【 နိုင်ငံတကာဆောင်းပါး 】 အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာ အရည်အသွေးမြင့် တိုးတက်ရေး

【 နိုင်ငံတကာဆောင်းပါး 】 အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာ အရည်အသွေးမြင့် တိုးတက်ရေး

တရုတ်နိုင်ငံသည် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ အမျိုးသားကွန်ဂရက် ကျင်းပပြီးချိန်မှစတင်၍ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွင် သိသာထင်ရှားသော အောင်မြင်မှုများရရှိခဲ့ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆိုခဲ့သည်။

ပါတီ၏ ဦးဆောင်မှုအောက်တွင် အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍတွင် အားကောင်းလာခဲ့ပြီး ဆိုက်ဘာလုံခြုံရေးကို အကာအကွယ်ပေးသည့် စွမ်းရည်နှင့် စနစ်များကိုလည်း မြှင့်တင်နိုင်ခဲ့သည့်အလျောက် တိုးတက်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိခြင်းဖြင့် တရုတ်နိုင်ငံကို ဆိုက်ဘာအားကောင်းသည့် နိုင်ငံအဖြစ် တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။

တရုတ်ဝိသေသလက္ခဏာများရှိသော ဆိုရှယ်လစ်ဝါဒကို လက်ကိုင်ပြုရန်၊ ဘေးအန္တရာယ်များကို ကာကွယ်ရန်နှင့် လုံခြုံရေးကို အာမခံရန်၊ အုပ်ချုပ်မှုအားကောင်းစေရန်၊ ပြည်သူများ၏ လူနေမှုဘဝကို အကျိုးပြုရန်၊ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆောင်ရွက်ရန်ဟူသော တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် အရေးကြီးသည်။

ထို့အပြင် ဆိုက်ဘာနယ်ပယ်ကို အုပ်ချုပ်ရန်၊ ဝဘ်ဆိုက်များနှင့် အက်ပလီကေးရှင်းများ၊ အွန်လိုင်းလုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ လုပ်ဆောင်ရန်လည်း အရေးကြီးသည်ဟု သမ္မတ ရှီက ဆိုသည်။ထိုမှတစ်ဆင့် တရုတ်နိုင်ငံ ဘက်ပေါင်းစုံ၌ ပြန်လည်နုပျိုရေးအတွက် အထောက်အပံ့ဖြစ်ရန်လည်း မျှော်မှန်းထားခြင်းဖြစ်သည်။

အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အစီအစဉ်များတွင် အလွှာပေါင်းစုံ၌ ဦးဆောင်မှုကို အားကောင်းစေရမည် သက်ဆိုင်ရာဌာနများအနေဖြင့် ပါတီနှင့် ပြည်သူအပေါ် သစ္စာစောင့်သိရန်၊ တီထွင်ဆန်းသစ်မှုရှိစွာဖြင့် အလုပ်ကြိုးစားကြရန်နှင့် ဆိုက်ဘာအကြမ်းဖက်မှုများကို ရဲရင့်စွာ တိုက်ဖျက်ကြရန် အရေးကြီးကြောင်း သမ္မတ ရှီက အလေးပေးပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ နိုင်ငံရေးဗြူရိုဆိုင်ရာ အမြဲတမ်းကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆိုင်ကျီက သမ္မတ ရှီသည် အရေးကြီးသော လမ်းညွှန်ချက်များကို ထောက်ပြပြီးသည့်အလျောက် လိုက်နာရမည့် မူဝါဒဆယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။သမ္မတ ရှီ၏ လမ်းညွှန်ချက်များသည် ခေတ်သစ်ကာလ၏ နိုင်ငံရေး၊ မဟာဗျူဟာနှင့် လမ်းညွှန်မှုတို့အတွက် အရေးကြီး၍ ပြတ်ပြတ်သားသား အကောင်အထည်ဖော်ရမည်ဟု ဆိုင်က ပြောသည်။

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ အမျိုးသားကွန်ဂရက်မှစတင်၍ တရုတ်၏ အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အောင်မြင်မှုများရရှိခဲ့ခြင်းမှာ သမ္မတ ရှီနှင့် ပါတီ၏ ဦးဆောင်မှုများကြောင့်ဖြစ်ပြီး ခေတ်သစ်အတွက်လည်း တရုတ်ဝိသေသလက္ခဏာပါသော ဆိုရှယ်လစ်ဝါဒကို သမ္မတ ရှီ၏ လမ်းညွှန်မှုဖြင့် ဆက်လက်သင်ယူ တည်ဆောက်သွားရန် လိုအပ်သည်ဟု ဆိုင်က ဆိုသည်။

အကြိမ် ၂၀ မြောက် အမျိုးသားကွန်ဂရက်တွင် ချမှတ်ခဲ့သော အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ လုပ်ငန်းများအတွက် မဟာဗျူဟာအစီအစဉ်များကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်းလည်း ဆိုင်က အလေးပေးပြောကြားခဲ့သည်။လုံခြုံသော အွန်လိုင်းပတ်ဝန်းကျင်တစ်ခုဖြစ်ရန်အတွက် ဆိုင်ဘာလုံခြုံရေး မဟာဗျူဟာများကို အကောင်အထည်ဖော်ကာ ဖွံ့ဖြိုးမှုနှင့် လုံခြုံရေးကြားတွင် ဟန်ချက်ညီစေသည့် ဆိုင်ဘာစနစ်တစ်ခုကို တီထွင်ဆန်းသစ်မှု၊ ကိုယ်တိုင်ကြံ့ကြံ့ခံနိုင်မှုနှင့် တွန်းအားပေးမှုများဖြင့် တည်ဆောက်မှသာ အားလုံးအတွက် အကျိုးအမြတ်ရရှိစေမည်ဟု ဆိုင်က ပြောခဲ့သည်။ဆိုက်ဘာဥပဒေချမှတ်မှု၊ တရားဥပဒေစိုးမိုးမှု၊ တရားမျှတစွာ စီမံခန့်ခွဲမှုနှင့် ဥပဒေအခြေပြုအုပ်ချုပ်ရေးတို့ ဖြစ်စေရန် အားစိုက်ထုတ်သင့်ကြောင်း ဆိုင်က တိုက်တွန်းခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မီတီ၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ လီရှုးလဲ့ကလည်း ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများရှိသော ဆိုရှယ်လစ်ဝါဒဆိုင်ရာ သမ္မတ ရှီ၏ အတွေးအခေါ်များကို အသေအချာလေ့လာပြီး အကောင်အထည်ဖော်သင့်သည်ဟု ပြောကြားခဲ့သည်။သမ္မတ ရှီ၏ အရေးကြီးသော ညွှန်ကြားချက်များကို အကောင်အထည်ဖော်ရန်နှင့် သမ္မတ ရှီနှင့် ပါတီဗဟိုကော်မတီတို့၏ ဗဟိုချက်ဖြစ်သော အခန်းကဏ္ဍကို ထောက်ခံအားပေးရန် လိုအပ်ကြောင်း လီက ဆိုသည်။

အင်တာနက်နှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ နယ်ပယ်အားလုံးတွင် ပါတီ၏ အလုံးစုံဦးဆောင်မှုကို အားကောင်းစေခြင်းဖြင့် အရည်အသွေးမြင့် တိုးတက်မှုကို အားပေးစေမည်ဖြစ်ပြီး တရုတ်နိုင်ငံအား ပိုမိုအင်အားကြီးသော၊ အမျိုးသားရေးရာ ပြန်လည်နုပျိုသော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ခိုင်မာသောအုတ်မြစ် ချပေးနိုင်မည်ဟု ဆိုခဲ့သည်။

စိုးနိုင်ထွန်း
Ref - Xi stresses advancing high-quality development of internet and information technology sector | cppcc-gov