【 ပြည်တွင်း 】 အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်

【 ပြည်တွင်း 】 အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်

ရန်ကုန်၊ အောက်တိုဘာ - ၂၄

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ယနေ့ အောက်တိုဘာ ၂၄ ရက် မြန်မာစံတော်ချိန် ၈ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျှားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၄၀) မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၆၀) မိုင်ခန့်၊ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၄၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၁၅) မိုင်ခန့်၊ ဒီဂါမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၄၅) မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၉၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ထားပါတယ်။

“ဒီနေ့မနက်မှာ ဆိုင်ကလုန်းမုန်တိုင်း HAMOON က အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (VSCS - VERY SEVERE CYCLONIC STORM) အဆင့် - (ပစိဖိအနောက်မြောက်ပိုင်း မိုးလေဝသအခေါ်တွေအရတော့ CAT-1 CYCLONE အဆင့်) ကို ရောက်လာပါတယ်။အရင်က တင်ပြခဲ့သလို ကမ်းခြေနားနီးလာတော့ ရုတ်တရက် အားကောင်းလာတဲ့အခြေအနေ (Rapid Intensification) ဖြစ်လာတာပါပဲ၊ ကမ်းခြေနဲ့ ပိုနီးသွားတဲ့အခါမှာတော့ ကုန်းမြေနဲ့ထိတွေ့ပြီး အားပြန်လျော့သွားမှာပါပဲ။မုန်တိုင်းလမ်းကြောင်းက ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကိုဝင်မယ့်အခြေအနေမှ တောင်ဘက်ကို အနည်းငယ်ကျလာပြီး စစ်တကောင်းမြို့အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်မယ်လို့ ခန့်မှန်းထားပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အဓိကအားဖြင့် မုန်တိုင်းတိုက်ရိုက်ဝင်မယ့် ဘင်္ဂလားဒေ့ရှ်နဲ့ မုန်တိုင်းလမ်းကြောင်း ဖြတ်သန်းသွားရာမှ အနီးဆုံးဖြစ်တဲ့ အိန္ဒိယတို့က အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာတော့ မုန်တိုင်းအဖျားခတ်တာကြောင့် လူဦးရေထောင်ဂဏန်းလောက်သာ သက်ရောက်မှုဖြစ်နိုင်ကြောင်း တွေ့ရတယ်လို့လည်း ၎င်းကဆိုပါတယ်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလက သတိပေးထားပါတယ်။

အောင်အောင်