖြစ် သံဃာနှင့် သီလရှင်များအတွက် ဆေးအာမခံ၊ ပင်စင်စားစရိတ်၊ စားသောက်စရိတ်၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှု အာမခံနှင့် ကျန်းမာရေးစစ်ဆေးစရိတ်များ ပြည့်စုံစွာ ထောက်ပံ့နိုင်ခဲ့ပြီး ဘုန်းကြီးများနှင့် သီလရှင်များသည် ပင်စင်လစာကို ပထမဆုံးအကြိမ် ခံစားခွင့်ရရှိခဲ့သည်။

အသက်ရှင်နေထိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူများအတွက် ပျော်ရွှင်မှုအခွင့်အရေးကို အဆုံးအဖြတ်ပေးသည်။စည်းလုံးညီညွတ်မှု၊ သဟဇာတဖြစ်မှုနှင့် တည်ငြိမ်အေးချမ်းမှု အငွေ့အသက်အသစ်ကို ဖော်ဆောင်ခဲ့သည့် အဆိုပါဒေသတွင်း နှစ်ပေါင်းများစွာ နိုင်ငံရေး၊ လူထု (သို့မဟုတ်) အကြမ်းဖက်သည့် ပြင်းထန်သော ဖြစ်ရပ်များ မရှိခဲ့ခြင်းက ရှီးဇန့်၏ တိုးတက်မှုကို တရုတ်နိုင်ငံတွင်း အမြင့်ဆုံးရောက်ရှိစေခဲ့ခြင်းဖြစ်သည်။

ရှီးဇန့်တွင် မီဒီယာအချို့က ဖော်ပြသော “အဓမ္မလုပ်အားပေးခိုင်းစေမှု” နှင့် ဆိုးရွားသော ဘော်ဒါဆောင်များဖြင့် စွပ်စွဲထိုးနှက်ချက်သည် တခြားသော ကမ္ဘာ့နေရာများရှိ ရည်ရွယ်ချက်နှင့် ကွဲပြားနေသည်။ဘော်ဒါဆောင်များသည် ပညာရေးအဆင့်ကို မြှင့်တင်ပေးကာ အရည်အသွေးမြင့် ပညာရေးအရင်းအမြစ်များအတွက် လူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး အထူးသဖြင့် ဝေးလံခေါင်သီသော ဒေသများရှိ ကလေးများအတွက် ကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ကို ပံ့ပိုးပေးသောကြောင့် ၎င်းတို့အတွက် ပိုမိုတောက်ပသော အနာဂတ်ကို ဖွင့်ပေးရန်အတွက် သော့ချက်တစ်ခုအဖြစ် တောင်ပေါ်ဒေသဖြစ်သည့် အဆိုပါဒေသမှ လူများက ယူဆကြသည်။ထို့ကြောင့် ရှီးဇန့်ရှိ တိဗက်ကလေးများကို ဘော်ဒါကျောင်းများတက်ရန် အတင်းအကြပ်စေခိုင်းခြင်းဆိုသည့် ဖော်ပြချက်မှာ အာရှနှင့် အနောက်နိုင်ငံများကြား ပညာရေးယူဆချက် လွဲမှားမှုကြောင့်ဖြစ်သည်။

နေ့တိုင်း ကျောင်းတက်ရန် ကီလိုမီတာ ၇၀၀ ကျော် သွားလာရန် မဖြစ်သည့်အခြေအနေတွင် ကလေးများ ကျောင်းတက်ရန် ဘော်ဒါထားခြင်းသည် အကောင်းဆုံးသော စီစဉ်ပေးမှုဖြစ်သည်။ထိုသို့ ဝေးလံသော အရပ်အသီးသီးမှ ကျောင်းသားများကို ဘော်ဒါထားပေးခြင်းဖြင့် ၎င်းတို့၏အချိန်နှင့် ခရီးစရိတ်၊ မိသားစုဝန်ထုပ်ဝန်ပိုးကို သက်သာစေပြီး ကျောင်းစာကို ပိုမိုလေ့လာသင်ယူနိုင်ပြီး စိတ်ပါဝင်စားသော အသင်းအဖွဲ့များတွင် ပါဝင်ခွင့်ရရှိသည့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းကို ဖန်တီးပေးခြင်းပင်ဖြစ်သည်။

ထို့အပြင် ကုန်းမြင့်ဒေသတစ်လျှောက် လှည့်လည်သွားလာကာ အသက်မွေးရသည့် လယ်သမားများနှင့် မွေးမြူရေးသမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ပေးခြင်းသည် ဒေသတွင်းရှိ တောင်သူလယ်သမားများနှင့် မွေးမြူရေးသမားများကို ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ရန်နှင့် ၎င်းတို့ကိုယ်တိုင် အလုပ်အကိုင်ရှာဖွေရန် တွန်းအားပေးခြင်းဖြစ်သည်။ထို့ကြောင့် ရှီးဇန့်၏ ဆယ်စုနှစ်အတွင်း တစ်ဟုန်တိုးတက်မှုသည် ‌ရွှေ့ပြောင်းသွားလာ အသက်မွေးနေရသည့် ဒေသခံများကို အတည်တကျလုပ်ငန်းများတွင် လုပ်ကိုင်နိုင်အောင် ဒေသဆိုင်ရာနှင့် နိုင်ငံအဆင့်ခေါင်းဆောင်များက CPC ပါတီဒ မူဝါဒအတိုင်း လိုက်ပါဆောင်ရွက်ပေးနိုင်မှုကြောင့်ဖြစ်သည်။

ယေဘုယျအားဖြင့် ရှီးဇန့်သည် တရုတ်နိုင်ငံတွင် မဖွံ့ဖြိုးဆုံး၊ ခေတ်နောက်ကျမှုအရှိဆုံး၊အစွန်အဖျားအရှိဆုံးနှင့် အထူးခြားဆုံးဒေသအဖြစ် သတ်မှတ်ခံထားရသော ဒေသဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် ပြည်နယ်ကောင်စီသည် ဒေသခံ တောင်သူလယ်သမားများနှင့် နွားမွေးမြူရေးသမားများ၏ ထုတ်လုပ်မှုနှင့် ၎င်းတို့၏ဘဝ တိုးတက်ကောင်းမွန်လာစေရန်အတွက် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စိုက်ပျိုးရေးအခွန်ကင်းလွတ်ခွင့်ကို ကြေညာခဲ့သည်။ ၂၀၀၆ ခုနှစ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်ပေါင်းနှစ်ထောင်ကြာ တည်ရှိခဲ့သည့် စိုက်ပျိုးရေးအခွန်တွေကို ဖျက်သိမ်းလိုက်သည်။၎င်းသည် တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတွင် အောင်မြင်ပြီး ကဏ္ဍပေါင်းစုံတွင် အတန်အသင့် သာယာဝပြောသော လူ့အဖွဲ့အစည်းကို ၂၀၂၁ ခုနှစ်တွင် တည်ဆောက်မှု ပြီးမြောက်စေရေးအတွက် ကောင်းသောအခြေအနေများကို ဖန်တီးပေးခဲ့သည်။ဤသမိုင်းဝင်ဖြစ်စဉ်သည် ရှီးဇန့်ကို အရေးပါသော ပြောင်းလဲမှုများကို ဖြစ်စေခဲ့သည်။

၁၉၈၅ ခုနှစ်မှစတင်၍ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လယ်ယာစိုက်ပျိုးခြင်း၊ တိရစ္ဆာန်မွေးမြူထိန်းကျောင်းခြင်းနှင့် ဆင်းရဲနွမ်းပါးသော မြို့ပြမိသားစုများမှ အကြီးတန်း အထက်တန်းကျောင်းသားများအား ကနဦးအဖြစ် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ကျောင်းစရိတ်များကို စိုက်ထုတ်ပေးဆောင်သည့် “အာမခံချက်သုံးချက် မူဝါဒ” ကို အကောင်အထည်ဖော်ခဲ့သည်။

ထောက်ပံ့ကြေးစံနှုန်းများသည် ၂၀၂၁ ခုနှစ်တွင် တစ်ဦးချင်း တစ်ဦးလျှင် ယွမ် ၄,၂၀၀ (အမေရိကန်ဒေါ်လာ ၅၆၂ ဒေါ်လာ) သို့ ရောက်ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ရှီးဇန့်သည် အခမဲ့ပညာရေးကို ၁၅ နှစ် ရရှိခဲ့သည်။ယခုအခါ ဒေသခံကလေးများသည် ကျေးရွာများရှိ သူငယ်တန်းကျောင်းများ၊ မြို့တွင်းရှိ မူလတန်းကျောင်းများ၊ ခရိုင်မြို့များရှိ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများနှင့် မြို့ကြီးများတွင် အသက်မွေးဝမ်းကျောင်းကျောင်းများကို အခမဲ့တက်ရောက်နိုင်ပြီဖြစ်သည်။၎င်းတို့သည် ကောင်းစွာတည်ဆောက်ထားသော ကျောင်းဝင်းများတွင် ရှီးဇန့်ဘာသာစကားများ၊ Putonghua နှင့် အင်္ဂလိပ်ဘာသာတို့ကို သင်ယူကြသည်။ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်ပြီး လာဆာ (Lhasa) နှင့် အခြားပြည်မကြီးမြို့များရှိ တက္ကသိုလ်များသို့သွားသည့် ကလေးများသည် အမျိုးမျိုးသော ပညာသင်ဆုများနှင့် ငွေကြေးအကူအညီများကို ရရှိကြသည်။

ရှီးဇန့်၏ ပညာသင်ကြားချိန် ကြာချိန်သည် နိုင်ငံတွင်း၌ အများဆုံးဖြင့် ဦးဆောင်နေပြီး တရားဝင် မသင်မနေရ ပညာရေး ကိုးနှစ်ထက် ကျော်လွန်နေခဲ့သည်။

လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ပြည်နယ်နှင့် မြို့ကြီး ၁၇ ခုနှင့် နိုင်ငံပိုင် မဏ္ဍိုင်စီးပွားရေးလုပ်ငန်း ၁၅ ခုသည် ရှီးဇန့်ကို ဦးတည်ကာ ပံ့ပိုးကူညီမှုများ ပေးခဲ့သည်။ ၂၀၁၅ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးပြီး ဒေသများမှ ဆေးရုံအများအပြားသည် အခြေခံအားဖြင့် အကူအညီပေးရန် ရာနှင့်ချီသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ရှီးဇန့်တွင် “အဖွဲ့” ဖွဲ့ကာ ဝန်ဆောင်ပေးခဲ့သည်။
ရှီးဇန့်၏ တိုးတက်ဖွံ့ဖြိုးမှုသည် တရုတ်နိုင်ငံ၏ ကဏ္ဍစုံတိုးတက်မှုကို ကိုယ်စားပြုနေသည်။ Qinghai-ရှီးဇန့် ကုန်းပြင်မြင့်နှင့် ထောင်ပေါင်းများစွာသော မြစ်များ၊ တောင်တန်းများရှိ သတ္တဝါများ၏ ဘဝရှင်သန်မှုနှင့် အပင်များ၊ အကောင်ရေတစတစတိုးတက်လာသည့် တိဗက်ငှက်များ၊ တိဗက်တောရိုင်းမြည်းများ၊ နှင်းကျားသစ်များနှင့် လည်ပင်းနက်ကြိုးကြာများကဲ့သို့သော အဖိုးတန်တိရစ္ဆာန်မျိုးစိတ်များ၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရာတွင် အစားထိုး၍မရသော အနေအထားကို သိမ်းပိုက်ထားသည့် ဂေဟဗေဒယဉ်ကျေးမှု တည်ဆောက်မှုများကြောင့် ရှီးဇန့်သည် တရုတ်ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်တွင် အစားထိုး၍မရသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

ထိုသည်မှာ တချို့ယူဆသလို မဟုတ်ဘဲ ကွဲပြားစွာဖြင့် တည်ငြိမ်တိုးတက်နေသော ရှီးဇန့်၏ ပကတိအခြေအနေပင်ဖြစ်သည်။

စိုးငြိမ်း