【 နိုင်ငံတကာ 】 တရုတ်သမ္မတ ရှီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

【 နိုင်ငံတကာ 】 တရုတ်သမ္မတ ရှီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၂၇

နှစ်နိုင်ငံတို့သည် အပြင်အထန်ဆွေးနွေးရမည့် နှစ်ဘက်၊ ဒေသတွင်းနှင့် ကမ္ဘာပြဿနာများအတွက် ခေါင်းချင်းရိုက်နေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်သည် သောကြာနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်အထက်တန်းအရာရှိများကို သောကြာနေ့တွင် တွေ့ဆုံပြီး အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြား သဘောထားကွဲလွဲမှုများကို တာဝန်သိသိစီမံရန် အရေးကြီးကြောင်း အလေးထားပြောခဲ့ပါ တယ်။

ဘလင်ကန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြည်သူ့လုံခြုံရေးရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့နှင့် တွေ့ဆုံပြီးနောက် သမ္မတ ရှီနှင့် တွေ့ဆုံခြင်းဖြစ်ပါတယ်။

သဘောထားကွဲလွဲမှုများ တိုးနေသော်လည်း နှစ်ဘက်အကြား ဆွေးနွေးမှုများ မကြာသေးမီလများအတွင်း တိုးလာနေပါတယ်။

စစ်ဘက်ဆက်သွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ဉာဏ်ရည်တုနည်းပညာ အပါအဝင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကြောင်း ဘလင်ကန်က အပြုသဘောပြောခဲ့ပါတယ်။

“ဒီအစီအစဉ်တွေကို တိုးတက်လုပ်ဆောင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိန်းသိမ်း တောင့်တင်း ကြံ့ခိုင်စေဖို့နဲ့ ဆက်သွယ်မှုအမှားတွေ၊ အယူအဆအမှားတွေ၊ တွက်ချက်မှုအမှားတွေကို ရှောင်နိုင်ဖို့ သဘောထားကွဲလွဲမှုတွေကို တာဝန်သိသိ ကိုင်တွယ်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဘလင်ကန်က ပြောပါတယ်။

ရှီက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ပြင်းထန်သော ယှဉ်ပြိုင်မှု လုပ်ရမည် မဟုတ်ဘဲ ဘုံရပ်တည်ချက် ရှာရမည်ဖြစ်ကြောင်း အလေးထားပြောခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ ယုံကြည်မှုရှိ၊ ပွင့်လင်း၊ ကြွယ်ဝချမ်းသာ အောင်မြင်တဲ့ အမေရိကန်ပြည်ထောင်စုကို မြင်ရတာ ဝမ်းသာတယ်” ဟု ရှီက ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုကလည်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အပြုသဘောမြင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ဒါဟာ ဖြေရှင်းရမယ့် အခြေခံပြဿနာဖြစ်တယ်” ဟု ရှီက ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - ANI