【 နိုင်ငံတကာဆောင်းပါး 】 သတိပြုစရာ ဂျပန်-အမေရိကန် ကာကွယ်ရေး စက်မှုလုပ်ငန်း ပူးပေါင်းမှု

【 နိုင်ငံတကာဆောင်းပါး 】 သတိပြုစရာ ဂျပန်-အမေရိကန် ကာကွယ်ရေး စက်မှုလုပ်ငန်း ပူးပေါင်းမှု

ပြီးခဲ့သော ဇန်နဝါရီ ၂၅ ရက်က အမေရိကန် သမ္မတအိမ်ဖြူတော်မှ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
 
ထိုထုတ်ပြန်ချက်မှာ လာမည့် ဧပြီ ၁၀ ရက်တွင် အမေရိကန်သို့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် ၎င်း၏ဇနီးတို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
 
သာမန်အားဖြင့် ယင်းသို့သော ခရီးစဉ်များသည် ဖြစ်ရိုးဖြစ်စဉ် သံတမန်ခရီးစဉ်များသာဖြစ်ပြီး ထူးဆန်းသောအကြောင်းအရာမဟုတ်‌သော်လည်း ယခုနှစ်များအတွင်း ဖြစ်ပျက်ပြောင်းလဲမှုများစွာကြောင့် အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများ၏ လှုပ်ရှားမှုများမှာ စောင့်ကြည့်စရာဖြစ်လာခဲ့သည်။အထူးသဖြင့် တရုတ်အပေါ် အမေရိကန်၏ မဟာဗျူဟာကျကျ ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဒေသတွင်း တည်ငြိမ်မှုသည် သတိထားစရာ‌ဖြစ်လာ ကာ ထိုဒေသတွင်းနိုင်ငံများနှင့် အမေရိကန်ဆက်ဆံရေးသည် တရုတ်အတွက်သာမက ဒေသတွင်းနိုင်ငံငယ်များအတွက်ပါ များစွာသတိထားစရာ ဖြစ်လာခဲ့သည်။
 
အရှေ့အာရှနှင့် တောင်တရုတ်ပင်လယ်ဒေသ-သည် အမေရိကန်နှင့် မဟာမိတ်များ၏ ထိုင်ဝမ်ရေလက်ကြား၌ မကြာခဏဆိုသလို ဖြတ်သန်းမောင်းနှင်အင်အားပြမှု၊ မြောက်ကိုရီးယား၏ မကြာခဏဆိုသလို လက်နက်စမ်းသပ်ပစ်လွှတ်မှုများကြောင့် အဆိုပါဒေသတွင် ဒေသတွင်း တင်းမာမှုသည် ပုံမှန်ဆိုသလိုဖြစ်နေကာ အင်အားကြီးနိုင်ငံများ၏ စစ်ရေးလေ့ကျင့်မှုအများဆုံး ရေပြင်နှင့် ဒေသလည်း ဖြစ်လာနေသည်။ထိုအကျိုးဆက်က ဒေသတွင်း နိုင်ငံငယ်များကိုပါ စစ်ရေးတည်ဆောက်မှုများဖြစ်လာစေကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်ရေးတည်ဆောက်ခွင့် ကန့်သတ်ခံရသည့် ဂျပန်၏ တစ်ဖန်ပြန်လည် စစ်ရေးတည်ဆောက်နေမှုကြောင့် ဒေသတွင်း စစ်မက်ဆိုင်ရာ စိုးရိမ်မှုကိုပါ တိုးပွားလာစေခဲ့ခြင်းဖြစ်သည်။
 
လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ စတင်တာဝန်ယူသည့် သက်တမ်းကာလအတွင်း ဂျပန်ကာကွယ်ရေးအသုံးစရိတ်သည် ပထမဆုံးအကြိမ် အခြေခံဥပဒေပါ သတ်မှတ်ချက်ကို ကျော်လွန်ခဲ့သည်။အထူးသဖြင့် စစ်အတွင်း ရန်ဘက်ဖြစ်ခဲ့သည့် အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် ထရမ့်လက်ထက်မှစကာ တရုတ်ကို ဦးတည်ထားသည့် ဘိုင်ဒင်လက်ထက်တွင် ပို၍သိသာမြင်သာအောင် တိုးမြင့်လာခဲ့သည်။ယခုအခါ အမေရိကန်နှင့် စစ်လက်နက်ထုတ်လုပ်ရေးတွင်ပါ ပူးပေါင်းမှုတိုးလာသည့်အခါ ဒေသတွင်းနိုင်ငံများအတွက် သာ မက ကမ္ဘာ့အတွက်ပါ စိုးရိမ်စိတ်မြင့်တက်လာခဲ့သည်။
 
ထုတ်ပြန်ချက်နှင့် သတင်းများအရ ဂျပန်ဝန်ကြီးချုပ်၏ ဧပြီလ အိမ်ဖြူတော်ခရီးစဉ်သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်နှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် အမေရိကန်နှင့် ဂျပန်တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစွာဆက်လက်ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများ ဆွေးနွေးရန်အတွက်ဟု ဆိုထားသော်လည်း အမှန်တကယ်အားဖြင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုက အဓိကကျဖို့ များလေသည်။
 
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍  စီးပွားရေးတိုးတက်မှုကိုသာ အဓိကအာရုံစိုက်ကာ လုပ်ဆောင်သည့်  မူဝါဒကို ချမှတ်ကျင့်သုံးခဲ့သည်။သို့သော် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာခြင်း၊ ရုရှားက  ယူကရိန်းသို့ ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် မြောက်ကိုရီးယား၏ စစ်ရေးအရ ခြိမ်းခြောက်လာမှုများကြောင့် ဂျပန်အစိုးရသည် လက်ရှိရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုများကို အကြောင်းပြုကာ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို ချမှတ်ခဲ့သည်။ထိုလုံခြုံရေးဆိုင်ရာ မဟာဗျူဟာအသစ်သည် ဂျပန်အချုပ်အခြာကို တိုက်ခိုက်သည့် မူရင်းနေရာကိုပါ တိုက်ခိုက်ခွင့်ပြုထားရာ ဂျပန်နိုင်ငံကို ထိုးစစ်ဆင်နွှဲမည့်အနေအထားသို့ ပိုမိုရောက်ရှိစေခဲ့ကြောင်း တရုတ်ဘက်က ဝေဖန်ခဲ့သည်။ထိုအချက်သည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်ရောက်ခဲ့ရသည့် ဒေသတွင်း နိုင်ငံများအတွက် ခြောက်အိပ်မက်ဖြစ်သည်။
 
အဆိုပါလုံခြုံရေးဆိုင်ရာ  မဟာဗျူဟာအရ  ဂျပန်နိုင်ငံအနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်းမှာပင် ခရုစ်ဒုံးကျည်များအပါအဝင် ကြိုတင်လက်ဦးမှုရယူ၍  ရန်သူအား တိုက်ခိုက်နိုင်သည့် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။ကာကွယ်ရေးစွမ်းဆောင်ရည် တိုးမြှင့်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန်နိုင်ငံလုပ် ဒုံးကျည်များအပြင် ယန်း ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ) တန်ဖိုးရှိ ဒုံးကျည်များကို ဝယ်ယူတပ်ဆင်မည်ဖြစ်သည်။ထို့အပြင် နိုင်ငံအတွင်း မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်များလည်း ထုတ်လုပ်နေသည်။  
 
တရုတ်ကို ဦးတည်ထားသည် ဂျပန်၏ကာကွယ်ရေးလုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး တရုတ်ဘက်က ဂျပန်နိုင်ငံ၏ အဆိုပါလုပ်ဆောင်ချက်များသည် နှစ်နိုင်ငံကြားနားလည်မှုနှင့် ဆက်ဆံရေးကောင်းမွန်လာစေရန် လုပ်ဆောင်ခြင်းမှ သွေဖည်နေကာ တရုတ်နိုင်ငံကို သိက္ခာချနေခြင်းသာဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ထိုသို့ တရုတ်ဘက်က စိုးရိမ်နေမှုသည် အကြောင်းမဲ့မဟုတ်ဘဲ ဂျပန်ဘက်က တရုတ်အကြောင်းပြကာ စစ်ရေးတည်ဆောက်မှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်တက်ကာ လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုဆီသို့ ဦးတည်လာနေခြင်းကြောင့်ဖြစ်သည်။ထိုအခင်းအကျင်းသည် ဂျပန်ဝန်ကြီးချုပ်၏ လာမည့် ဧပြီခရီးစဉ်တွင် ရှိနေခဲ့သည်။
 
ထိုသည်မှာ ၂၀၂၃ ခုနှစ်က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဟာ မာဒါယာဆူကာဇူတို့ လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံ စည်းနှောင်မှုမရှိသော ထောက်ပံ့ရေးအစီအစဉ် (SOSA) ကြောင့်ဖြစ်သည်။၎င်းအစီအစဉ်တွင် သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စမ်းသပ်ရေးနှင့် အကဲဖြတ်ရေး ပရောဂျက်များ (RDT&E) တို့ ပါဝင်သည်။အဆိုပါ SOSA နှင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) တို့သည် သိပ္ပံနှင့် နည်းပညာတွင် ရှေ့တန်းရောက်နေသည့် နှစ်နိုင်ငံစက်မှုလုပ်ငန်းနှင့် အစိုးရလုပ်ဖော်ကိုင်ဖက်ကုမ္ပဏီများ ပေါင်းစည်းရန် ကူညီပေးမည်ဖြစ်သည်။
 
MOU တွင် ပြည့်စုံသော နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးမဟာဗျူဟာများကို အခြေခံ၍ ဦးစားပေး သတ်မှတ်မှုများဖြင့် မဟာမိတ်အဖွဲ့ လည်ပတ်လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးပြီး SOSA တွင် နှစ်နိုင်ငံအကြား ဝယ်ယူမှုလမ်းကြောင်းများတိုးမြှင့်ရန်၊ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ထုတ်ကုန်များကို လုံခြုံအောင်ပြုလုပ်ရန်နှင့် မျှဝေသုံးစွဲမှုဆိုင်ရာ တာဝန်ခံမှုနှင့် ယုံကြည်မှုကို ပိုမိုမြင့်မားသောအဆင့်ကို ပေးဆောင်ရန် ကြိုးပမ်းကြမည်ဖြစ်ရာ ကာကွယ်ရေးဆိုင်ရာ စက်မှုနည်းပညာကဏ္ဍ တိုးတက်လာနိုင်မှုကြောင့် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့စွမ်းရည်ကို နတ်ရေကန်ထဲ ခုန်ချသလို ဒေသတွင်း ကြီးမားသည် အင်အားကို ရုတ်ခြည်းကြီး ရရှိလာနိုင်မည်ဖြစ်သည်။
 
ထိုအစီအစဉ်ထဲတွင် မြောက်ကိုရီးယားနှင့် အီရန်ကို တင်းကျပ်ထားရသည့် ပဲ့ထိန်းဒုံးကျည်နည်းပညာ ဖွံ့ဖြိုးရေးလည်း ပါဝင်သည်။
 
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဂျပန်အစိုးရသည် ၎င်း၏ ကာကွယ်ရေးပစ္စည်းများ တင်ပို့မှု စည်းမျဉ်းကို ထပ်မံဖြေလျှော့ပေးခဲ့သည်။ထိုဖြလျှော့မှုတွင် ဂျပန်ကုန်ထုတ်လုပ်သူများအနေဖြင့် နိုင်ငံခြားလိုင်စင်ဖြင့် ထုတ်လုပ်ထားသော ကာကွယ်ရေးပစ္စည်းများကို မူရင်းလိုင်စင်ထုတ်ပေးသည့် နိုင်ငံများသို့ ပြန်လည်တင်ပို့ခွင့်ပြုနိုင်ခြင်းလည်း ပါဝင်သည်။
 
ယူကရိန်းစစ်ပွဲကြောင့် စစ်လက်နက်လျော့ပါးနေမှုရှိနေချိန်တွင် ဂျပန်ထုတ်လုပ်သူများက ထိလျှော့ပေါ့ပေးမှုကို အားချင်းသုံးကာ အမေရိကန်လိုင်စင်ဖြင့် ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် Patriot ဒုံးကျည်များကို အမေရိကန်သို့ တင်ပို့မှုကို ဆောလျင်စွာ လက်တွေ့အကောင်အထည်ဖော်ခဲ့သည်။ထိုသည်မှာ ဥပမာတစ်ခုတည်းသာဖြစ်ပြီး အခြားသော ဖြစ်စဉ်များလည်း ရှိခဲ့သေးသည်။
 
စိုးရိမ်ဖွယ်ရာမှာ တခြားသော ထိပ်တန်းစစ်လက်နက်ဆိုင်ရာ ထုတ်လုပ်မှုနည်းပညာများသည် ထိုခေါင်းစဉ်မျိုးဖြင့် ဂျပန်စစ်လက်နက် ထုတ်လုပ်သည့် ကုမ္ပဏီများသို့ရောက်ရှိသွားနိုင်မှုဖြစ်သည်။ထိုသည်မှာ နည်းပညာလွှဲပြောင်းမှုများစွာကို နည်းလမ်းတစ်မျိုးဖြင့် လွှဲပြောင်းမှုဖြစ်စေပြီး ဂျပန်၏ နောက်ကျနေသည့် စစ်လက်နက်နည်းပညာကို အချိန်တိုတွင်း ရှေ့တန်းရောက်လာစေကာ ဒေသတွင်း ခြိမ်းခြောက်နိုင်သည့်အဆင့်သို့ လျင်မြန်စွာရောက်လာစေနိုင်ခြင်းဖြစ်သည်။
 
ဒေသတွင်းနိုင်ငံများကမူ တရုတ်အင်အားကြီးထွားလာမှုထက် ဂျပန်၏ စစ်ဘတ်ဂျက်တိုးမြင့်လာမှုနှင့် အမေရိကန်နှင့် စစ်ဘက်စက်မှုလုပ်ငန်းပူးပေါင်းခြင်းကို သတိထားစောင့်ကြည့်နေပြီး ‘ကျားသေကို အသက်သွင်း’ သလို ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
 
ရုတ်ခြည်းထိုးထွက်လာနိုင်သည့် ဂျပန်ကာကွယ်ရေးစက်မှုလုပ်ငန်းအရှိန်အဟုန်ကို ထိန်းကျောင်းနိုင်ရန်မှာ ယခုထိမဖြစ်နိုင်သလို စိုးရိမ်စရာများစွာလည်း ရှိနေသေးသည်။အထူးသဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းမှ ထုတ်လုပ်သည့် ကာကွယ်ရေးပစ္စည်းအများစုကို ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ (JSDF) က ဝယ်ယူလေ့ရှိရာ ဂျပန်စစ်တပ်၏ စွမ်းရည်ကို လိုအပ်သလို အချိန်မရွေးဆန့်ထုတ်နိုင်ခြင်းက ပို၍ သတိထားစရာဖြစ်သည်။
 
ယခု ဂျပန်၏ စစ်ရေးချဲ့ထွင်မှုများမှာ ကန့်သတ်ခဲ့သော အမေရိကန်၏အားပေးမှုများပင် ရရှိနေသည်။ထိုသည်မှာ အမေရိကန်၏ နံပါတ် (၁) ဦးစားပေး မဟာဗျူဟာပြိုင်ဘက် တရုတ်ဖြစ်နေခြင်းနှင့် ဂျပန်စစ်အင်အားတိုးချဲ့မှုသည် အမေရိကန်အတွက် တရုတ်ကို ရင်ဆိုင်ရန် မဟာဗျူဟာအရအရေးပါဆုံး အခန်းကဏ္ဍတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသအတွင်း ဒုတိယမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖြစ် အမေရိကန်က ပုံဖော်လိုနေရာ ထိုအခင်းအကျင်းကြောင့် ဂျပန်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်ရေးအင်အား အကန့်အသတ်မရှိ တိုးချဲ့ခွင့်ကို အမြတ်ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။
 
တောင်ကိုရီးယားနှင့် ဂျပန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၈၄၅,၀၀၀ ခန့် အခြေစိုက်လျက်ရှိနေခြင်းနှင့် မကြာသေးသောအချိန်ထိ သမိုင်းကြောင်းအရ ရန်ဘက်ဖြစ်ခဲ့သော တောင်ကိုရီးယားနှင့် ဂျပန်အကြား ဆက်ဆံရေးခေတ်သစ်ပေါ်ထွက်လာခြင်းက ဒေသတွင်း၌ အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်လာဖို့ အကြောင်းဖန်လာနေသည်။
 
ထိုထက်ပို၍ ဆိုးလာစေနိုင်သည်က ဂျပန်၏ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းကြောင့် ဒေသတွင်း၌ စိန်ခေါ်မှုပိုများလာနိုင်ခြင်းဖြစ်သည်။
 
ထို့အတွက် ဂျပန်ဝန်ကြီးချုပ်၏ ဧပြီလခရီးစဉ်အပြီး အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်နှင့်တွဲကာ မည်သို့အခင်းအကျင်းမျိုး ခင်းကျင်းလာမည်ကိုသာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။
 
စိုးငြိမ်း