【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၇)

【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၇)

၁၉၄၇ တွင် မတရားသင်းအက်ဥပဒေ ပုဒ်မ ၁၇ အရ သခင်မြသန်း အဖမ်းခံရ၏။ထောင်မှူးဦးပန်းမောင်နှင့် ပြန်တွေ့၏။ယခင်လို စာအုပ်ကြီးမဆန်တော့ဘဲ ပြေလည်စွာဆက်ဆံလေသည်။

ထိုစဉ်က ဘီအတန်းပေးထားပါလျက် အခွင့်အရေးအပြည့်မရ၊ အစားအသောက်ချို့ငဲ့ကာ အနေအထိုင်မှာလည်း စီကလပ်သာသာလောက်သာ ရနေသဖြင့် စစ်မဖြစ်မီကအဆင့်အတန်း ပြန်ရရန် တိုက်ပွဲဆင်နိုင်ဖို့ လိုနေသည်။

ဦးပန်းမောင်သည် သခင်မြသန်းတို့ဘက်က ရပ်တည်ပေးသည်။အခွင့်အရေးမှာ ထောင်စာအုပ်တွင် ရေးထားသော အကျဉ်းသားအခွင့်အရေးသာဖြစ်၍ ပို၍ရလိုခြင်းမဟုတ်ချေ။အိပ်ထောင်မဝင်ဟု ဆန္ဒပြမှသာ စစ်ကြီးမဖြစ်မီကအတိုင်း ရသင့်တာတွေ ရလာ၏။ပိုရသည်ကား မဟုတ်ချေ။အစိုးရတို့သည်လည်း စာထဲမှာ အတိအလင်းရေးထားသော အခွင့်အရေးကိုပင် မပေးချင်၊ တိုက်ပွဲဝင်မှသာ ရလာတတ်သည်မှာ ကိုယ်တွေ့ဖြစ်သည်။

သခင်မြသန်း ထောင်ကျသည်မှာ သုံးလသာဖြစ်သော်လည်း ပုဒ်မ ၅ နှင့် ဆက်ချုပ်သဖြင့် ၂ နှစ်ကျော် နေရပြန်သည်။ယခုတစ်ခါ မန္တလေးသို့ ရထားဖြင့် ရွှေ့ပြောင်းရပြန်ကာ လမ်းခရီးမှာ ပြွတ်သိပ်ခဲ၍ ထမင်းနှင့် လက်ဘက်ရည်လည်း ငတ်သည်။မန္တလေးထောင်ရောက်သည်တွင် ဆောင်းရာသီမှာ ချမ်းလွန်းသဖြင့် အနွေးထည်ရရန် တောင်းဆို တိုက်ပွဲဝင်ရပြန်သည်။

နိုင်ငံရေးသမားတွေ အလကားနေ အကြောင်းအမျိုးမျိုးဖြင့် တိုက်ပွဲဆင်သည် ဟု ထင်ကြပေမည်။မတတ်နိုင်။တိုက်ပွဲမဆင်လျှင် အနွေးထည်ရမည်မဟုတ်။ပုဒ်မ ၅ အကျဉ်းသား အလံနီ၊ တပ်နီ၊ ပြည်သူ့ရဲဘော်တွေ အများအပြားရောက်လာလေသည်။အလံနီ ၃၀၀ ခန့်၊ တပ်နီ (ကွန်မြူနစ်) ၅၀၀ ကျော်၊ ပြည်သူ့ရဲဘော်နှင့် တိုးတက်အဖွဲ့များကလည်း မနည်းလှ။တိုက်ပွဲအလွန်လုပ်လိုသူ အစွမ်းပြချင်သူတို့ကို ထိန်းရ၏။

တိုက်ပွဲမှာ ကိုယ့်ဘက်က နိုင်ခြေရှိမှလည်း လုပ်သင့်သည်။မလွှဲသာ၍ ပါရသည်လည်းရှိ၏။သို့ဖြင့် တိုက်ပွဲများ တစတစအရေးနိမ့်လာသည်။အရေးနိမ့်သည်နှင့် ဖိနှိပ်ခြင်းကို ခံလာရသည်။ခေါင်းထောင်သူများကို အခြားထောင်သို့ပို့၍ ထောင်ဗူးဝ ဝင်ကတည်းက ရိုက်နှက်ပြီး ပုံစံပေးရာ သခင်တင်မြ သွားကျိုးသည်ဟု ကြားရတော့သည်။နိုင်ငံရေးတိုက်ပွဲ ထောင်တိုက်ပွဲတွင် ထင်ပေါ်ချင်၍ စတန့်လုပ်၍လည်းမရ၊ တစ်ဖန် အနစ်နာမခံနိုင်ခြင်း မတိုက်ရဲခြင်း ရေသာခိုလိုခြင်းကြောင့်လည်း တိုက်ပွဲရှောင်သော အချောင်လမ်းစဉ်လည်း မဖြစ်ဖို့လိုသည်။

မန္တလေးထောင်ကို သခင်စိုး၏ အလံနီထောင်၊ သာယာဝတီထောင်ကို သခင်သန်းထွန်း၏ ကွန်မြူနစ်ထောင်အဖြစ် ခွဲခြား ပြောင်းရွှေ့နေ၏။သခင်မြသန်းသည်ကား ထိုအချိန်တွင် နှလုံးရောဂါဆိုးဝါးနေ၍ ဆေးရုံနှစ်ကြိမ်ရောက်ထားသည်။ညအချိန်မတော် ဆရာခေါ်ရသည်လည်း မနည်း။

၁၉၄၈ ခုနှစ်အတွင်း သခင်နု ခရီးစဉ်လှည့်နေသည်ကြား၍ သခင်မြသန်းက ထောင်သို့ကြွရောက်ရန် စာရေးရာမှာ ထောင်သို့ဖြင့် မလာနိုင်သော်လည်း ဆေးကုနိုင်ဖို့ လိုတာအကုန် ဖြည့်ဆည်းပေးသည်။မန္တလေးဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာနန္ဒီ လာသည်။အရေးကြီးသော ဆေးများ ထောင်ဘတ်ဂျက်မှ ဝယ်ပေးသည်။

သခင်မြသန်းသည် သေရန်အခြေအနေမှ ထူထောင်လာသည်။ကျန်းမာရေးအခြေအနေကောင်းလာချိန်တွင် “မမိုးဆွေ” ဝတ္ထုကို ရေးသည်။သခင်မြသန်းက ပြဇာတ်တစ်ပုဒ်၊ ဗိုလ်လင်းယုန်က ပြဇာတ်တစ်ပုဒ်ရေး၍ ထောင်တွင်းသာမက မန္တလေးမြို့ပေါ်မှ လူကြီးများကိုပင် ဖိတ်ကြားပြသနိုင်သည်။ဝဲလ်ဖဲယား ရန်ပုံငွေ ၅၀ဝိ/ ကျော်ရသည်။လူထုသတင်းစာ၌ ၆ လိုင်းခေါင်းစဉ်တပ်၍ ပြဇာတ်ကောင်းသောအကြောင်း ဖော်ပြသည်။ထောင်ကလွတ်ပြီး အဆင်မပြေ နွမ်းပါးချိန်၌ သခင်နုနှင့် မြို့တော်ခန်းမ ပြဇာတ်ကပွဲတွင် တွေ့ရာ ......

          “မင်း ဘယ်ရောက်နေသလဲကွ” ဟု မေးသည်။
          “ကျနော် အခုမှ ထောင်ကလွတ်တာ” ဟု ပြောသည်။
          “မင်းပြဇာတ်ကောင်းတယ် ပြောကြတယ်၊ ငါ့ပညာမဟုတ်လား၊ လာခဲ့ဦးကွာ” ဟုပြောသွားသည်။

သခင်မြသန်းသည် သခင်နုထံ ရောက်ခဲ့သော်လည်း သခင်နုက ပိုက်ဆံကြေးငွေအစ ဘာကူညီရမည်ကို စကားဖြင့် လမ်းဖွင့်ပေးသည့်တိုင် ဘာမျှအကူအညီမတောင်းခဲ့ချေ။ပိုက်ဆံရှိပါတယ်။စာပေအလုပ်ပဲလုပ်မလို့ စသဖြင့်သာ ပြောခဲ့သည်။အမှန်က သခင်မြသန်းသည် ကလေးတစ်ယောက်ရကာစ စားဖို့ပင်အနိုင်နိုင် ဖြစ်နေလေသည်။

သခင်ကျော်စိန်က ...... “သခင်နုက ပိုက်ဆံကြေးငွေ ပေးချင်လို့ပြောတာ၊ ဘာလုပ်ချင်သလဲဆိုတာ ကူညီချင်လို့ပြောတာ ခင်ဗျားငတ်တာကောင်းတယ်” ဟု ငေါက်ငမ်းလေသည်။

သခင်မြသန်း၏ ဘဝတိုက်ပွဲကား နိုင်ငံရေးတိုက်ပွဲ ဝမ်းရေးတိုက်ပွဲသာမက ရောဂါဝေဒနာနှင့်လည်း တစ်လျှောက်လုံး တိုက်ပွဲဆင်ခဲ့ရသည်။အားခဲထားသော “မမိုးဆွေ” ဝတ္ထုကို ထုတ်ဝေသူလည်း မရှိသေး။ဘာသာပြန်လေးအစ ဆောင်းပါးလေးအစ ရေး၍ရသော မစို့မပို့ ငွေကလေးနှင့် ခက်ခဲစွာ ရပ်တည်နေရသည်။ထိုအတွင်း စားရေးသောက်ရေးအတွက် ရနိုင်ရန် စာတစ်အုပ် ကိုယ်တိုင်ထုတ်ဖို့ စီစဉ်ခဲ့သည်။ရဲဘော်တစ်ယောက် ချေးငွေဖြင့် စက္ကူထုပ်ဝယ် ပုံနှိပ်ခ တစ်ဝက်အကြွေးနှင့် “ယနေ့ လက်ျာဆိုရှယ် ဒီမိုကရက်များ” စာအုပ်ကို ကိုယ်တိုင်ဘာသာပြန်ကာ ၁ိ/ကျပ်တန်အဖြစ် ထုတ်ဝေလိုက်၍ ငွေကြေးအနည်းငယ်ရရှိလာသည်။

ထိုအခိုက် ပန်းချီဘရင်လေးက “စာပန်းချီ” စာအုပ်တိုက်အသစ် ထူထောင်ရာ “မမိုးစွေ”  ဝတ္ထုကို နှစ်သက်၍ ထုတ်ဝေမည်ဟုပြောကာ စာမူခ ငွေ ၃၀ဝိ/ကို တစ်လုံးတည်းပေးသည်။ “မမိုးစွေ” မှာ ကတ္တူနှစ်ထပ်ဖုံး၊ ပန်းချီကြွေရောင်စက္ကူချော၊ စာအုပ်ဆိုက်ကြီးဖြင့် ခမ်းခမ်းနားနား အောင်မြင်စွာ ထွက်လာခဲ့၏။ထိုပထမဆုံး ဝတ္ထုသည်ပင် ရုပ်ရှင်ရိုက်ရသည်။လူကြိုက်များခဲ့သည်။အလံနီကျော်ဝင်းက ချီးကျူးသည့် ဆောင်းပါးတစ်စောင် သွေးသောက်မဂ္ဂဇင်းတွင်ရေးသည်။ “ချစ်ရိပ်သာယာ” ဝတ္ထုလည်း ထုတ်သည်။မော်စီတုန်း၏ “ပဋိပက္ခ” ဘာသာပြန်လည်း ထုတ်ဖြစ်သည်။

မန္တလေးထောင်၌ ကပြခဲ့သော ပြဇာတ်ကို “မေတ္တာရွှေရည်” အဖြစ် ဝတ္ထုရေးသည်၊ စာပေသစ်မဂ္ဂဇင်းတွင် ဂေါ်ကီ၊ ဂိုဂိုးလ်၊ ပွတ်ရှ်ကင် စသော စာရေးဆရာကြီးများအကြောင်းနှင့် ဆောင်းပါးများရေးခဲ့သည်၊ “လူ့ဘောင်” ဝတ္ထုနှင့် “သွေးနှင့်မြေဆီ” ဝတ္ထု ထပ်မံထုတ်သည်၊ တစတစဖြင့် တိုးချဲ့လုပ်ကိုင်လာနိုင်လေသည်။နိုင်ငံရေးသည်ကား ယုံကြည်ချက်ဖြင့် ငယ်ချစ်ဘဝမှာပင်ရှိနေသေး၏၊ပစ်ပယ်သည် မဟုတ်ပေ။

၁၉၅၄ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ထွက်ရှိ၍ ဗိုလ်ချုပ်အကို ဦးအောင်သန်း ထုတ်ဝေသော“တပ်ဦး” ဂျာနယ်တွင် သခင်မြသန်းရေးသော ခေါင်းကြီးမှာ ထိုအချိန်က ယုံကြည်ချက်ကိုတွေ့ရပေမည်။

“ဖောက်ပြန်သော အပြုအမူများကို တိုက်ခိုက်ရန်အတွက် ပြည်သူ့ဘက်မှ တာဝန်ယူတိုက်ခိုက်သွားမည်” တပ်ဦးဂျာနယ်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးတွင် တံခွန်လွှင့်သလို ချီတက်လာခဲ့သည်၊ ဒီမိုကရေစီ တိုက်ပွဲတွင်လည်း လက်နက်သဖွယ်ဖြစ်ခဲ့သည်။

အမှတ်(၁) တွင်စောင်ရေ ၂၀၀၀ သာ ရိုက်ခဲ့သော်လည်း တစ်နှစ်အတွင်း စောင်ရေ ၁၀၀၀၀ ကျော်သွားသည်။အယ်ဒီတာဖြစ်ချင်သူ သခင်မြသန်းကို ဦးအောင်သန်းကလည်း စွက်ဖက်မှုမပြုသဖြင့် အယ်ဒီတာအစစ် ဖြစ်လာလေသည်။ပေါ်လစီဂျာနယ်ဖြစ်၍ ဆောင်းပါးတွေ စုထည့်၍မရ။ပေါ်လစီကိုကြည့်ရသည်သာများ၍ လူမုန်းလည်းများသည်။ထိုစဉ်က စာပေတာဝန်ဖြင့် နိုင်ငံခြားသွားရသောကိစ္စက သွားချင်သူတွေ ရောက်ပြီးသူတွေ အများအပြားရှိနေပြီ။ပဲခူးလောက်ခရီးကို ဖင်နာခေါင်းနာ မကျန်းမာဟု ငြင်းသူက မော်စကိုခရီးတွင် ရှေ့ကရောက်သည်။သခင်လေးမောင်ရရှိသော ဖိတ်စာဖြင့် နှစ်ယောက်အတူ ကိုယ့်စားရိတ်နှင့်ကိုယ်သာ နယူးဒေလီ သွားခဲ့ရသည်။

ဆိုဗီယက်သံရုံး ပြန်ကြားရေးတာဝန်ခံက ရုရှားရောက်ဖူးသလား မေးသည်။ “သံမဏိသူရဲကောင်း” ကို ဘာသာပြန်သူ၊ ရုရှားနှင့် စာပေရော နိုင်ငံရေးပါ နီးကပ်သူက မရောက်ဖူးဟုပြောတော့ အံ့သြနေသည်။

တစ်ဖန် “ဟီရိုရှီးမားနေ့” ဂျပန်ခရီးကို သွားရန် ရည်ရွယ်သော်လည်း ဖဆပလ ကျော်ငြိမ်းက သခင်မြသန်းဆိုလျှင် ခွင့်မပေးနိုင်ဟု သခင်လေးမောင်ကို ပြောလိုက်သည်။

သို့သော် မြန်မာပြည် အပြင်ဘက် တစ်ကျွန်းတစ်မြေသို့ကား ရောက်ခဲ့ပါသည်။နိုင်ငံရေးပုဒ်မဖြင့် တစ်ကျွန်းကျခဲ့ခြင်း ဖြစ်ပါလေသည်။

(ဆက်၍ဖော်ပြပါမည်။)

လင်းထင်