【 နိုင်ငံတကာ‌ဆောင်းပါး 】 အာကာသနှင့် လေကြောင်းကဏ္ဍများကို ပေါင်းစပ်ရန် သမ္မတ ရှီ တိုက်တွန်း

【 နိုင်ငံတကာ‌ဆောင်းပါး 】 အာကာသနှင့် လေကြောင်းကဏ္ဍများကို ပေါင်းစပ်ရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်နိုင်ငံ၏ ဗဟိုစစ်တပ်ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သော သမ္မတ ရှီကျင့်ဖျင်က လေကြောင်းတပ်ဖွဲ့များသည် အမျိုးသားလုံခြုံရေးနှင့် စစ်တပ်မဟာဗျူဟာများအတွက် အရေးပါသောကဏ္ဍမှ ပါဝင်နေသောကြောင့် ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး စစ်ဆင်ရေးများတွင် အင်အားကို ဟန်ချက်ညှိရန် တိုက်တွန်းခဲ့သည်။

လေကြောင်းစစ်တပ် တပ်ဖွဲ့ဝင်များအတွက် တိုက်ခိုက်ရေးစွမ်းအင်များကို တိုးတက်အောင် အာရုံစိုက် လေ့ကျင့်ပေးရမည်ဖြစ်ပြီး အရင်းအမြစ်နှင့် စနစ်များကို အမြင့်ဆုံးအသုံးပြုခြင်းဖြင့် လေတပ်သည် ဖြစ်လာနိုင်သော အရေးပေါ်အခြေအနေများအတွက် လျင်မြန်အကျိုးရှိစွာ ကိုင်တွယ်နိုင်ရမည်ဟု သမ္မတ ရှီက ဆိုသည်။

သမ္မတ ရှီက လေကြောင်းနှင့် အာကာသစွမ်းရည်တို့ကို ပေါင်းစပ်ရန် တိုက်တွန်းခဲ့ပြီး ထိုတိုက်တွန်းချက်သည် လက်ရှိအချိန်အတွက် လိုအပ်ချက်များ၏ အဖြေဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

အမေရိကန်သည် လေကြောင်းနှင့် အာကာသ ပေါင်းစပ်ခြင်းအတွက် အရင်းအမြစ်များ ပူးပေါင်းခြင်းကို အာရုံစိုက်လုပ်ဆောင်နေပြီး အာကာသစစ်တပ် ပုံဖော်ခြင်းဆီ တဖြည်းဖြည်းလှမ်းနေပြီဖြစ်သည်။

တရုတ်သည် အာကာသကို ငြိမ်းချမ်းစွာအသုံးပြုရေးမူကို လက်ကိုင်ထားသည့်တစ်လျှောက် အခြားသူများ၏ လုပ်ငန်းများကိုလည်း အလျင်မီလိုက်နိုင်ရန် လိုအပ်သည်။

အမေရိကန်လေတပ်က လေကြောင်းနှင့် အာကာသတို့ကို ပေါင်းစပ်ပြီး စစ်ရေးစွမ်းအင်အတွက် အလယ်အလတ်အဆင့်ရှိ လည်ပတ်မှုအဖြစ် ကြေညာခဲ့ပြီး သင့်တော်သော လေ့ကျင့်မှုများနှင့် စစ်ဆင်ရေးပုံစံများ လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။

အာကာသနှင့် လေကြောင်းကို ပူးပေါင်းခြင်းသည် တရုတ်လေတပ်အတွက် အသစ်အဆန်းမဟုတ်ဘဲ အာကာသ၏ အရေးပါမှုကို တောက်လျှောက်အလေးပေးခဲ့ပြီးဖြစ်သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေဖြင့် နောက်ဆုံးပေါ် အာကာသနည်းပညာများနှင့် အမီလိုက်နိုင်ရန်အတွက် များစွာသော သုတေသနစီမံကိန်းများကို လုပ်ဆောင်လျက်ရှိသည်။အာကာသကို အခြေခံသော သတင်းအချက်အလက်များသည် လေကြောင်းတိုက်ခိုက်မှုကို ပြန်လည်ပုံဖော်နိုင်ပြီး လေကြောင်းနှင့် အာကာသလက်နက်စနစ်ကို အကောင်အထည်ဖော်ရန်အတွက် အာကာသယာဉ်များက အဓိကသော့ချက်ဖြစ်လာမည်ဖြစ်သည်။

ခေတ်မီသော လေကြောင်းခုခံရေးပုံစံနှင့် ဒုံးကျည်ဖျက်စနစ်များ တည်ဆောက်ရေးကို လေကြောင်းနှင့် အာကာသစွမ်းရည် ပူးပေါင်းခြင်းဖြင့် ရရှိနိုင်မည်ဖြစ်သည်။

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများသည် ပထမဆုံး ပင်လယ်ကွေ့စစ်ပွဲအချိန်ကတည်းက ပဋိပက္ခတိုင်းတွင် စုံစမ်းထောက်လှမ်းရေး၊ ဆောလျင်စွာ အသိပေးရေး၊ ဆက်သွယ်ပြောဆိုရေးနှင့် နေရာချထားရေးတို့ကို ထောက်ပံ့နိုင်ရန်အတွက် များစွာသော အာကာသပလက်ဖောင်းများကို တက်ကြွစွာ အသုံးပြုနေပြီဖြစ်ပြီး ထိုသို့အသုံးပြုမှုများအရ ယခုခေတ် စစ်ပွဲများတွင် ထိုကဲ့သို့ ပလက်ဖောင်းများက အရေးပါသောကဏ္ဍမှ ပါဝင်နေသည်ကို တွေ့မြင်နိုင်သည်။

တရုတ်သည်လည်း လေကြောင်းနှင့် အာကာသစွမ်းရည်များ၏ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ၁၉၉၀ ခုနှစ်များ အစောပိုင်းကတည်းက နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လေကြောင်းသင်တန်းကျောင်းများအတွက် သင်တန်းများကို စတင်ပို့ချနေပြီဖြစ်သည်။

စိုးနိုင်ထွန်း
Ref - Xi calls for joining space and air roles | Chinadaily