【 နိုင်ငံတကာဆောင်းပါး 】 ဟောင်ကောင်နှင့် မကာအိုမှာ အောင်မြင်နေသော “နိုင်ငံတစ်ခု စနစ်နှစ်ခု” မူဝါဒ

【 နိုင်ငံတကာဆောင်းပါး 】 ဟောင်ကောင်နှင့် မကာအိုမှာ အောင်မြင်နေသော “နိုင်ငံတစ်ခု စနစ်နှစ်ခု” မူဝါဒ

ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၉၈၂ ခုနှစ်တွင် တိန့်ရှောင်ဖိန်သည် “နိုင်ငံတစ်ခု စနစ်နှစ်ခု” မူဝါဒကို စတင်မိတ်ဆက်ကာ ထိုင်ဝမ်ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခဲ့ပြီး ဟောင်ကောင်နှင့် မကာအိုတို့အား ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေး အောင်မြင်မှု၏ ပထမခြေလှမ်းအစလည်း ဖြစ်ခဲ့သည်။

တရုတ်၏ “နိုင်ငံတစ်ခု စနစ်နှစ်ခု” မူဝါဒ မိတ်ဆက်လိုက်ခြင်းဖြင့် နိုင်ငံရေးသမိုင်းတွင် ထင်ရှားသော မှတ်ကျောက်ဖြစ်ခဲ့ပြီး အမျိုးသားအဆင့်နှင့် ဒေသအသီးသီးတို့၏ အရင်းရှင်စနစ်တို့ အတူယှဉ်တွဲ ပေါင်းစည်းခြင်းသည် အံ့အားသင့်ဖွယ် လက်တွေ့ဖြစ်လာခဲ့သည်။

ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်အရေးကိစ္စများကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာ မူဘောင်များနှင့် ဥပဒေများဖြင့် စတင်ခဲ့သော ထိုမူဝါဒသည် လက်တွေ့အကောင်အထည်ဖော်ခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။ဟောင်ကောင်က ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းပြီး ၂၆ နှစ်တာအတွင်းတွင် အထူးအုပ်ချုပ်ခွင့်ရဒေသသည် အာရှဘဏ္ဍာရေးအကျပ်အတည်း၊ ဆားစ်ကပ်ရောဂါ၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ စသည့် ခက်ခဲသောအချိန်ကာလများတွင် ပြည်မကြီး၏ ထောက်ပံ့ကူညီမှုများဖြင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။

ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရေကြောင်းနှင့် လေကြောင်းတို့အရ အရေးပါသော ဟောင်ကောင်သည် စီးပွားရေးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် မြင်တွေ့ခဲ့ရသည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်းတွင် ဟောင်ကောင်သည် ကမ္ဘာတစ်ဝှမ်းတွင် အများပြည်သူဆိုင်ရာ ကမ်းလှမ်းချက်များတွင် ရင်းနှီးမြှုပ်နှံမှုသည် ထိပ်ဆုံး၌ ရပ်တည်နေပြီး အာရှတွင် နံပါတ်တစ် ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံဖြစ်ကာ ကမ္ဘာတစ်ဝှမ်းတွင်မူ နယူးယောက်နှင့် လန်ဒန်တို့နောက်တွင် ရပ်တည်နေသည်။
 
မကာအိုက ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းပြီး ၂၄ နှစ်အတွင်းတွင် ဗဟိုအစိုးရသည် မကာအိုအား ဘက်ပေါင်းစုံ အမျိုးသားရေးတိုးတက်မှု မဟာဗျူဟာထဲတွင် ထည့်သွင်းဖော်ပြထားပြီး ၂၀၁၉ ခုနှစ်တွင် ကွမ်တုံး-ဟောင်ကောင်-မကာအို ကြီးကျယ်သော ပင်လယ်အော်ဧရိယာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကဲ့သို့သော လုပ်ဆောင်မှုများကို အကောင်အထည်ဖော်လျက်ရှိသည်။ထိုကဲ့သို့ မူဝါဒများနှင့် စည်းမျဉ်းများ ချမှတ် လုပ်ဆောင်ခြင်းဖြင့် မကာအို၏ စီးပွားရေးသည် ပြိုလဲခါနီးအဆင့်မှ ပြန်လည်ဦးမော့ကာ နှစ်ပေါင်းများစွာ ဆက်တိုက်တိုးတက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မကာအိုသည် ကမ္ဘာတစ်ဝန်းတွင် ဂျီဒီပီအမြင့်ဆုံးဖြစ်ခဲ့သည်။

နိုင်ငံတစ်ခု စနစ်နှစ်ခု အောင်မြင်ရခြင်းမှာ အကြောင်းအချက် သုံးခုကြောင့်ဖြစ်သည်။ပထမအချက်မှာ ထိုမူဝါဒသည် ဟောင်ကောင်နှင့် မကာအိုတို့၏ အခြေခံအကျိုးစီးပွားများနှင့် ကိုက်ညီသော ဌာနဆိုင်ရာ မူဘောင်များပါဝင်ခြင်းဖြစ်ပြီး ထိုအခြေခံအကျိုးစီးပွားများကို တရုတ်နိုင်ငံ၏ အလုံးစုံအကျိုးစီးပွားများတွင် ထည့်သွင်းလိုက်ခြင်းဖြင့် ပို၍အကျိုးသက်ရောက်စေခြင်းဖြစ်သည်။ဟောင်ကောင်ပြည်သူများနှင့် မကာအိုပြည်သူများက ကိုယ်ပိုင်အုပ်ချုပ်ရေးတွင် ပါဝင်နိုင်ခြင်းဖြင့် ထိုဒေသရှိ နေထိုင်သူများကိုလည်း လွှမ်းမိုးနိုင်ပြီး နိုင်ငံတစ်ဝှမ်းမှ ထောက်ခံအားပေးမှုများကိုလည်း ရရှိနိုင်ခြင်းဖြစ်သည်။

ဒုတိယအချက်အနေဖြင့် တစ်နိုင်ငံတည်းဖြစ်သည်ဟူသော အခြေခံအချက်ကို လက်ကိုင်ထားသော်လည်း စနစ်နှစ်ခုဖြစ်သည်ဟူသော ထူးကဲသည့်အချက်ဖြင့် အတူတကွယှဉ်တွဲနေထိုင်ခြင်းသည် စနစ်တစ်ခုနှင့် တစ်ခု မတူကွဲပြားမှုများကို လေးစားပြီး အားသာချက်များကို ပေါင်းစည်းလိုက်နိုင်စေခြင်းဖြစ်သည်။ဥပမာအားဖြင့် ဟောင်ကောင်၏ ဥပဒေစနစ်တွင် ပြုစုထားသော ပြဌာန်းချက်များထက် တရားသူကြီးများ၏ အမိန့်အာဏာကို ပို၍ဦးစားပေးပြီး တရုတ်တွင် လုပ်လေ့လုပ်ထမရှိသည့် စနစ်ဖြစ်သည်။ဟောင်ကောင်၏ စနစ်နှင့်တူသော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစင်တာများနှင့် လက်တွဲလိုက်ခြင်းဖြင့် ဟောင်ကောင်သည် တရုတ်ပြည်မကြီးအား ကမ္ဘာ့ဈေးကွက်များနှင့် ဆက်သွယ်ပေးရာတွင် အရေးကြီးသည့် ပေါင်းကူးတံတားဖြစ်လာသည်။

တတိယအချက်အနေဖြင့် ဟောင်ကောင်နှင့် မကာအိုတို့သည် ပြည်မကြီးမှ အထောက်အပံ့ ကောင်းစွာရရှိခြင်းဖြစ်သည်။တရုတ်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဆိုရှယ်လစ်နိုင်ငံတည်ထောင်ရေး လမ်းစဉ်ကို လျှောက်လှမ်းချိန်တွင် ဘက်ပေါင်းစုံ အမျိုးသားရေးအားသာချက်များလည်း ကြီးထွားလာကာ ဟောင်ကောင်နှင့် မကာအိုတို့အတွက် အရင်းအမြစ်နှင့် အထောက်အပံ့များ ဖြစ်လာခဲ့သည်။

ဥပမာအားဖြင့် မကြာသေးမီက ပြုပြင်ခဲ့သော အရည်အသွေးမြင့်လုပ်သားများဆိုင်ရာ မူဝါဒအရ ဟောင်ကောင်သည် အရည်အသွေးမြင့်လုပ်သားပြောင်းရွှေ့ခြင်း လျှောက်လွှာပေါင်း ၁၈၀,၀၀၀ ကို လက်ခံရရှိခဲ့ပြီး ခွင့်ပြုချက်ရပြီးသူ ၇၀,၀၀၀ က ဟောင်ကောင်သို့ ပြောင်းရွှေ့လာပြီဖြစ်သည်။ဟောင်ကောင်နှင့် မကာအိုတို့သည် ပြည်မကြီး၏ ထောက်ပံ့မှုအပေါ်တွင် ကိုယ်ပိုင်အားသာချက်များကို အသုံးချကာ နိုင်ငံအား တံခါးဖွင့်ရေးနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိရေးတို့အတွက် အရေးပါသော အမျိုးသားတိုးတက်ရေးမူဝါဒများကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

နိုင်ငံတစ်ခု စနစ်နှစ်ခု မူဝါဒသည် နိုင်ငံများ၊ ဒေသများအကြား ဖြစ်ပွားခဲ့သော သမိုင်းကြောင်းနှင့် ပိုင်နက်အငြင်းပွားမှုပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံတကာဥပဒေနည်းလမ်းများကို ထည့်သွင်းစဉ်းစားထားသည်ကို တွေ့ရသည်။ထို့ကြောင့်ပင် တူညီသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအတွက် အကြံဉာဏ်များနှင့် ဖြေရှင်းချက်များ ပေးဆောင်နိုင်ပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တိုးတက်မှုအတွက် ပါဝင်အားဖြည့်ခြင်းကိုလည်း ဖော်ပြနေနိုင်ခြင်းဖြစ်သည်။

နိုင်ငံတစ်ခု စနစ်နှစ်ခု မူဝါဒကို လိုက်နာခြင်းဖြင့် ဟောင်ကောင်နှင့် မကာအိုတို့တွင် ရေရှည်ကြွယ်ဝ တည်ငြိမ်ခြင်းများ ရရှိနိုင်ပြီး ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းခြင်း၏ အသီးအပွင့်များကို မလွဲမသွေ ဆက်လက်ခံစားရမည်မှာ အသေအချာပင်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | Why 'One Country, Two Systems' is successful in Hong Kong and Macao?