【 ပြည်တွင်း 】 စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်၍ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်

【 ပြည်တွင်း 】 စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်၍ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်

၂၀၂၃၊  ဒီဇင်ဘာ - ၂၀

လက်ရှိစျေးကွက်အတွင်းမှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများ နေ့စဉ်ဆိုသလို မြင့်တက်နေခြင်းကြောင်း ဝင်ငွေနည်း အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲဖြစ်နေရကြောင်း  စျေးသည်များနှင့် အိမ်ရှင်မများထံမှ သိရပါတယ်။

“အဓိက ဆန်ဈေးက တက်နေဆဲဆိုတော့ အရင်စားနေကြ ဆန်ကို ဝယ်မစားနိုင်‌တော့ဘူး၊ အရင်ဆန်ဈေး ခုနှစ်သောင်း၊ ရှစ်သောင်းဆို ကောင်းကောင်းရတယ်၊ အခု တစ်အိတ်ကို တစ်သိန်းခွဲဖြစ်နေပြီ၊ အတက်စျေးမှာပဲရှိနေပြီး ပြန်မကျသေးဘူး။တခြားမီးဖိုချောင်သုံးပစ္စည်းတွေ၊ အသားငါးတွေလည်း စျေးတက်နေတာပါပဲ။အသီးအရွက်ကအစ စျေးတက်နေတာ။ဈေးထဲသွားလိုက်ရင် အကုန်နီးပါးဆိုသလိုကို စျေးတက်နေတာပါပဲ” လို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ အိမ်ရှင်မတစ်ဦးက  ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း ဆက်တိုက်မြင့်တက်လာခဲ့ရာ အခုဆိုရင် ယခင်စျေးနှုန်းတွေထက် နှစ်ဆကျော်၊ သုံးဆနီးပါး မြင့်တက်လာပြီဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

ယခုလက်ရှိ စျေးကွက်အတွင်းမှာ ကြက်သားတစ်ပိဿာ တစ်သောင်းကျော်၊ ဝက်သားတစ်ပိဿာ ကျပ် ၁၇,၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၃၀,၀၀၀ ကျော်၊ အမဲသားတစ်ပိဿာ ၁၈,၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ ၁၂,၀၀၀ ကျပ်တို့ရှိနေပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းမှာလည်း ကန်စွန်းရွက်တစ်စည်း ၅၀၀ ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ် ၁၅၀၀ ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် ရောင်းချနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်ရှားပါးခြင်းနှင့် လုပ်ခလစာဝင်ငွေနည်းပါးမှုတွေ ကြုံနေရချိန်တွင် အခုလို ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားအများစုဟာ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။

ဇွန်မိုး