ရိုက်ကူးရေးတွေကို လွမ်းနေတဲ့ စိုင်းအောင်တင့်

ရိုက်ကူးရေးတွေကို လွမ်းနေတဲ့ စိုင်းအောင်တင့်

COVID 19 ကြောင့် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကို ကာလရှည်ကြာစွာနားထားလျက်ရှိရာ လက်ရှိကာလမှာ ရိုက်ကူးရေးတွေအတွက် ပြန်လည်လွမ်းလာတယ်လို့ လူကြမ်းသရုပ်ဆောင် စိုင်းအောင်တင့် က ပြောပါတယ်။

“ရိုက်ကူးရေးတွေနားတာက တစ်နှစ်နီးပါးလောက်ဖြစ်တော့မယ်၊ ရိုက်ကူးရေးတွေကို အခုအချိန်မှာ အရမ်းလွမ်းမိတယ်၊ အရမ်းလည်းရိုက်ချင်နေပါပြီနော်၊ ကိုယ့်မှာရှိတဲ့ အနုပညာကို လုပ်ပြချင်တယ်၊ လုပ်ပြခွင့်မရတော့ စိတ်မကောင်းဖြစ်တာပေါ့၊ အလုပ်မလုပ်ရလို့လေ၊ ဦးတို့ အရင် ၂၀၀၈ ခုနှစ် နာဂစ်လောက်တုန်းကဆိုရင် အလုပ်ကိုမအားလပ်အောင် နားဖို့ကိုမရှိလောက်အောင် လုပ်ခဲ့ရတယ်၊ အဲ့ဒီတုန်းက ဗီဒီယိုတွေလည်း ခေတ်ကောင်းတဲ့အချိန်ပေါ့၊ အရမ်းလည်းရိုက်ရတယ်၊ နားချင်လို့အားကြီးလို့ တစ်ရက်လောက်နားရရင် ကောင်းမှာပဲလို့တောင် ကိုယ့်ကိုယ်ကို တွေးမိခဲ့သေးတယ်၊ အခုကတော့ နားရလွန်းလို့ ပျင်းတောင် ပျင်းနေပါပြီ၊ ကားရိုက်ရှိပါစေလို့ ဆုတောင်းနေမိတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူဟာ ဆီးချိုရောဂါလည်းရှိတာကြောင့် အခုလို COVID 19 ကာလမှာ အစားအသောက် အနေအထိုင်ဆင်ခြင်ရင်း ဂရုပြုနေရကြောင်း၊ COVID 19 ဟာ ကြောက်စရာကောင်းတဲ့ အခြေအနေကြောင့် ကူးစက်ဖြစ်ပွားခံရတာမျိုးမရှိရအောင် အလွန်သတိထားနေထိုင်ကာ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြုမူလျက်ရှိတယ်လို့ သိရပါတယ်။

“ဦးက ဆီးချိုအခံရှိတယ်၊ ၂၀၁၅ လောက်တုန်းက စဖြစ်တော့ ၄၀၀ အထိ တက်သွားတာ၊ စဖြစ်တော့ ညာဘက်မျက်လုံးထိတာ ကံကောင်းလို့ မျက်စိမကွယ်သွားတာ၊ အခုတော့ကောင်းသွားပြီလေ၊ အခုအနေအထိုင်ဆင်ခြင်တယ်၊ အခု COVID က မြန်မာတင်မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးဖြစ်နေတယ်၊ အသွားအလာ အနေအထိုင်ဆင်ခြင်ပါ၊ ဖြစ်လာရင် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ ဒီရောဂါက အင်မတန်ကြောက်ဖို့ကောင်းတဲ့ရောဂါ၊ အနေအထိုင်မဆင်ခြင်ရင် ကိုယ့်မိသားစုပါ အကုန်လုံးဒုက္ခရောက်မှာလေ၊ ဦးတို့လည်းဂရုစိုက်နေရပါတယ်၊ ၇ ရက်သားသမီးတွေ၊ ပရိသတ်တွေအနေနဲ့ ကျန်းမာချမ်းသာကြပါစေ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါလို့ ဦးစိုင်း က ပြောလိုပါတယ်နော်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

သူဟာ မြန်မာဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သလို ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

COVID 19 ေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးေရးလုပ္ငန္းေတြကို ကာလရွည္ၾကာစြာနားထားလ်က္ရွိရာ လက္ရွိကာလမွာ ႐ိုက္ကူးေရးေတြအတြက္ ျပန္လည္လြမ္းလာတယ္လို႔ လူၾကမ္းသ႐ုပ္ေဆာင္ စိုင္းေအာင္တင့္ က ေျပာပါတယ္။

“႐ိုက္ကူးေရးေတြနားတာက တစ္ႏွစ္နီးပါးေလာက္ျဖစ္ေတာ့မယ္၊ ႐ိုက္ကူးေရးေတြကို အခုအခ်ိန္မွာ အရမ္းလြမ္းမိတယ္၊ အရမ္းလည္း႐ိုက္ခ်င္ေနပါၿပီေနာ္၊ ကိုယ့္မွာရွိတဲ့ အႏုပညာကို လုပ္ျပခ်င္တယ္၊ လုပ္ျပခြင့္မရေတာ့ စိတ္မေကာင္းျဖစ္တာေပါ့၊ အလုပ္မလုပ္ရလို႔ေလ၊ ဦးတို႔ အရင္ ၂၀၀၈ ခုႏွစ္ နာဂစ္ေလာက္တုန္းကဆိုရင္ အလုပ္ကိုမအားလပ္ေအာင္ နားဖို႔ကိုမရွိေလာက္ေအာင္ လုပ္ခဲ့ရတယ္၊ အဲ့ဒီတုန္းက ဗီဒီယိုေတြလည္း ေခတ္ေကာင္းတဲ့အခ်ိန္ေပါ့၊ အရမ္းလည္း႐ိုက္ရတယ္၊ နားခ်င္လို႔အားႀကီးလို႔ တစ္ရက္ေလာက္နားရရင္ ေကာင္းမွာပဲလို႔ေတာင္ ကိုယ့္ကိုယ္ကို ေတြးမိခဲ့ေသးတယ္၊ အခုကေတာ့ နားရလြန္းလို႔ ပ်င္းေတာင္ ပ်င္းေနပါၿပီ၊ ကား႐ိုက္ရွိပါေစလို႔ ဆုေတာင္းေနမိတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူဟာ ဆီးခ်ိဳေရာဂါလည္းရွိတာေၾကာင့္ အခုလို COVID 19 ကာလမွာ အစားအေသာက္ အေနအထိုင္ဆင္ျခင္ရင္း ဂ႐ုျပဳေနရေၾကာင္း၊ COVID 19 ဟာ ေၾကာက္စရာေကာင္းတဲ့ အေျခအေနေၾကာင့္ ကူးစက္ျဖစ္ပြားခံရတာမ်ိဳးမရွိရေအာင္ အလြန္သတိထားေနထိုင္ကာ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြနဲ႔အညီ ျပဳမူလ်က္ရွိတယ္လို႔ သိရပါတယ္။

“ဦးက ဆီးခ်ိဳအခံရွိတယ္၊ ၂၀၁၅ ေလာက္တုန္းက စျဖစ္ေတာ့ ၄၀၀ အထိ တက္သြားတာ၊ စျဖစ္ေတာ့ ညာဘက္မ်က္လုံးထိတာ ကံေကာင္းလို႔ မ်က္စိမကြယ္သြားတာ၊ အခုေတာ့ေကာင္းသြားၿပီေလ၊ အခုအေနအထိုင္ဆင္ျခင္တယ္၊ အခု COVID က ျမန္မာတင္မဟုတ္ဘူး၊ တစ္ကမာၻလုံးျဖစ္ေနတယ္၊ အသြားအလာ အေနအထိုင္ဆင္ျခင္ပါ၊ ျဖစ္လာရင္ ကိုယ္တစ္ေယာက္တည္းမဟုတ္ဘူး၊ ဒီေရာဂါက အင္မတန္ေၾကာက္ဖို႔ေကာင္းတဲ့ေရာဂါ၊ အေနအထိုင္မဆင္ျခင္ရင္ ကိုယ့္မိသားစုပါ အကုန္လုံးဒုကၡေရာက္မွာေလ၊ ဦးတို႔လည္းဂ႐ုစိုက္ေနရပါတယ္၊ ၇ ရက္သားသမီးေတြ၊ ပရိသတ္ေတြအေနနဲ႔ က်န္းမာခ်မ္းသာၾကပါေစ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ပါလို႔ ဦးစိုင္း က ေျပာလိုပါတယ္ေနာ္” လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

သူဟာ ျမန္မာဇာတ္ကားအမ်ားအျပားမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့သလို ဗီလိန္ဇာတ္႐ုပ္ကို ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၀