【 ပြည်တွင်း 】 မန္တလေးက သမိုင်းဝင်ဘုရား ၆ ဆူမှာ ဘုရားသမိုင်းနဲ့ လမ်းညွှန်တွေ တပ်ဆင်ပေးသွားမည်

【 ပြည်တွင်း 】 မန္တလေးက သမိုင်းဝင်ဘုရား ၆ ဆူမှာ ဘုရားသမိုင်းနဲ့ လမ်းညွှန်တွေ တပ်ဆင်ပေးသွားမည်

မန္တလေး၊ ဧပြီ - ၂၇

မန္တလေးမြို့ရဲ့ အထင်ကရ သမိုင်းဝင်စေတီဘုရား ၆ ဆူမှာ၊ ဘုရားသမိုင်းနဲ့ ဘုရားဖူးလမ်းညွှန်တွေ တပ်ဆင်ပေးသွားဖို့ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်တယ်လို့ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့နဲ့ နီးစပ်သူတွေဆီကတစ်ဆင့် သိရပါတယ်။

“ဘုရားဖူးတွေအတွက်၊ နောက်ပြီးတော့ ရှေးဟောင်းလေ့လာသူတွေအတွက် ဘုရားသမိုင်းနဲ့ လမ်းညွှန်တွေ တပ်ဆင်ပေးသွားမယ်၊ ဘုရားအဝင် မုခ်ဦးတွေမှာ၊ ဒါမှမဟုတ် ဘုရားရင်ပြင်တော်ပေါ်တွေမှာ တပ်ဆင်ပေးသွားမယ့် အစီအစဉ်ပါ၊ တိုင်းအဆင့်က လုပ်တာပါ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီစေတီဘုရားတွေရဲ့ သမိုင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း လေ့လာကြည့်ရှုနိုင်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပြီး ဒီလိုတပ်ဆင်ပေးလိုက်ခြင်းအားဖြင့် နိုင်ငံတကာဘုရားဖူးခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်မယ်၊ နိုင်ငံတကာအဆင့်မီ ဖြစ်လာစေမယ်လို့လည်း ၎င်းကပြောပါတယ်။

“Pagoda Digital Directory လို့ ခေါ်တာပေါ့နော်၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရေးမှာပါ” လို့ ၎င်းက ဆိုပါတယ်။

Pagoda Digital Directory ဘုရားသမိုင်းနဲ့ ဘုရားဖူးလမ်းညွှန်တွေ တပ်ဆင်ပေးသွားမယ့် စေတီဘုရားတွေကတော့ မန္တလေးတောင်ခြေအနီးက မဟာသကျ မာရဇိန် ကျောက်တော်ကြီးဘုရား (စေတီ) နဲ့ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား (စေတီ)၊ မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရား (စေတီ)၊ ရွှေကျီးမြင်ဘုရား (စေတီ)၊ မဟာလောက ရန်နှိမ် အောင်တော်မူဘုရား (စေတီ) နဲ့ မဟာမုနိဘုရားကြီး (မဟာမုနိရုပ်ရှင်တော်မြတ်) တို့ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့က ရွှေသိမ်တော်၊ ပြင်ဦးလွင်မြို့က မဟာအံ့ထူးကံသာနဲ့ ညောင်ဦးခရိုင်ထဲကဆိုရင် ရွှေစည်းခုံ၊ အာနန္ဒာ၊ လောကနန္ဒာ၊ မနုဟာ၊ အလိုတော်ပြည့်၊ ဗူးဘုရားနဲ့ ဓမ္မရာဇက စတဲ့ စေတီဘုရားတို့မှာလည်း တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လင်းလင်း