【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်၏ သေဒဏ်ပေးစီရင်မှုများနှင့် နိုက်ထရိုဂျင်

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်၏ သေဒဏ်ပေးစီရင်မှုများနှင့် နိုက်ထရိုဂျင်

အမေရိကန်တွင် ဇန်နဝါရီ ၂၅ ရက်က သေဒဏ်ချမှတ်ခံထားရသည့် တရားခံတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် နိုက်ထရိုဂျင်ဓာတ်ငွေ့ အသုံးပြုပြီး စီရင်ကွက်မျက်ခဲ့ရာ နိုင်ငံတကာရှိ လူအခွင့်အရေးအဖွဲ့များနှင့် အမေရိကန်ရှိ လူအဖွဲ့အစည်းကြား ဝေဖန်ကန့်ကွက် အငြင်းပွားမှုများရှိလာပြီး လူသားကျင့်ဝတ်အပေါ် ထောက်ပြကာ အမေရိကန်၏ သေဒဏ်စီရင်ကွက်မျက်မှုများအပေါ် အများပြည်သူနှင့် နိုင်ငံတကာက ပြန်လည်အာရုံစိုက်လာခဲ့ကြသည်။

ဇန်နဝါရီ ၂၅ ရက်က ကွပ်မျက်ခံရသည့် ကန်နက်သ်ယူဂျင်းစမစ်သည်  နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြင့် ပထမဆုံး ကွပ်မျက်ခံရသည့် လူပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ဖော်ပြမှုများအရ စမစ်၏ သေဒဏ်ပေးစီရင်ခံရမှုသည် ၁၉၈၈ ခုနှစ်က လူသတ်မှုတွင် လူသတ်သမားကို ငှားရမ်းခဲ့မှုကြောင့်ဖြစ်သည်။နိုက်ထရိုဂျင်သုံးကာ ဓာတ်ငွေ့သုံးစီရင်မှုကို အမေရိကန်တွင် အယ်လ်ဘားမားပြည်နယ်နှင့် အခြားသောပြည်နယ်နှစ်ခုတွင် အသုံးပြုရန်သာ အတည်ပြုထားရာ ဘယ်ပြည်နယ်မှ အသုံးပြုခဲ့ခြင်း မရှိသေးသည့် ကွပ်မျက်ခြင်းနည်းလမ်းသစ်အတွက် ဂျင်းစမစ်မှာ ပထမဆုံးလူပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ဂျင်းစမစ်ကို နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြင့် ကွပ်မျက်ခဲ့မှုသည် အမေရိကန်လူ့အဖွဲ့အစည်းကို ဂယက်ရိုက်ခဲ့ပြီး လူအဖွဲ့အစည်းကျင့်ဝတ်အပေါ် မေးခွန်းထုတ်မှုရှိလာခဲ့သည်။

အမေရိကန်တွင် သေဒဏ်စီရင်သည့်အပေါ် လူအဖွဲ့အစည်း၏ လက်ခံနိုင်မှုသည် ရှေးယခင်ကနှင့်မတူ လျော့ကျလာခဲ့သည်။ Gallup အတိုင်ပင်ခံကုမ္ပဏီ၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင် လူသတ်မှုကျူးလွန်သူများအား သေဒဏ်ချမှတ်မှုကို အမေရိကန်ပြည်သူ ၅၃ ရာခိုင်နှုန်းက ထောက်ခံသည်ဆိုရာ ယင်းသည် ၁၉၇၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးထောက်ခံမှုနှုန်းဟု စစ်တမ်းက ဆိုသည်။ထို့ပြင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၂၃ ခုတွင် သေဒဏ်ချမှတ်မှုကို ပယ်ဖျက်ခဲ့ပြီး အရီဇိုနား၊ ကယ်လီဖိုးနီးယား၊ အိုဟိုင်းယိုး၊ အော်ရီဂွန်၊ ပင်ဆယ်ဗေးနီးယားနှင့် တန်နက်စီပြည်နယ်တို့တွင် သေဒဏ်ချမှတ်မှုကို ဆိုင်းငံ့ထားသည်။

နိုက်ထရိုဂျင်ဖြင့် သေဒဏ်စီရင်မှုသည် အကျဉ်းသား၏ မျက်နှာပေါ်တွင် နိုက်ထရိုဂျင်ဓာတ်ငွေ့လွှတ်သည့် မျက်နှာဖုံးတပ်ဆင်ပြီး ဓာတ်ငွေ့များလွှတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အောက်စီဂျင်များကို ဖယ်ရှားသည့်နည်းဖြင့် စီရင်ခြင်းဖြစ်သည်။ဒီလိုသေဒဏ်စီရင်ခြင်းမသုံးခင်က အမေရိကန်တွင် အသုံးအများဆုံး သေဒဏ်စီရင်သည့် စနစ်မှာ ဆေးထိုးပြီး ကွပ်မျက်ခြင်းဖြစ်သည်။သို့သော် ကုလသမဂ္ဂက ထိုစနစ်သည် ညှင်းပန်းနှိပ်စက်မှုနှင့် ဆက်နွယ်သည်ဟု ပြောပြီးနောက် အမေရိကန်၏ ပြည်နယ်သုံးခုတွင် နိုက်ထရိုဂျင်ဓာတ်ငွေ့ အသုံးပြုပြီး သေဒဏ်စီရင်ခွင့်ပြုခဲ့ခြင်းသည်။

ယခုစီရင်ခံရမှုတွင် စမစ်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေများက ထိုစနစ်သည် ရက်စက်ကြမ်းကြုတ်ပြီး ပုံမှန်မဟုတ်သော ပြစ်ဒဏ်ပေးမှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တားမြစ်ချက်အသစ်ကို ချိုးဖောက်သည်ဟုဆိုထားရာ  နည်းလမ်းသစ်ဖြင့် ကွပ်မျက်မှုကို ရပ်တန့်ရန် စမစ်၏ ရှေ့နေ့များက ကြာသပတေးနေ့အစောပိုင်း နောက်ဆုံးမိနစ်ထိ အယူခံဝင်ကာ ကြိုးစားခဲ့သော်လည်း အမေရိကန်တရားရုံးချုပ်က ငြင်းဆိုခဲ့သည်။ကုလ လူ့အခွင့်အရေးရုံးကလည်း ထိုကွပ်မျက်မှုကို ရပ်တန့်ရန် အယ်လ်ဘားမားအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာရှာမာဒါဆန်နီက နိုက်ထရိုဂျင်ဖြင့် အသက်ရှုကြပ်စေကာ ကွပ်မျက်ခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်တွင် ညှဉ်းပန်းနှိပ်စက်ခြင်း (သို့မဟုတ်) အခြားသော ရက်စက်ကြမ်းကြုတ်သည့် လူမဆန်မှု (သို့မဟုတ်) ယုတ်ညံ့သော ဆက်ဆံမှု (သို့မဟုတ်) ပြစ်ဒဏ်ပေးခြင်း ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှာမာဒါဆန်နီက ၎င်း၏ထုတ်ပြန်ချက်တွင် “အကြီးအကျယ် ပြစ်ဒဏ်ပေးခြင်းကို အကောင်အထည်ဖော်ရန် နည်းလမ်းအသစ်များကို တီထွင်မည့်အစား ၎င်း၏အသုံးပြုမှုကို ဆိုင်းငံ့ထားရန် နိုင်ငံအားလုံးကို ကျွန်ုပ်တို့ တိုက်တွန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ ဖျက်သိမ်းရေးသို့ ဦးတည်သည့် ခြေလှမ်းတစ်ရပ်အဖြစ် ၎င်း၏အသုံးပြုမှုကို ဆိုင်းငံ့ထားရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်” ဟု ဖော်ပြထားသည်။

ယခုကဲသို့ ကန့်ကွက်ခြင်းများသည်  ကွပ်မျက်ခံရသူ စမစ်၏ ကျူးလွန်မှုအတွက် တရားစီရင်မှုကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ဘဲ လူသားများအား ကွပ်မျက်ရာတွင် ရက်စက်ကြမ်းကြုတ်သည့် ဓာတ်ငွေ့ဖြင့် ကွပ်မျက်ခြင်းစနစ်ကို လက်မခံခြင်းဖြစ်သည်။အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ငွေ့အသုံးပြုပြီး နောက်ဆုံးကွပ်မျက်မှုမှာ ၁၉၉၉ ခုနှစ်တွင် ဟိုက်ဒရိုဂျင်ဆိုက်ယာနိုက်ဓာတ်ငွေ့ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

စမစ်ကို နိုက်ထရိုဂျင်ဖြင့် ကွက်မျက်မှုသည် လူသုံးအများဆုံးနည်းလမ်းဖြစ်သည့် သေစေသော ထိုးဆေးကို ၁၉၈၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီးကတည်းက ပထမဆုံး ကွပ်မျက်ရေးနည်းလမ်းသစ်ကို အသုံးပြုခဲ့သည့် အထိမ်းအမှတ်ဖြစ်သည်။
အယ်လ်ဘားမားအာဏာပိုင်များသည် ကုလအပါအဝင် လူအခွင့်အရေးအဖွဲ့များ၏ တိုက်တွန်းမှုကို ပစ်ပယ်ကာ ကန်နက်သ်ယူဂျင်းစမစ်ကို ဇန်နဝါရီ ၂၅ ရက်တွင် နိုက်ထရိုဂျင်ဓာတ်ငွေ့ပေးပြီး ကွပ်မျက်ခဲ့သည်။စမစ်သည် နိုက်ထရိုဂျင်ကို အသက်သွင်းပြီးနောက် မိနစ်အတော်ကြာ သတိလစ်နေပုံရကြောင်း မီဒီယာမျက်မြင်သက်သေအဖြစ် မှန်မှတစ်ဆင့် ကြည့်ရှုခွင့်ရသည့် သတင်းထောက်ငါးဦးက ပြောခဲ့သည်။ထိုင်ခုံတွင် မျက်နှာဖုံးကို လုံခြုံ အောင်ထားသော်လည်း၊ အသက် ၅၈ နှစ်အရွယ် အကျဉ်းသား စမစ်သည် နှစ်မိနစ်ခန့် ခေါင်းယမ်းကာ မိနစ်အတော်ကြာ အသက်ရှုကြပ်လာသည်ကို တွေ့မြင်ရကြောင်း မျက်မြင်သက်သေများက ပြောသည်။

စမ်းသပ်ဆဲဖြစ်ပြီး ပြင်းထန်စွာသေဆုံးခြင်း (သို့မဟုတ်) မသေဆုံးနိုင်သော ဒဏ်ရာများအထိ ဖြစ်ပေါ်လာနိုင်သည် အန္တရာယ်ရှိသည့် ၎င်းနည်းလမ်းကို လူ့အခွင့်အရေးအဖွဲ့များ၊ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် စမစ်၏ ရှေ့နေများက တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မစမ်းသပ်ရသေးသော ယခုပြစ်ဒဏ်စီရင်ခြင်းနည်းလမ်းသည် အမေရိကန်လူ့အဖွဲ့အစည်းကြား အငြင်းပွားဖွယ်ဖြစ်စေခဲ့သည်။ယခုစနစ်အား ထောက်ခံသူတွေက အဆိုပါနည်းလမ်းမှာ လူသားဆန်ကြောင်း ပြောကြသော်လည်း ဝေဖန်သူတွေက ရက်စက်ကြမ်းကြုတ်သည့် စမ်းသပ်မှုအဖြစ် ခေါ်ကြသည်။

တီထွင်ဆန်းသစ်ခြင်းတွင် ရှေ့တန်းရောက်သည့် အမေရိကန်၏ လူသားမျိုးနွယ်များကို ကွပ်မျက်ရန် တီထွင်မှုအသစ်သည် အမေရိကန်ပြည်သူများ၏ မလိုလားမှုကို ယခုအဖြစ်အပျက်တွင် ပထမဆုံးတွေ့ကြုံလိုက်ရပြီး လူသားတစ်ဦးအား ပထမဆုံးစမ်းသပ်ခံဖြစ်ရမည့်အရေးမှ  ကုလအပါအဝင် လူအခွင့်အရေးအဖွဲ့များစွာ၏ ကြိုးစားမှုသည်လည်း မအောင်မြင်ခဲ့သည်မှာ စိုးရိမ်စရာဖြစ်သည်။

အချက်အလက်များအရ အမေရိကန်တွင် ၂၀၂၃ ခုနှစ် နှစ်ဆန်းအထိ  သေဒဏ်ချမှတ်ခံထားရသူ ၂၃၃၁ ဦးရှိနေသေးသည်။သေဒဏ်စီရင်မှုကို ပြည်နယ် ၂၃ ခုတွင် ပယ်ဖျက်ပြီး ၆ ပြည်နယ်တွင် ဆိုင်းငံ့ထားကာ ပြည်နယ်ငါးခုတွင် လက်မရွံ့တပ်ဖွဲ့ဖြင့် ပစ်ခတ်စီရင်မှုပြုလုပ်ပြီး အယ်လ်ဘားမား၊ အိုကလာဟိုးမားနှင့် မစ္စစ္စပီပြည်နယ်တို့တွင် နိုက်ထရိုဂျင်ဖြင့် ကွပ်မျက်ရန် အတည်ပြုထားသည်။

၂၀၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ကွပ်မျက်မှု ၂၄ ကြိမ်ရှိခဲ့ပြီး ၎င်းတို့အားလုံးကို သေစေသော ဆေးထိုးမှုဖြင့် ပြုလုပ်ခဲ့ရာ အလာဘားမား (နှစ်ဦး)၊ ဖလော်ရီဒါ (ခြောက်ဦး)၊ မစ်ဆူရီ (လေးဦး)၊ အိုကလာဟိုးမား (လေးဦး) နှင့် တက္ကဆက် (ရှစ်ဦး) တို့ဖြစ်သည်။

နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြင့် လူသားမျိုးနွယ်ကို ဂရုမထားသည့် ကွက်မျက်မှုများသည် လူအခွင့်အရေးအတွက် ကမ္ဘာတစ်ဝန်း ရှေ့တန်းမှ ဦးဆောင်နေသည့် အမေရိကန်အတွက် ထောက်ပြဝေဖန်စရာတစ်ခု ဖြစ်နေပေသည်။

စိုးငြိမ်း