【 ပြည်တွင်း 】 လွိုင်ကော်မြို့ပေါ်တွင် ယနေ့မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေ

【 ပြည်တွင်း 】 လွိုင်ကော်မြို့ပေါ်တွင် ယနေ့မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ နိုဝင်ဘာ - ၁၁

ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့ပေါ်တွင် ယနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီဝန်းကျင်ကစပြီး လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီတပ်ပေါင်းစုတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတာလို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာ စစ်ကောင်စီဂိတ်တွေရှိတဲ့နေရာတွေမှာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ထေးဌားလျားကျေးရွာ၊ ရေယိုကျေးရွာ၊ နာနတ်တောရပ်ကွက်၊ ချိကယ် စတဲ့ နေရာတွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်တွေမှာ ပြောဆိုထားပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တွေကိုလည်း ဒေသခံတွေရဲ့ လူမှုကွန်ရက်တွေမှာတင်ထားတာ တွေ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ခတ်သံတွေကိုလည်း ကြားနေရပါတယ်။

လက်ရှိမှာ လွိုင်ကော်ရှိ ပြည်သူတွေအနေနဲ့လည်း အပြင်ကို သွားလာခြင်းမပြုကြဖို့နဲ့ အထူးသတိထားကြဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အချင်းချင်းသတိပေးနေတာတွေလည်း တွေ့နေရပါတယ်။

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ဟာ ကယားပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး အစိုးရရုံးဌာနများ အခြေစိုက်ရာ မြို့ဖြစ်သလို စစ်ကောင်စီရဲ့ အခြေစိုက်စခန်းများတည်ရှိရာ နေရာဖြစ်ပါတယ်။

၂၀၂၁ခုနှစ်နောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သော်လည်း အခုလို လွိုင်ကော်မြို့ပေါ်မှာ ပြင်းထန်စွာဖြစ်ပွားတဲ့ တိုက်ပွဲကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရပြီး ပြည်နယ်တစ်ခုရဲ့ မြို့တော်ကို တိုက်ခိုက်ခံရမှုဟာလည်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် တိုက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပကပါ စိတ်ဝင်တစား စောင့်ကြည့်ခံနေရတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲကြောင့် လွိုင်ကော်မြို့ရှိ ဒေသခံတွေဟာ နေအိမ်တွေထဲမှာပဲ ခိုလှုံနေရပြီး စစ်ဘေးရှောင်ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသလို တိုက်ပွဲတွေအတွင်းမှာ မြို့အချို့ကို လက်လွှတ်ခဲ့ရတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

အောင်အောင်