【 ပြည်တွင်း 】 လမ်းဘေး ဆီဆိုင်လေးများပြန်လည်ပေါ်ထွက်လာ

【 ပြည်တွင်း 】 လမ်းဘေး ဆီဆိုင်လေးများပြန်လည်ပေါ်ထွက်လာ

ရန်ကုန်၊ ဒီဇင်ဘာ - ၉
 
လမ်းဘေးတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းချသည့် ဆိုင်လေးများ ယခုနောက်ပိုင်း ပြန်လည်ပေါ်ထွက်လာပြီး မြို့နယ်အချို့၌ မြင်တွေ့လာရကြောင်း ရန်ကုန်မြို့အတွင်း သွားလာသူများထံမှ သိရပါတယ်။
 
အဆိုပါဆီဆိုင်လေးများမှာ ယခင်က ရန်ကုန်မြို့၏ မြို့နယ်အများအပြားတွင်ရှိခဲ့ဖူး‌ပြီး ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာချိန်တွင် ပျောက်ကွယ်သွားခဲ့ပါတယ်။
 
ထို့နောက်မှ ယခုနောက်ပိုင်းတွင် စက်သုံးဆီ အခက်အခဲများကြုံလာချိန်၌ ယင်းဆိုင်ငယ်များ ပြန်လည်ပေါ်ပေါက်လာပြီး ဓာတ်ဆီ၊ ဒီဇယ်များကို ရောင်းချကြသလို ၎င်းတို့ထံ ပြန်သွင်းလိုပါကလည်း ပြန်လည်ဝယ်ယူမှုများကို လုပ်ဆောင်လေ့ရှိကြောင်း သိရပါတယ်။
 
“ဆိုင်တွေမှာ နာရီနဲ့ချီပြီး စောင့်ဝယ်နေရတော့ အခြေခံလူတန်းစားတွေ၊ အငှားယာဉ်မောင်းတွေ အတွက် အခက်အခဲဖြစ်တာပေါ့၊ အဲတာကြောင့် လမ်းဘေးဆိုင်လေးတွေကနေ ဝယ်ထည့်လိုက်ရတယ်၊ စျေးပိုပေးရတယ်ဆိုပေမယ့်လည်း ဆီဆိုင်မှာ အကြာကြီး သွားတန်းစီစရာ မလိုတော့ဘူးပေါ့” ဟု သန်လျင်မြို့နယ်မှ ကယ်ရီသမားတစ်ဦးက ဆိုပါတယ်။
 
စက်သုံးဆီအရောင်းဆိုင်များတွင် ပုံမှန်အားဖြင့် ဓာတ်ဆီ (၉၂) တစ်လီတာလျှင် ၂၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သော်လည်း ထိုလမ်းဘေးဆိုင်များတွင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ကြားဖြစ်နေကြောင်း၊ ဓာတ်ဆီ (၉၂) တစ်ပေပါလျှင် ကျပ်ခြောက်သာင်းကျော်လောက်အထိ စျေးပေးကာ ဝယ်ယူရခြင်းများရှိနေကြောင်း သိရပါတယ်။ 
 
ယခုဒီဇင်ဘာလဆန်းမှစကာ စက်သုံးဆီအခက်အခဲကြောင့် ပုဂ္ဂလိကစက်သုံးဆီဆိုင်ကြီးများတွင် စက်သုံးဆီ ပြတ်လပ်မှုများရှိနေပြီး ဆိုင်တော်တော်များ၌ အရောင်းပိတ်ထားနေရကြောင်း သိရပါတယ်။ 
 
လက်ရှိတွင် စက်သုံးဆီဈေးမှာ ဓာတ်ဆီ (၉၂) တစ်လီတာကို ၂၄၆၅ ကျပ်၊ ဓာတ်ဆီ (၉၅) တစ်လီတာကို ၂၅၇၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို ၂၂၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၂၂၇၀ ကျပ်ဖြစ်နေပြီး ဓာတ်ဆီ (၉၂) ၄၅ ကျပ်၊ ဓာတ်ဆီ (၉၅) တစ်လီတာကို ၆၅ ကျပ်၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာကို ၃၅ ကျပ် စသည်ဖြင့် စျေးအသီးသီး ပြန်လည်ကျဆင်းလာစေသော်လည်း လိုချင်သလောက် ဝယ်မရသည့် အခြေအနေဖြစ်နေကြောင်း ရန်ကုန်အတွင်း ယာဉ်မောင်းများထံမှ သိရပါတယ်။ 
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ နည်းပါးလာခြင်းကြောင့် ဒေါ်လာဖြင့် ဝယ်ယူသုံးစွဲနေရသည့် စက်သုံးဆီများမှာ တင်သွင်းထားသော်လည်း လုံလောက်စွာထုတ်ယူနိုင်ခြင်းမရှိသည့်အတွက် စက်သုံးဆီပြတ်လပ်မှု အခက်အခဲများကို မကြာခဏဆိုသလို ကြုံတွေ့နေရကြောင်း သိရပါတယ်။ 
 
ဇွန်မိုး