【 ပြည်တွင်း 】 မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှုဖြစ်ပွား

【 ပြည်တွင်း 】 မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ - ၃၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်ကစ၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် တောင်ကျရေများ ကျဆင်းလာကာ မယ်ဆိုင်ချောင်း ရေလျှံမှုနှင့်အတူ မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း (က-ခ) စတဲ့ ရပ်ကွက်အချို့နှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းကစ၍ ရေများ တဖြည်းဖြည်းပြန်လည်ကျဆင်းနေပြီဖြစ်ကာ ဒေသခံလူမှုကူညီရေးအဖွဲ့များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

အောင်အောင်
Photo - CJ