【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများ (အပိုင်း-၄)

【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများ (အပိုင်း-၄)

ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများအကြောင်း အပိုင်းဆက်အနေနဲ့ ဖော်ပြလာခဲ့တာအခုဆိုရင် (အပိုင်း-၄) အထိ ရောက်ရှိလာပါပြီ။

အခုအပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်နေရာတွေနဲ့အတူ သမိုင်းကြောင်းနဲ့ သဘာဝရှုခင်းတွေပေါများတဲ့ အန်းဟွေးပြည်နယ် (Anhui Province) ကနေ စတင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

          အန်းဟွေးပြည်နယ် (Anhui Province)

ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ တည်ရှိတဲ့ အန်းဟွေးပြည်နယ်ဟာ ၎င်းရဲ့မြို့နှစ်မြို့ဖြစ်တဲ့ Anqing နဲ့ Huizhou တို့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

အန်းဟွေးပြည်နယ် (Anhui Province) ဟာ တရုတ်နိုင်ငံရဲ့ (၉) ခုမြောက် လူဦးရေအများဆုံး ပြည်နယ်လည်းဖြစ်ပြီး တရုတ်နိုင်ငံ သမိုင်း၊ ယဉ်ကျေးမှုနဲ့ပတ်သက်လို့ အန်းဟွေးပြည်နယ်ရဲ့ မြို့တစ်ဖြစ်တဲ့ Huizhou မြို့ဟာဆိုရင် အတိတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍတွေရှိခဲ့တာကြောင့် ခရီးသွားစိတ်ဝင်စားမှုခံရတဲ့ ဒေသဖြစ်ပါတယ်။

လက်ရှိမှာတော့ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းတွေနဲ့ သတ္တုလုပ်ငန်းတွေလို တိုးတက်မှုတွေကြောင့် ဖွံ့ဖြိုးနေတဲ့ အန်းဟွေးဟာ နွေဦးနဲ့ ဆောင်းဦးရာသီမှာဆိုရင် မရေမတွက်နိုင်တဲ့ ခရီးသွားတွေကို အထူးဆွဲဆောင်ထားနိုင်တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်လို့နေပါတယ်။ဒါကြောင့် အန်းဟွေးရဲ့ ထင်ရှားတဲ့ ခရီးသွားနေရာတွေကိုဆိုရရင် တရုတ်နိုင်ငံမှာ အလှဆုံးတောင်လို့ဆိုကြတဲ့ ကမ္ဘာကျော် Huangshan (Yellow Mountain) ဟာ အံ့ဖွယ်ရှုခင်းအလှတွေနဲ့ နာမည်ကြီးတဲ့နေရာဖြစ်ပါတယ်။အဲဒီတောင်ကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာအဖြစ် သတ်မှတ်ထားပြီး တောင်တက်ခြင်းအတွေ့အကြုံနဲ့အတူ သဘာဝအပန်းဖြေခရီးအတွက် တရုတ်နိုင်ငံမှာ လာရောက်လည်ပတ်သူအများဆုံး နေရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

ဆက်လက်ပြီး Yellow Mountain တောင်ရဲ့ အနောက်ဘက်ခြမ်းမှာဆိုရင်လည်း လှပတဲ့ ရှုမျှော်ခင်း တောင်ထိပ်များစွာနဲ့ ဝန်းရံထားတဲ့ (West Sea Grand Canyon)၊ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်ပြီး Song မင်းဆက်ခေတ် (အေဒီ ၉၆၀ - ၁၂၇၉) က ဗိသုကာလက်ရာတွေကို တွေ့နိုင်မယ့် Hongcun ရှေးဟောင်းရွာ ၊ ဒါ့အ ပြင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် နောက်ထပ်နေရာတစ်ခုဖြစ်တဲ့ Xidi ရှေးဟောင်းရွာ၊ ခမ်းနားထည်ဝါလှတဲ့ Ming မင်းဆက်ခေတ် (အေဒီ ၁၃၆၈ -၁၆၄၄) နဲ့ Qing မင်းဆက်ခေတ် (အေဒီ ၁၆၄၄ - ၁၉၉၁) တို့က ဗိသုကာလက်ရာတွေရှိနေတဲ့ Huizhou ရှေးဟောင်းမြို့ ယဉ်ကျေးမှုပြတိုက် စတဲ့ နေရာတွေအပြင် ခရီးသွားလေ့လာစရာတွေ အများအပြားရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

          ကျန်းရှီးပြည်နယ် (Jiangxi Province)

ကျန်းရှီးပြည်နယ်ကတော့ တရုတ်နိုင်ငံ အရှေ့ဘက်မှာရှိတဲ့ ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုဖြစ်ပါတယ်။လက်ရှိမှာ အီလက်ထရောနစ်လုပ်ငန်းတွေအပါအဝင် စက်မှုလုပ်ငန်းတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကျန်းရှီးဟာ တစ်ချိန်တည်းမှာပဲ “တရုတ်တော်လှန်ရေး၏ ပုခက်” ၊ “တာအိုဘာသာ၏ မွေးရပ်မြေ” ၊ “တရုတ်ကြွေ ထည်မြို့တော်” စတဲ့ နာမည်တွေနဲ့လည်း သိရှိနေကြပါတယ်။

အတိတ်က ရှေးမင်းဆက်တွေရဲ့ ဖြစ်တည်ရှိမှု၊ သမိုင်းနောက်ခံတွေနဲ့အတူ ရှုခင်းအလှအပတွေကြောင့် ကျန်းရှီးပြည်နယ်ဟာလည်း ခရီးသွားစိတ်ဝင်စားမှု ခံရပါတယ်။

ပြည်နယ်ရဲ့ ထင်ရှားတဲ့ ခရီးသွားနေရာတွေကို ဖော်ပြရရင်တော့ လူစန်းတောင်(Lushan)၊ စန်းချင်းတောင် (Sanqing)၊ လုံဟူတောင် (Longhu)၊ ဝူယီတောင် (Wuyi) (ယန်စန်းကောင်တီ (Yanshan) နယ်နိမိတ်အတွင်း ကျရောက်တည်ရှိနေသောအပိုင်း)၊ ကွေးဖုန်း (Guifeng) အထင်ကရ ရှုမျှော်ခင်းနေရာ စတဲ့ ကမ္ဘာ့ အမွေအနှစ် နေရာတွေအပြင် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ကျင်တယ်ကျန့် (Jingdezhen) ကြွေထည်မြို့တော်တို့ဟာ ခရီးသွားတွေ စိတ်ဝင်စားကြတဲ့ နေရာတွေဖြစ်ပါတယ်။

ဒါ့အပြင် အတိတ်က ကျန်းရှီးတော်လှန်ရေး စတင်ခဲ့ရာ ကျင်ကန်းတောင်တန်းဒေသ (Jinggang)၊ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရေချိုကန်ဖြစ်တဲ့ ဖော်ယန်ကန်(Poyang)နဲ့ “အလှပဆုံး ကျေးလက်တောရွာ” ဆိုတဲ့ နာမည်ဂုဏ်ပုဒ်ရှိတဲ့ ဝူယွမ်ရွာ(Wuyuan) တို့လို နေရာတွေလည်းရှိနေပါတယ်။ဆက်လက်ပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ထိန်ဝမ်မင်း (Tengwang) နန်းမြင့်မျှော်စင်၊ ပြည်နယ်တောင်ပိုင်းမှာ ဆိုရင်တော့ ဟတ်ကာလူမျိုးတို့ရဲ့ ရိုးရာအဝိုင်းသဏ္ဌာန် ပတ်ပတ်လည် ဝိုင်းဖွဲ့တည်ဆောက်ထားတဲ့ အိမ်အ‌ဆောက်အဦတွေ စတဲ့ မတူကွဲပြားဆန်းပြား ဆွဲဆောင်မှုနေရာတွေရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

          ရှီးဇန့်(တိဗက်)ဒေသ (Tibet)

တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက တစ်ခုဖြစ်ပြီး ဒေသရဲ့ မြို့တော်ကတော့ လာဆာ (Lhasa) မြို့ ဖြစ်ပါတယ်။ ရှီးဇန့်ဒေသဟာ ခရီးသွားတွေကြားမှာ အေးချမ်းစိတ်ငြိမ်ရာ ဒေသတစ်ခုအဖြစ် နာမည်ကြီးပြီး အထူးသဖြင့် ဗုဒ္ဓဘာသာဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိပါတယ်။ တစ်ချိန်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲရာနေရာဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခေတ်သစ်ရှီးဇန့်ဒေသဟာ လမ်းပန်းဆက် သွယ်ရေး လျှပ်စစ်ဓာတ်အားပေးရုံနဲ့ လေယာဉ်ကွင်းတွေစတဲ့ အခြေခံအဆောက်အ ဦတွေ တိုးတက်ဖွံ့ဖြိုးလာပြီး ခရီးသွားလုပ်ငန်း ပိုမိုကျယ်ပြန့်လာနေတဲ့ ဒေသဖြစ်ပါတယ်။

ဒေသရဲ့ စိတ်ဝင်စားဖွယ်ရာတွေကိုဖေါ်ပြရရင်တော့ ဟိမဝန္တာတောင်ကြား ပင်လယ်ပြင်အထက် ပေ ၁၁၈၃၁ မှာ တည်ရှိနေပြီး တောင်တွေဝန်းရံနေတဲ့ မြို့တော် လာဆာဟာ နာမည်ကြီးပါတယ်။ အထူးသဖြင့် နွေရာသီမှာဆိုရင် လာဆာမြို့ဟာ ခရီးသွားတွေနဲ့စည်ကားပါတယ်။ ဒီနေရာမှာ ဂုဏ်သတင်း မွှေးပျံ့တဲ့ ပိုတာလာနန်းတော်လည်းရှိပါတယ်။ ပိုတာလာနန်းတော်ကို ကမ္ဘာ့အမြင့်ဆုံးနေရာလို့ သတ်မှတ်ထားကြပြီး ရှေးဟောင်းအထွဋ်အမြတ်ထားရာ နန်းတော်တစ်ခုလည်း ဖြစ်လို့နေပါတယ်။ ရှီးဇန့်သမိုင်းနဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် ရှီးဇန့်ကို လာရောက်သူတွေဟာ ပိုတာလာနန်းတော်ကို မဖြစ်မနေ သွားရောက်လည်ပတ်ကြပါတယ်။

ဒါ့အပြင် အခြားစိတ်ဝင်စားစရာတွေရှိနေပြီး ဒီအထဲ နှစ်ပေါင်း ၁၃၀၀ ကျော် သက်တမ်းရှိ ယူနက် စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဂျော့ဟန်းဘုရားကျောင်း အပါအဝင် ဘာသာရေးဆိုင်ရာ နေရာတွေ ၊ Nagchu မြင်းပြိုင်ပွဲတော် ၊ (Jokhang) ဘုရားကျောင်း၊ ဒလိုင်းလားမားရဲ့ နန်းတော် (Norbulinka) ၊ ဧဝရတ်တောင် ၊ (Yamdrok Tso) ရေကန်၊ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဆားငန်ရေကန် ဖြစ်တဲ့ (Namtso) ရေကန်၊ (Kailash) တောင်နဲ့ (Manasarova) ရေကန် ၊ပန်ဒူအို (Pangduo) ရေအားလျှပ်စစ်စက်ရုံ၊ ရိတင်း (Reting) ဘုန်းတော်ကြီးကျောင်း ၊ နာဂန်လာ (Nagenla) တောင် ကြားတို့အပြင် ရောင်စုံဘာသာရေး ရှီးဇန့်ပွဲတော်တွေကလည်း ရှီးဇန့်ဒေသရဲ့ ထင်ရှားတဲ့ စိတ် ဝင်စားဖွယ်နေရာတွေ ဖြစ်ပါတော့တယ်။

ဖော်ပြပေးခဲ့တာကတော့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများအကြောင်း (အပိုင်း - ၄) ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

လာမယ့်အပိုင်းမှာလည်း ဆက်လက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးတွေအကြောင်း ဖော်ပြပေးဖို့ရှိနေတယ်ဆိုတာ အသိပေးရင်း အခုအပိုင်းကိုတော့ ဒီမှာပဲရပ်နားလိုက်ပါရစေ ...။

မိုးသား